ရခိုင်အရေးအပါအဝင် မြန်မာနိုင်ငံ စိန်ခေါ်မှုများအရေး အမေရိကန်သံအမတ်ကြီး ဆွေးနွေး

ရခိုင်အရေးအပါအဝင် မြန်မာနိုင်ငံ စိန်ခေါ်မှုများအရေး အမေရိကန်သံအမတ်ကြီး ဆွေးနွေး

မြန်မာနိုင်ငံအတွင်းက ဖွံ့ဖြိုးဖြစ်တည်မှုတွေအပေါ် ၀ါရှင်တန်ရဲ့ အမြင်သဘောထားကို မေးမြန်းထားတဲ့ အထူး အင်တာဗျူးတစ်ရပ် မဇ္ဈိမ အယ်ဒီတာချုပ် ဦးစိုးမြင့်က အမေရိကန်သံအမတ်ကြီး Scot Marciel နဲ့ တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

ကျွန်တော်တို့ဟာ ၂၀၁၇ က နှစ်ကုန်တော့မှာဖြစ်ပြီး ၂၀၁၈ ကို မျှော်ကြည့်နေရပါပြီ။ အလွန်စိန်ခေါ်မှု ရှိနေတဲ့ အကျပ်အတည်းပြဿနာဖြစ်တဲ့ ရခိုင်အရေးကနေ စရအောင်။ ဒီအကျပ်အတည်း ပြဿနာဟာ အတော်လေး ထိခိုက်နေပါတယ်။ ဒီရခိုင်အရေးအပေါ် ၀ါရှင်တန်ရဲ့ အမြင်က ဘယ်လိုရှိပါသလဲ။

ကျွန်တော်တို့က မြန်မာနိုင်ငံကို အောင်မြင်စေချင်တာ ခင်ဗျား အသိပါ။ ဒါကြောင့် အကြောင်းချင်းရာ အားလုံးကို ကျွန်တော်တို့ ထောက်ဆထားတယ်။ ဘာကို ဆိုလိုတာလဲဆိုတော့ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးကြွယ်ဝမှုတွေအတွက် အနစ်နာခံ ခက်ခဲစွာ ရုန်းကန်နေရသူတွေဘက်မှာ ကျွန်တော်တို့ ရှိထားတယ် ဆိုတာပဲ။ ပြီးခဲ့တဲ့ နှစ်တွေမှာ ရှေ့တက်လှမ်းတွေ ဖော်ဆောင်နိုင်တဲ့ ဒီနိုင်ငံအတွက် ကျွန်တော်တို့ နှစ်ထောင်းအားရ ဖြစ်ပါတယ်။ ရခိုင်ပြဿနာဟာ ကြီးမားတဲ့ စိန်ခေါ်မှုပါ။ နိုင်ငံတကာက အာရုံစိုက် တာကြောင့်အပြင် မြန်မာအတွက် တကယ်ကြံုတွေ့ဖြေရှင်းနေရတဲ့ ခက်ခဲလွန်း ရှုပ်ထွေးလွန်းတဲ့ ပြဿနာလို့ ကျွန်တော်တို့ ကောက်ချက်ချထားပါတယ်။

ရေရှည်အမြစ်တွယ်နေတဲ့ ပြဿာနာတွေကို ဖြေရှင်းနိုင်ရေးအတွက် အစိုးရက ကိုဖီအာနန်ဦးဆောင်တဲ့ အကြံပေးကော်မရှင်ကို ဖွဲ့ခဲ့တာ ကျွန်တော်တို့ သိမြင်ပြီးဖြစ်တယ်။ ARSA အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ စတင်တိုက်ခိုက်တယ်။ နောက်တော့ သြဂုတ် ၂၅ ရက်မှာ ထပ်မံတိုက်ခိုက်မှုတွေ ကျူးလွန်လာတယ်။ ဒါကို ကျွန်တော်တို့ ရှုတ်ချတယ်။ ဆက်ပြီး ရှုတ်ချလျက် ရှိနေတယ်။ ဒီတိုက်ခိုက်မှုကနေစတဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေဟာ အလွန်ဆိုးရွား ကြောက်မက်ဖွယ်ကောင်းတယ်။

ဒါပေမယ့် ကျွန်တော်တို့ဟာ လုံခြံုရေးတပ်ဖွဲ့တွေရဲ့ တုံ့ပြန်မှုကိုလည်း မြင်တွေ့ရတယ်။ လုံခြံုရေး ခြိမ်းခြောက်လာပြီဆို တပ်ဖွဲ့ဝင်တွေအနေနဲ့ သင့်တော်တဲ့ တုံ့ပြန်မှုတွေ ဆင်နွှဲရမယ့် အခွင့်အရေးရှိတယ်။ ဒါပေမယ့် လွန်ကျူးအင်အားနဲ့ တုံ့ပြန်တာ ကျွန်တော်တို့ သိရတယ်။ လူ့အခွင့်အရေး ကြီးစွာချိုးဖောက်မှုတွေ မြင်တွေ့ရတာကြောင့် နိုင်ငံခြားရေးဝန်ကြီး ရက်ဇ်တေလာဆန်ဟာ လူမျိုးစုရှင်းလင်းရေးအဖြစ် ပိုင်းဖြတ်ထားခဲ့ပါတယ်။ ဒါကိုတော့ ဘယ်သူမှ ကြားချင်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော်တို့ နားလည်း လည်ပါတယ်။ ဒါပေမယ့် မိတ်ဖက်အဖြစ် ကျွန်တော်တို့ အမှန်စိတ်ထားရှိတာဟာ မြန်မာကို အောင်မြင်စေချင်တယ်။ သဘောရိုးနဲ့ကို ဖြစ်စေချင်တာပါ။ ကျွန်တော်တို့ သမိုင်းမှာလည်း ရင်ဆိုင်ကြံုတွေ့ခဲ့ရတဲ့ အခက်အခဲကာလတွေ ရှိခဲ့တာပဲ။ ဒါပေမယ့် ဒါကို ရင်ဆိုင်ဖြေရှင်းရေးဟာ အရေးကြီးတယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။ ကြံုနေရတဲ့ ပြဿနာကို ကိုင်တွယ်သွားရမယ်။ တိကျလွတ်လပ်စွာ စုံစမ်းစစ်ဆေးရမယ်။ တာဝန်ယူနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ မျှော်လင့်ထားတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီကို ရှေ့တိုးတည်ဆောက်သွားမယ်လို့ပါ။ ဒီအတွက် ကျွန်တော်တို့ဟာ အခက်အခဲကြားက မြန်မာနိုင်ငံကို ကောင်းမွန်တဲ့ မိတ်ဖက်အဖြစ် ကူညီသွားဖို့ မျှော်လင့်ချက်ထားတယ်။

မြန်မာတာဝန်ရှိသူတွေဘက်က သတင်းစကားပါးထားတာ ကျွန်တော်သိထားပါတယ်။ စစ်တပ်ပဲဖြစ်ဖြစ် အစိုးရကပဲဖြစ်ဖြစ် လူအခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့ရင် သက်သေအထောက်အထားတွေ ပေးပို့ပေးဖို့ ဆိုတာပါ။ မြန်မာဘက်က ဒီလိုမျိုး သတင်းပါး တောင်းဆိုတဲ့ အပေါ် ဘယ်လိုထင်သလဲ။

ကျွန်တော်တို့ ဒါကို ကြားပါတယ်။ သက်သေ အထောက်အထားတွေလည်း အများကြီး ရှိပါတယ်။ Amnesty International, Humans Rights Watch, Medicens Sans Frontiere တို့ဆီက တိကျတဲ့ သက်သေတွေ ကျွန်တော်တို့ စုထားတယ်။ ဒီအပေါ်မှာလည်း ကျယ်ကျယ်ပြန့်ပြန့် သုတေသနတွေ လုပ်ထားပြီးပြီ။ ကျွန်တော်တို့ တွေ့ရှိချက်တွေကို အစိုးရထံ ပို့မှာပါ။ ကျွန်တော် အာမခံပါတယ်။ ဒါကို ပွင့်လင်းမြင်သာစွာ ဒီအစိုးရဘက်က ကြိုဆိုဖို့လည်း ကျွန်တော်တို့ တိုက်တွန်းပါတယ်။ ဒါမေယ့် အခြားထောက်ပြစရာက ရခိုင်က မြန်မာမြေပေါ်မှာ ဖြစ်ပွားတယ်လို့ ပေါ်ပေါက်တဲ့ စွပ်စွဲချက်တွေပါ။ ဂျနယ်လစ်တွေနဲ့ စုံစမ်းစစ်ဆေးရေးတွေ ၀င်ခွင့်မရပါဘူး။ ဒါကြောင့် သက်သေ အထောက်အထားတွေ ရဖို့ရာမှာ သူတို့ကို ၀င်ခွင့်ပေးရမှာဖြစ်ပါတယ်။ ပြောရရင် ကျွန်တော်တို့ကို သက်သေအထောက်အထား ပေးပါ။ ဒါပေမယ့် ကျွန်တော်တို့က ခင်ဗျားတို့ကို ၀င်ခွင့်တော့ မပေးဘူးဆိုသလို ဖြစ်နေတယ်လို့ ပွင့်ပွင့်လင်းလင်း ပြောပါမယ်။ ကျွန်တော်အမြင်တော့ သက်သေ အထောက်အထားတွေ လိုချင်ရင်ဖြင့် မြန်မာပြည်သူတွေရော နိုင်ငံတကာအသိုင်းအဝန်းကပါ ရှင်းရှင်းလင်းလင်းဖြစ်စေဖို့ ယုံကြည်စိတ်ချရတဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုကို ခွင့်ပြုရမှာ ဖြစ်တယ်။ ဂျာနယ်လစ်တွေကို ၀င်ခွင့်ပေးပြီး မေးမြန်းစေလို့ အချက်အလက် ယူခွင့်ပေးရမှာ ဖြစ်တယ်။ လူတိုင်း အချက်အလက်မှန်တွေ လိုချင်တယ် ကျွန်တော် မြင်တယ်။ ဒါပေမယ့် ခွင့်မပြုပေးထားတာက ကြီးမားတဲ့ အတားအဆီးဖြစ်တယ်။

ရခိုင်အရေးဟာ အစိုးရကို အလွန်ခက်ခဲတဲ့ အခြေအနေဆီ တွန်းပို့တယ်လို့ ကျွန်တော် မြင်ပါတယ်။ မေးချင်တာက အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ဖို့ လုပ်လာတယ်။ ဒါဟာ ပြဿနာ၊ အခြေအနေအတွက် သင့်တော်တဲ့ တုံ့ပြန်မှုလား။

အကျပ်အတည်းပြဿနာကို တုံ့ပြန်ရာမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိဖို့ လိုအပ်တယ်လို့ ကျွန်တော် ထင်တယ်။ နိုင်ငံတကာ အသိုင်းအဝန်း မျက်နှာသာမကပဲ မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင် ဒီမိုကရေစီ ကျန်းမာရေး အတွက်လည်းဖြစ်တယ်။ ယုံကြည်ရတဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုနဲ့ စုံစမ်းစစ်ဆေးမှုအပေါ် အခြေခံတဲ့ တာဝန်ယူမှုဟာ အရေးကြီးလွန်းပါတယ်လို့ ကျွန်တော် မြင်တယ်။ ဒီလိုပဲ ဘာတွေဖြစ်နေတယ်၊ ဘယ်လိုကောင်းအောင် လုပ်ဆောင်ရမယ်ဆိုတဲ့ မြန်မာပြည်သူတွေကြား ရိုးသားပွင့်လင်းတဲ့ ဆွေးနွေးမှု ရှိဖို့လည်း လိုတယ်။ ဒါဟာ အလွန်အရေးကြီးတယ်လို့ မြင်တယ်။

အမေရိကန်ရဲ့ အခန်းကဏ္ဍရယ်၊ ဒဏ်ခတ်ပိတ်ဆို့မှုအပိုင်းရယ်နဲ့ ပတ်သက်ရင် ဒီနိုင်ငံကို နိုင်ငံခြားရေး ၀န်ကြီး တေလာဆန် ရောက်လာတုန်းက တာဝန်ယူမှု အရေးကြီးကြောင်းနဲ့ ရက်စက်တဲ့ လုပ်ရပ်တွေမှာ တိုက်ရိုက်ပါ၀င်ခဲ့တယ်လို့့ ယုံကြည်ရသူတွေကို ဒဏ်ခတ်ပိတ်ဆို့ဖို့ ဖြစ်လာနိုင်တယ်ဆိုပြီး အလေးထား ပြောခဲ့တယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တိုက််ရိုက်ပါ၀င်တယ် ယုံကြည်ရသူတွေကို  ဦးတည်သီးခြား ဆန်ရှင်ချဖို့ ကျွန်တော်တို့ လုပ်ဆောင်နေတာတွေ ရှိတယ်။ အရင်တုန်းက မြန်မာနိုင််ငံအပေါ် ချမှတ်ခဲ့တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လည်ကျင့်သုံးဖို့ ကျွန်တော်တို့ ပြောနေတာ မဟုတ်ဘူး။ ကျူးလွန်သူတွေကိုပဲ ဦးတည်ဒဏ်ခတ်တာမျိုးပါ။

ရွေ့ပြောင်း ထွက်ခွာသွားသူတွေကို ပြန်လက်ခံရေးမှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာဟာ အပြန်အလှန် သဘောတူညီမှုနဲ့ လုပ်ဆောင်နေပါတယ်။ ဒီလုပ်ငန်းစဉ်ပေါ်မှာရော ပွင့်လင်းမြင်သာမှု ရှိလား၊ နိုင်ငံတကာ အသိုက်အဝန်းက ကျေနပ်မှုရော ရှိမလားဆိုတာ ဘယ်လို မြင်ထားလဲ။

မေးခွန်းကောင်းပါပဲ။ ကျွန်တော်တို့ဘက်က သေချာတာက နေရပ်ပြန်သူတွေကို ဒီအစိုးရက ပြန်လည် လက်ခံမယ်ဆိုတာကို ကြိုဆိုမှာပါ။ ဒါဟာ အပြုသဘောခြေလှမ်းပဲလို့ ကျွန်တော်တို့ ထင်ပါတယ်။ ထပ်ပြီးတော့ သူတို့တွေ ပြန်လာချင်အောင် ပတ်ဝန်းကျင်မျိုး ဖန်တီးပေးဖို့ လိုပါမယ်။ ဘာလဲဆိုတော့ ပြန်လာသူတွေလည်း လုံခြံုမှုရှိတယ်၊ ရခိုင်မှာရှိတဲ့ အခြားအသိုက်အဝန်းတွေလည်း လုံခြံုမှုရှိတယ်ဆိုတဲ့ ခံစားချက်မျိုး ကျိန်းသေ ဖော်ဆောင်ပေးရမှာပါ။ ဘာကြောင့်လည်းဆိုတော့ အားလုံးဟာ စိုးရိမ်ပူပန်ပြီး မလုံခြံုမှု ခံစားနေရလို့ပဲ ဖြစ်တယ်။ ဒါပေမယ့် ဒီအကျပ်အတည်း ပြဿနာတွင်းမှာ တစ်ချို့ကိုင်တွယ် ရမှာတွေလည်း ရှိထားတယ်။ ခွဲခြားဆက်ဆံတာ ခံရတယ်ဆိုတဲ့ ရေရှည်ပြဿနာပါ။ အစိုးရအနေနဲ့က ပြန်လာသူတွေကို လုံခြံုမှုပေးနိုင်ရမှာဖြစ်ပြီး ရခိုင်က ပတ်ဝန်းကျင် အသိုက်အဝန်းနဲ့ သဟဇာတဖြစ်တဲ့ နေထိုင်မှုမျိုးကို ဖော်ဆောင်ပေးရမယ်။ ခင်ဗျားမေးတဲ့ ပွင့်လင်းမြင်သာမှုအပိုင်းဟာ အရေးကြီးတယ်။ အစိုးရဟာ နိုင်ငံတကာမီဒီယာတွေတင်မက ပြည်တွင်းမီဒီယာတွေကိုပါ သွားရောက်ခွင့်ပြုပြီး ပြန်လာသူတွေအရေးမှာ အနီးကပ်သတင်းရယူခွင့် ပြုသင့်တယ်။ ဒါဆိုရင် ရခိုင်ပြည်သူတွေ၊ အခြားလူနည်းစု တိုင်းရင်းသားတွေအပြင် မွတ်စလင်တွေအတွက်ပါ အကျိုးဖြစ်မယ် ကျွန်တော် ထင်တယ်။

ရခိုင်ပြဿနာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုလုံးမှာ ကြီးမားတဲ့ အရေးကိစ္စဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် သုံးသပ်ပေးပါဦး။

ကျွန်တော်တို့ဟာ ဒီကိစ္စရပ်အပေါ် ထဲထဲဝင်ဝင် အာရုံစိုက်ထားတယ်လို့ ကျွန်တော် တင်ပါတယ်။ မြန်မာနိုင်ငံ အောင်မြင်ဖို့၊ ချမ်းသာဖို့မှာ အောင်မြင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ အသက်တမျှ အရေးကြီးတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကျွန်တော်တို့ သဘောတူထားတာကြောင့် အလွန်ပဲ ထောက်ပံ့ပေးနေတာလည်း ဖြစ်တယ်။ ကျွန်တော်တို့ဟာ ထဲထဲဝင်ဝင် ထောက်ပံ့နေတာ ဖြစ်တယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်က နှေးကွေးနေပါတယ်။ ဒါကို လူတိုင်းလိုလို အလိုမကျတာ အားလုံးအသိလို့ ကျွန်တော် တွေးပါတယ်။ ခက်ခဲရှုပ်ထွေးတာကြောင့် နှေးနေရတာပဲ ကျွန်တော် မြင်တယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မတူညီတဲ့ အုပ်စုတွေ အများကြီး ရှိနေတာ ဖြစ်တယ်။ လွယ်လွယ်နဲ့ လမ်းကြောင်းမတည့်နိုင်ဘူးပေါ့။ ဆွေးနွေးပွဲတွေ ဆက်ရှိသွားဖို့၊ ပန်းတိုင်အရောက် ဆက်လက်ချီတက်ဖို့နဲ့ အတိုက်အခံများအချင်းချင်း နားလည်မှု တည်ဆောက်သွားဖို့က ကျွန်တော်တို့ မျှော်လင့်နေတာတွေပါ။

စိတ်ဆန္ဒက အဓိကပါပဲ။ တိုက်ပွဲတွေ အဆုံးသတ် မြင်တွေ့ရမှာကို ချစ်မြတ်နိုးစိတ် ကျွန်တော်တို့ ရှိရပါမယ်။ ကချင်မှာ အမြောက်တပ်၊ လေကြောင်းပစ်ကူနဲ့ စစ်ပွဲတွေသတင်း ကြားနေရင်တောင် ယုံကြည်မှု မပျက်ပြားရေးက အရေးကြီးပါတယ်။ လုံ့လနှစ်ဆထုတ်ပြီး ပွင့်လင်းတဲ့ ဆွေးနွေးမှုတွေနဲ့ ယုံကြည်မှု တည်ဆောက်ပြီး ရှေ့ကို လှမ်းချီသွားရမှာပါ။

ဆွေးနွေးပွဲတွေမှာ အမေရိကန်က ဘယ်လို ကူညီပေးနိုင်မလဲ။ လက်နက်ကိုင်အုပ်စုတွေ များလွန်း နေကြောင့်ပါ။ လူနည်းစု တိုင်းရင်းသားတွေ၊ တိုင်းရင်းသား လူမျိုးစုတွေနဲ့ အစိုးရဘက်အပြင် အရပ်ဘက်အဖွဲ့တွေ၊ အမျိုးသမီးအုပ်စုတွေလည်း ပါ၀င်တယ်။ ဒီလုပ်ငန်းစဉ်မှာ အမေရိကန်က ဘယ်လို ကူညီပေးနိုင်မလဲ။

ဒါက မေးခွန်းကောင်းပဲ။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကျွန်တော်တို့ အသိအမှတ်ပြုထားပြီး ကြိုးစားပေးနေပါတယ်။ အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်နဲ့ အခြားအုပ်စုတွေပါ ပါ၀င်နေတဲ့ ဒီလုပ်ငန်းစဉ်မှာ ကျွန်တော်တို့ စွက်ဖက်မှာ မဟုတ်ပါ။ ဒါပေမယ့် တတ်နိုင်တာကို ကျွန်တော်တို့ ထောက်ပံ့ပါမယ်။ ထောက်ပံ့သွားရမယ့် နည်းလမ်း နှစ်သွယ်ရှိပါတယ်။ တစ်ခုက မတူညီတဲ့ အုပ်စုတွေကို နားလည်မှု တည်ဆောက်နိုင်အောင်၊ ဆွေးနွေးပွဲတွေ မြင့်တင်နိုင်အောင် ကြိုးစားကူညီပါမယ်။ ဒါဟာ အခြေခံကျတဲ့ သံခင်းတမန်ခင်း အကူအညီပါ။

ဖယ်ဒရယ်ဝါဒအကြောင်းလည်း ပြည်သူတွေ နားလည်အောင် ကူညီဖို့ ကြိုးစားနေပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ရှေ့တိုးနေစဉ်မှာ အကျပ်အတည်းတွေရှိတာမှာ ကျွန်တော်တို့ဘက်က အားဖြည့် ပေးသွားပါမယ်။ ဥပမာအနေနဲ့ ဖယ်ဒရယ်ကို သိနားလည်အောင် စစ်တပ်၊ တိုင်းရင်းသားအုပ်စု၊ အရပ်ဘက် အဖွဲ့အစည်းတွေကို အမေရိကန်ကို ဖိတ်ခေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်ကလည်း နေပြည်တော်မှာ ဖယ်ဒရယ်အရေး ကျွန်တော်တို့ ပြောဆိုခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ နိုင်တဲ့ဘက်ကနေ ပါ၀င်အားဖြည့် ပေးနေတယ်လို့ ထင်မြင်ယူဆပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကူညီပေးတဲ့ အခန်းကဏ္ဍကနေ ကျွန်တော်တို့ ရပ်တည်နေပါတယ်။

မြန်မာနိုင်ငံရဲ့ မီဒီယာ လွတ်လပ်ခွင့်နဲ့ ဖွံ့ဖြိုးမှုတို့အကြောင်း ကျွန်တော် ဆွေးနွေးလိုပါတယ်။ ဒီမိုကရေစီ ဖြစ်စဉ်အတွက် အလွန်အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။ မကြာသေးခင်က ရိုက်တာ သတင်းထောက်နှစ်ဦးကို ဖမ်းဆီးခဲ့ချိန်မှာ သံအမတ်ကြီးတို့ သံရုံးက ချက်ချင်းဆိုသလို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်။ ခု ဒီကိစ္စရပ်အပေါ် အမြင်သဘောထားကို သိချင်ပါတယ်။

ဒီအရေးမှာလည်း ကျွန်တော်တို့ဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီ အောင်မြင်တဲ့ နိုင်ငံအဖြစ် လိုလားတဲ့ မိတ်ဆွေအဖြစ်နဲ့ အားကောင်းပြီး လွတ်လပ်တဲ့ မီဒီယာ ရှိစေချင်ပါတယ်။ ဘယ်လိုဒီမိုကရေစီ မျိုးမှာမဆို ဒါဟာ အခြေခံအဆင့်မှာ ရှိတာပါ။ ရိုက်တာ သတင်းထောက်တွေ ကိစ္စရပ်မှာ သူတို့ဟာ သူတို့အလုပ်ကို သူတို့ လုပ်ကြတာပါ။ မြန်မာပြည်သူလူထုထံ သတင်းတင်ပြဖို့ သတင်းလိုက်တာပဲ ဖြစ်တယ်။ ဒီအတွက် ဖမ်းဆီးခံရတာလေ။ တကယ့် ပြဿနာပါပဲ။ ကျွန်တော်တို့အတွက်သာ မဟုတ်ဘူး မီဒီယာအတွက်ပါ ကျွန်တော်တို့က ခုလို ပြန်လွှတ်ဖို့ မြန်မြန်ဆန်ဆန် ထုတ်ပြန်လိုက်တာ ဖြစ်တယ်။ ကျွန်တော်တို့ နားလည်းတာ မီဒီယာဟာ မီဒီယာအလုပ်လုပ်တယ်။ သတင်းတွေ လိုက်တယ်။ ပြန်လည်တင်ပြတယ်။ ဒါဟာ ပြည်သူ့အကျိုးပြုဖို့အတွက်ပါပဲ။

ဒါကြောင့် သူတို့ ဖမ်းဆီးခံရတာ တကယ်ပဲ ပြဿနာအဖြစ် ကျွန်တော်တို့ ရှုမြင်တယ်။ ဒါကြောင့် ပြန်လွှတ်ဖို့ တိုက်တွန်းတယ်။ ပထမအနေနဲ့ သူတို့ကို ဘယ်သူမှ တွေ့ခွင့်မရသေးဘူး။ တကယ့်ပြဿနာပါ။ ဖမ်းခံထားရတာ တစ်ပတ်ကျော်ပြီ။ သူတို့ ဘယ်မှာလဲ မသိရ။ အဆင်ပြေရဲ့လားလည်း မသိ။ ကျွန်တော်တို့ ဘာမှ မသိရဘူး။ ပထမအနေနဲ့ သူတို့ကို ရှေ့နေ၊ မိသားစုတွေနဲ့ တွေ့ခွင့်ပေးစေချင်တယ်။ ကျန်းမာရေး ကောင်းတယ်ဆိုတာ ကျိန်းသေသိဖို့လိုတယ်။ ဒုတိယကတော့ ပိုအရေးကြီးတယ် ကျွန်တော်ထင်တယ်။ ဒါကတော့ သူတို့ကို ပြန်လွှတ်ပေးဖို့ပါ။ ဒါဟာ အမေရိကန်အတွက် လိုအင်မှ မဟုတ်တာ။ မြန်မာဒီမိုကရေစီ ကျန်းမာရေးအတွက် အရေးကြီးလို့ပါပဲ။

သူတို့ကို အစိုးရ လျှို့ဝှက်ချက်များဥပဒေနဲ့ စစ်နေတာဖြစ်ပါတယ်။ ဒါဟာ ထောင်ဒဏ် ၁၄ နှစ်အထက် ချနိုင်တယ်။ ဒီထုတ်ပြန်ချက်အပြင် အမေရိကန်ရဲ့ ရပ်တည်ချက်ပေါ့။ သူတို့ကို ချက်ချင်းပြန်လွှတ်ရေးမှာ မြန်မာအစိုးရအပေါ် အမေရိကန်အစိုးရ ဘယ်လို တောင်းဆိုလုပ်ဆောင်မလဲဆိုတာ သိချင်ပါတယ်။

မြန်မာအာဏာပိုင်တွေနဲ့ ဆက်ပြီး ပြောဆိုဆွေးနွေး သွားရမှာပေါ့။ ပြန်လွှတ်ဖို့ တောင်းဆိုသွားမယ်။ ဒီကိစ္စမှာ မြန်မာနိုင်ငံဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ရမယ်ဆိုတာ ကျွန်တော် ပြောဖူးပါတယ်။ ဒါပေမယ့် ခေတ်သစ် ဒီမိုကရေစီကျင့်စဉ်နဲ့ မလျော်ညီတဲ့ ကိုလိုနီခေတ်ကလို ဖမ်းဆီးမှုမျိုးဖြစ်နေတယ်လို့ ကျွန်တော်တို့ ထောက်ပြပါမယ်။ ထပ်ပြောရရင် ဒီမိုကရေစီ အောင်မြင်ဖို့မှာ ဂျာနယ်လစ်တွေဟာ သူတို့အလုပ်ကို ကောင်းစွာ လုပ်နိုင်ရမှာဖြစ်တယ်။ ဒီနိုင်ငံက ခေါင်းဆောင်ပိုင်းဟာ ဒီမိုကရေစီ အောင်မြင်ချင်တယ်ဆိုတာ ကျွန်တော် သံသယ မရှိဘူး။ ဒီအတွက်လည်း စိတ်ရောကိုယ်ရော စိုက်ထုတ်နေတယ်ဆိုတာ ကျွန်တော် သိတယ်။ ဒါကြောင့် ကျွန်တော် မျှော်လင့်ပါတယ်။ ဒီသတင်းထောက်နှစ်ဦး လွတ်မြောက်ရေးကို အာမခံလာလိမ့်မယ်လို့ပါ။ ဒါဟာ မြန်မာပြည်သူတွေအတွက် ဆုံးဖြတ်ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် လွှတ်တော်အနေနဲ့ ဒီမိုကရေစီနဲ့ ပိုသင့်တော်တဲ့ ဥပဒေအချို့ကို ပြဌာန်းလာမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။

ခု သတင်းထောက်နှစ်ဦး မကြာသေးခင်က အဖမ်းခံရတာ အပါအဝင် မြန်မာနိုင်ငံရဲ့ မီဒီယာ လွတ်လပ်ခွင့်ဟာ လက်ရှိ ခြိမ်းခြောက်မှုအောက် ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီမိုကရေစီဖြစ်စဉ်မှာ မီဒီယာ လွတ်လပ်ခွင့်က မရှိမဖြစ်လို့ ကျွန်တော်တို့ ယူဆတယ်။ အဲဒီ နှစ်နှစ်၊ သုံးနှစ်အတွင်းမှာ ဖြစ်ပွားနေဆဲဖြစ်တဲ့ ခြိမ်းခြောက်မှုတွေကို မြန်မာနိုင်ငံက ဘယ်လို တုံ့ပြန်သင့်သလဲ။ အဓိက ပုဒ်မ ၆၆ (ဃ) လို  အသရေဖျက်မှုနဲ့ ဆက်စပ်တဲ့ ဆက်သွယ်ရေး ဥပဒေမျိုးပေါ့။ ဒီမိုကရေစီ လူ့အဖွဲ့အစည်းကို အသွင်ပြောင်းနေတဲ့ မြန်မာနိုင်ငံ အနေနဲ့က ဒါကို ဘယ်လိုတုံ့ပြန်သွားသင့်သလဲ။

မေးခွန်းကောင်းပါပဲ။ နိုင်ငံခြားသား တစ်ယောက်အနေနဲ့ကတော့ ကျွန်တော် မျှော်လင့်ထားတာတွေ နောက်တစ်ကြိမ် ထပ်ဖြစ်လာမယ်လို့ပဲ ပြောနိုင်ပါတယ်။ ဒါက မြန်မာပြည်သူတွေအပေါ် မူတည်ပါတယ်။ ဒါပေမယ့်လည်း ခုချိန်မှာ ပြည်သူတွေအတွက် သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို ငြိမ်းချမ်းပြီး ဒီမိုကရေစီ ကျတဲ့ နည်းလမ်းတစ်ခုကနေတဆင့် ထုတ်ဖော်နိုင်မယ့် လုံလောက်တဲ့ လွတ်လပ်ခွင့်၊ လုံလောက်တဲ့ နေရာ ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်၊ ပြည်သူတွေ ဘာတွေပဲ ထင်မြင်ထင်မြင် ထုတ်ပြန်ချက်တွေ ကနေတဆင့်ပဲ ပြောပြော၊ ဆိုရှယ်မီဒီယာကို သုံးပြီး ပြောပြော၊ လွှတ်တော်ကိုယ်စားလှယ်တွေ ကနေတဆင့် ပြောပြော သူတို့ဆီမှာ ဒီမိုကရေစီအတွက် မဲပေးခွင့် ၊ သူတို့လိုချင်တဲ့ လွတ်လပ်ခွင့်တွေ၊ သတင်းမီဒီယာတွေကိုလည်း သူတို့အတွက် အလုပ်လုပ်ပေးခိုင်းတာ စတဲ့အခွင့်အရေးတွေကို ရရှိစေရမှာ ဖြစ်ပါတယ်။ ဒါမှလည်း ခင်ဗျားတို့နိုင်ငံမှာ ဒီမိုကရေစီလုပ်ငန်းစဉ် ရှိမှာပါ။ ခုလက်ရှိအချိန်မှာလည်း အမေရိကန်အပါအဝင် ကမ္ဘာ့ ဘယ်နေရာက ဒီမိုကရေစီ လုပ်ငန်းစဉ်ကမှ ပြည့်စုံနေတာမျိုး မရှိသေးပါဘူး။ ဒါပေမယ့်လည်း လုံလောက်တဲ့ ဒီမိုကရေစီ ဖွဲ့စည်းပုံ၊ လုံလောက်တဲ့ လွတ်လပ်မှု ရှိပါတယ်။ ကျွန်တော်ထင်ပါတယ်၊  ပြည်သူတွေအနေနဲ့ သူတို့ရဲ့ အသံတွေကို ထုတ်ဖော်ချင်တဲ့အခါ ထုတ်ဖော်ရမယ့် နေရာတွေ ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ရွေးကောက်ခံ အစိုးရကလည်း ပြည်သူ့အသံကို နားထောင်ပေးလိမ့်မယ်လို့ ကျွန်တော် ထင်မြင်ထားမိပါတယ်။

အရင် အမေရိကန်အစိုးရတုန်းကလည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ ထောက်ခံ အားပေးတယ်ဆိုပြီး ပြသသွားခဲ့ပါတယ်။ သမ္မတဟောင်း အိုဘားမား မြန်မာနိုင်ငံကို နှစ်ကြိမ်တောင် လာသွားခဲ့တာကို ဆိုလိုတာဖြစ်ပါတယ်။ ခု လက်ရှိ သမ္မတ ဒေါ်နယ်ထရမ့် လက်ထက်မှာရော ဘယ်လိုအခြေအနေရှိသလဲ၊ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ စိတ်ဝင်စားမှုရော ရှိရဲ့လား။

ကျွန်တော်တို့ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်လောက်ကမှ ၀ါရှင်တန်မှာ ရှိနေခဲ့တာပါ။ ဒီနေရာ အမေရိကန်အစိုးရ၊ ကွန်ဂရက်၊ သတင်းမီဒီယာနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေမှာ မြန်မာနဲ့ပတ်သက်လို့ စိတ်ဝင်စားမှု ရှိတယ်ဆိုတာ ကျွန်တော် အသေအချာ ပြောနိုင်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံခြားရေးဝန်ကြီး တေလာဆန် ပြီးခဲ့တဲ့ လက ဒီကို ရောက်လာပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ တွေ့သွားတာပေါ့။ မြန်မာရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအပေါ် ကျွန်တော်တို့ဘက်က ဆက်လက် ခိုင်မာစွာ ထောက်ခံထားတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောဆိုထားခဲ့ပါတယ်။ နောက်ပြီး အကူအညီပေးမှုတွေ၊ ကျွန်တေ်ာတို့ရဲ့ အစီအစဉ်တွေကိုလည်း အရင်အတိုင်းပဲ ဆက်ရှိသွားမှာ ဖြစ်တာကြောင့် မြန်မာ့ဒီမိုကရေစီအပေါ် ကျွန်တော်တို့ရဲ့ ထောက်ခံအားပေးမှုက ဆက်ပြီး ခိုင်ခိုင်မာမာ ရှိနေတယ်လို့ ကျွန်တော် ပြောနိုင်ပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု နဲ့ ဆိုင်တဲ့ တစ်ခြား ကိစ္စတွေကိုလည်း ကျွန်တော်တို့ ကြည့်တဲ့အခါမှာ ပြီးခဲ့တဲ့ နှစ်နှစ်လောက်အတွင်း နည်းနည်းတော့ နှေးကွေးနေတယ်လို့တော့ ထင်ရပါတယ်၊ အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ မြန်မာနိုင်ငံကို လာဖို့ စိတ်ဝင်စားမှုတွေ ရှိနေသလား။ ဒါမှမဟုတ် နိုင်ငံတကာ မီဒီယာတွေမှာ ပါနေတဲ့ အနုတ်သဘောဆောင်တဲ့ သတင်းတွေကြောင့် ဒီကိုလာဖို့များ စိတ်ဝင်စားမှု လျော့သွားနေပါသလား။

ဟုတ်ကဲ့၊ ကျွန်တော်ထင်ပါတယ်၊ မြန်မာအနေနဲ့ ပြီးခဲ့တဲ့ နှစ်များစွာအတွင်း စတင် ဖွင့်လှစ် လုပ်ကိုင်လာခဲ့တယ်၊ ရွေးကောက်ပွဲတွေနဲ့အတူ ဆက်သွားခဲ့တယ်၊ နောက်ပြီး အစိုးရသစ် တက်လာတော့ အမေရိကန် ကုမ္ပဏီတွေဘက်က မြန်မာအပေါ် စိတ်ဝင်စားမှု အားကောင်းခဲ့တယ်။ ဘာလို့လဲ ဆိုတော့ သူတို့ အရင်က မရခဲ့သေးတဲ့ အခွင့်အလမ်းတွေကို မြင်နေတဲ့အတွက်ကြောင့်ပါ။ တစ်ချို့လည်း ရင်းနှီးမြုပ်နှံဖို့ လာခဲ့တယ်၊ တစ်ချို့လည်း အခွင့်အရေးတွေကို လာကြည့်ကြတယ်၊ ဒီလိုပဲ ဆက်ရှိနေမှာပါ။ အချက်နှစ်ချက်ကိုတော့ အလေးထားပြောရလိမ့်မယ် ကျွန်တော်ထင်ပါတယ်။ ပထမတစ်ခုကတော့ မြန်မာ စီးပွားရေး လုပ်ငန်းရှင်အများအပြားလိုပဲ သူတို့ကလည်း မူဝါဒပိုင်း ပိုမိုရှင်းလင်းသေချာမှုကို လိုချင်နေကြပါတယ်။ အစိုးရက ဘာကို ရှာနေသလဲ၊ သူ့အမြင်က ဘာလဲ၊ ဆိုတာကို သူတို့ သိချင်နေကြပါတယ်။ အဲဒီဘက်မှာ သေချာပေါက် သူတို့ သိချင်နေကြပါတယ်။ နောက်တစ်ခု အနေနဲ့ကတော့ ခု ကြံုနေရဲ့ အကျပ်အတည်းက ဆိုးကျိုးသက်ရောက်မှု တွေတော့ ရှိနေပါတယ်။ တစ်ခုက ခရီးသွား လုပ်ငန်းပိုင်းမှာပါ။ လူတော်တော်များများက အခြေအနေတွေ တိုးတက်မလာမချင်း ဒီကို လာဖို့ တုန့်ဆိုင်းနေကြပါတယ်။ ဒုတိယအချက်အနေနဲ့ကတော့ ကုမ္ပဏီတွေအနေနဲ့ ခုချိန်မှာ အနုတ်သဘော ဆောင်နေတဲ့ သတင်းတွေ ရှိနေတဲ့ နိုင်ငံတစ်နိုင်ငံမှာ လုပ်ကိုင်ရမယ့် သူတို့ရဲ့ အနေအထားနဲ့ပတ်သက်လို့ ပူပန်နေကြရပါတယ်။ ဒါကြောင့် ရေတိုကာလတစ်ခုမှာတော့ ဆိုးကျိုးသက်ရောက်မှုတစ်ခုလို ဖြစ်နေပါသေးတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ရက်တွေအတွင်း ကျွန်တော်တို့ အမေရိကန် စီးပွားရေး ကိုယ်စားလှယ်အဖွဲ့တစ်ခု ဒီကို လာသွားပါတယ်။ အကျပ်အတည်းက ထိခိုက်ထားတယ်ဆိုပေမယ့် ရှေ့ဆက်သွားတဲ့အခါမှာ ဒီ အကျပ်အတည်းပြဿနာကို ပွင့်ပွင့်လင်းလင်း ကိုင်တွယ်သွားတာ၊ စီးပွားရေးဘက်မှာ တိုးတက်မှုတွေ ဆက်ရှိအောင် လုပ်သွားတာမျိုးကနေတဆင့် အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေသာမက တစ်ခြားနိုင်ငံတွေက လုပ်ငန်းရှင်တွေရဲ့ စိတ်ဝင်စားမှုကို ပြန်လည် ဆွဲဆောင်နိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။ ဒါကြောင့် နောက်နှစ် ပထမနှစ်ဝက်လောက်မှာတော့ ရခိုင်ပြဿနာကို ကိုင်တွယ်နိုင်မယ့် လုပ်ဆောင်ချက်တွေကို ကျွန်တော်တို့ မြင်ရနိုင်သလို စီးပွားရေး ပြုပြင်ပြောင်းလဲမှု တွေကိုပါ တွေ့ရလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်။ အဲဒီနှစ်ခုသာ ဖြစ်လာခဲ့မယ်ဆိုရင် ရင်းနှီးမြုပ်နှံသူတွေရဲ့စိတ်ဝင်စားမှုတွေ ပြန်အားကောင်းလာပါလိမ့်မယ်။

စီးပွားရေးဘက်မှာ ကြည့်ရင်တော့ နိုင်ငံမှာ ကုမ္ပဏီ ဥပဒေသစ်တစ်ခု ရှိလာပြီ၊ ဒါဟာ စီးပွားရေးအတွက် အရမ်းကောင်းတယ်လို့ လူတော်တော်များများက ပြောကြပါတယ်။ ဒီနေရာမှာ မြန်မာအနေနဲ့   နိုင်ငံခြား ရင်းနှီးမြုှပ်နှံမှုတွေကို ရဖို့ ဆက်ပြီး အလေးထားလုပ်ဖို့ လိုနေဆဲလို့ ထင်ပါသလား။ မြန်မာအနေနဲ့ ဖြေရှင်းဖို့ လိုအပ်နေဆဲဖြစ်တဲ့ စိန်ခေါ်မှုတွေက ဘာတွေများ ဖြစ်မလဲ။

စိန်ခေါ်မှုတစ်ချို့ကိုတော့ ကျွန်တော် ပြောခဲ့ပြီးပါပြီ။ ဒါပေမယ့်လည်း ကျွန်တော်ပြောချင်တာက အမေရိကန် အပါအဝင် နိုင်ငံတိုင်းမှာ စီးပွားရေး စိန်ခေါ်မှုတွေက ရှိနေမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုဖြစ်နေတာ မြန်မာ တစ်နိုင်ငံတည်းတော့ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။ ဒီ ကုမ္ပဏီများ အက်ဥပဒေကို အကောင်အထည် ဖော်တာက နည်းနည်းတော့ အချိန်ယူရပါလိမ့်မယ် ထင်ပါတယ်၊ အပြည့်အဝ အကောင်အထည်ဖော်ဖို့ အချိန်လိုတယ်လို့ ပြောတာပါ။ ဘဏ္ဍာရေးကဏ္ဍကို အားကောင်းဖို့ ဆက်လုပ်ပြီး ဘဏ်လုပ်ငန်းပိုင်းမှာ ပြုပြင် ပြောင်းလဲမှုတွေ ဆက်လက် အတည်ပြုလုပ်ကိုင်သွားရမယ်လို့ ကျွန်တော်ထင်ပါတယ်။ အရေးကြီးတာက အစိုးရအနေနဲ့ ရှင်းလင်းသေချာတဲ့ မျှော်မှန်းချက်နဲ့ မူဝါဒတွေ ချမှတ်ရမှာဖြစ်ပါတယ်။ ဒါနဲ့့ပတ်သက်လို့ အမေရိကန်ကုမ္ပဏီတွေဆီက ပြန်ကြားထားရပါတယ်။ အစိုးရဘက်ကနေပြီး ဒါကတော့ ကျွန်တော်တို့ စီမံလုပ်ဆောင် နေတာတွေဖြစ်တယ်၊ ဒါကတော့ ကျွန်တော်တို့ရဲ့ မူဝါဒတွေ ဖြစ်ပါတယ်ဆိုပြီး ဆက်သွယ် ပြောဆိုရမှာ ဖြစ်ပါတယ်။ အချက်အလက် အသေးစိတ်နဲ့များ ပြောရင် ပို့လိုတောင် အထောက်အကူ ဖြစ်ပါလိမ့်မယ်။ လျှပ်စစ် လိုမျိုး အခြေခံအဆောက်အအုံပိုင်းမှာ ဆက်ပြီး ကြိုးစား တည်ဆောက်သွားတာကို ဆက်လုပ်သွားရပါလိမ့်မယ်။ ဒီမှာ လုံလောက်တဲ့ လျှပ်စစ်ဓာတ်အား ရပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေတာက ဖြေရှင်းရမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်။ လုပ်သားတွေရဲ့ လုပ်ဆောင်နိုင်စွမ်းအားကို ဆက်လက်ကြိုးပမ်းတည်ဆောက်တာ၊ ကျွမ်းကျင်လုပ်သားတွေဖြစ်အောင် ပြုစုပျိုးထောင်ပေးတာ၊ ဒီလိုသာ ဆိုရင်အမေရိကန် ကုမ္ပဏီတွေသာမကဘဲ ကျန်လုပ်ငန်းအားလုံး ဆွဲဆောင်နိုင်မယ့် အရာတစ်ခုဖြစ်ပါတယ်။ ဒီထဲက တစ်ချို့ကို ခပ်သွက်သွက် လုပ်သွားလို့ ရပြီးတော့ တစ်ချို့ကိုတော့ အချိန်ယူ လုပ်ရပါလိမ့်မယ်။ ဒါပေမယ့်လည်း ကျွန်တော်ထင်ပါတယ်၊ ကုမ္ပဏီတွေအနေနဲ့ ဒီမှာ တိုးတက်မှုတွေ၊ အပြောင်းအလဲတွေ၊ ကောင်းမွန်တဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေကို တွေ့နေရတဲ့ ကာလပတ်လုံးနဲ့ ရခိုင်အကျပ်အတည်းကို ပွင့်ပွင့်လင်းလင်း ထိပ်တိုက် ဖြေရှင်းသွားတာ၊ ဒီနှစ်ခု ပေါင်းစည်းလိုက်မယ်ဆိုရင် ဒီကနေ ထွက်လာမယ့် သက်ရောက်မှုက ကြီးမားပါလိမ့်မယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဆိုရင်လည်း အတိုက်အခံ ပါတီတစ်ခုကနေ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း အာဏာရလာခဲ့တာကို သံအမတ်ကြီးလည်း အသိပါ၊ အဲဒီတော့ ဒီလိုအချိန်တိုအတွင်း အာဏာရလာခဲ့တဲ့ ဒီ ဒီမိုကရေစီ အစိုးရရဲ့ လုပ်ဆောင်ချက်တွေအပေါ် အမြင်သဘောထားနဲ့ပတ်သက်လို့ သိလို့ရမလား။

ခုအစိုးရက အုပ်ချုပ်မှုပိုင်းမှာ အတွေ့အကြံုအများကြီး သိပ်မရှိခဲ့ဘူးဆိုပေမယ့် အာဏာရလာချိန်မှာ ကြီးမားတဲ့ စိန်ခေါ်မှုကြီးတွေကို ဆက်ခံတာဝန်ယူ ဖြေရှင်းနေရတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါက တကယ့်တော့ သူတို့ရဲ့ အပြစ်မဟုတ်ပါဘူး။ ဒါက အမှန်တရား တစ်ခုသာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီစိန်ခေါ်မှုတွေကို အချိန်ယူ ဖြေရှင်းရလိမ့်မယ်လို့ ကျွန်တော်တို့ သိထားပါတယ်။ သူတို့ တစ်ချို့ ကောင်းမွန်တဲ့ အပြုဆောင် ကိစ္စတွေကိုတောင် ပြီးစီးလုပ်ကိုင်ထားပြီးပြီလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော် ကမ္ဘာအနှံ့ ကျွန်တော်ရောက်ခဲ့ပါတယ်။ ဘယ်နိုင်ငံသား ပြည်သူတွေကမှ  သူတို့အစိုးရတွေ လုပ်နေတဲ့အရာတွေအပေါ် အပြည့်အဝ ကျေနပ်အားရမိတယ်လို့ကျွန်တော် မကြားဖူးသေးပါဘူး။ အစိုးရတစ်ရပ်အနေနဲ့ လုံလုံလောက်လောက်တော့ လုပ်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် တိုးတက်မှုတွေရရမယ့် နယ်ပယ်တွေ ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ အစိုးရအနေနဲ့ကတော့ ဆက်သွယ်ပြောဆိုမှုတွေ ပိုအားကောင်းအောင်လုပ်တာ၊ မူဝါဒတွေ၊ မျှော်မှန်းချက်တွေကို ပြည်သူတွေဆီ ပိုပြီးချပြတာတွေ လုပ်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဒါဟာ လက်ရှိအစိုးရကို ပိုအားကောင်းသွားစေနိုင်ပါတယ်။ ဒီအတိုင်း ရှေ့ကို ဆက်သွားနိုင်ပါတယ်။ အုပ်ချုပ်မှုပိုင်း စိန်ခေါ်မှုတွေနဲ့အတူ အထူးကိစ္စတွေ အများအပြား ရှိနေပါတယ်။  အုပ်ချုပ်မှုပိုင်းကို အားကောင်းအောင် လုပ်ရပါမယ်။ ဒါမှလည်း နေပြည်တော်မှာ ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေဟာ ပြည်နယ်၊တိုင်း အဆင့် တွေမှာလည်း အမှန်တကယ် လုပ်ဆောင်သွားနိုင်မှာပါ။  ဆက်သွယ်မှုပိုင်းမှာ အဓိက အလေးထား ပြောလိုပါတယ်။ ဒါတွေကတော့ ကျွန်တော်တို့ လုပ်နေတာတွေ ဖြစ်တယ်၊ ဒါတွေက ဘာကြောင့် လုပ်နေတာလဲ၊ ဒါတွေက ပြည်သူတွေအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိမလဲ ဆိုတာနဲ့ပတ်သက်လို့ ချိတ်ဆက် ပြောဆိုရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်ကို ပြန်ကြည့်လိုက်မယ်ဆိုရင် သံအမတ်ကြီး အမြင်မှာပေါ့လေ ခု လက်ရှိအစိုးရ အောင်မြင်အောင်လုပ်နိုင်မယ့် အကောင်းဆုံး မူဝါဒက ဘာဖြစ်မလဲ၊ နောက်ပြီး ခုလောလောဆယ်အထိ ဘယ်မူဝါဒတွေကို အောင်မြင်ထားပြီးပါသလဲ။

ဥပဒေသစ်တွေ ပြဌာန်းတာ၊ ခေတ်နဲ့ လိုက်လျောညီထွေမဖြစ်တော့ ဥပဒေတွေကို ပြင်ဆင်ပြောင်းလဲတဲ့ အပိုင်းမှာ တိုးတက်မှုအများအပြား ရရှိထားတယ်လို့ ကျွန်တော်ထင်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမှု အပိုင်းမှာလည်း တိုးတက်မှုတွေရှိတယ်လို့ထင်ပါတယ်။ အခြေခံအဆောက်အအုံပိုင်းမှာလည်း တိုးတက်မှုတွေ ရှိထားတယ်။ နိုင်ငံတစ်ဝှမ်း ကျွန်တော် သွားလာကြည့်တဲ့အခါ လမ်းပန်းဆိုင်ရာ လုပ်ဆောင်နေတာတွေ၊ လျှပ်စစ်ဆိုင်ရာ လုပ်ဆောင်မှုတွေကို တွေ့ရပါတယ်။ ဒီလို အရာတွေက နိုင်ငံတစ်ဝှမ်းမှာ တွေ့ရတာဖြစ်ပါတယ်။  အကျင့်ပျက်ခြစားမှုကိုလည်း တိုက်ဖျက်ဖို့ ခိုင်ခိုင်မာမာ လုပ်ဆောင်နေတယ်လို့ ထင်ပါတယ်။ ခြစားမှုကို အမြစ်ပြုတ်တိုက်ဖို့ကတော့ ခက်ခဲပါလိမ့်မယ်။  ဒါပေမယ့် ဒီအစိုးရလက်ထက်မှာ ထိပ်ပိုင်းတာဝန်ရှိသူတွေကနေစပြီး ခြစားမှုတိုက်ဖျက်ဖို့၊ ဥပဒေစိုးမိုးရေး အားကောင်းအောင် လုပ်ဖို့ ကတိပြုထားတာကို ကျွန်တော်တို့ တွေ့ထားပါတယ်။ ဘဏ္ဍာရေးကဏ္ဍ အပါအဝင် စီးပွားရေး ပြုပြင်ပြောင်းလဲမှု အပိုင်းမှာလည်း လုပ်ဆောင်မှုကောင်း တော်တော်များများကို တွေ့နေရပြီ လို့ ထင်ပါတယ်။ ဒါကြောင့်လည်း  ဒီမှာ လုပ်ဆောင်ချက်ကောင်းတွေ ရှိနေတယ်လို့ ထင်ပါတယ်။ ဘာတွေ လုပ်ဆောင်ဖို့ လိုနေသေးလဲ ဆိုတဲ့အပေါ်မှာပဲ အလေးထား ကြည့်တာက သဘာဝတော့ကျပါတယ်။  ဒါပေမယ့် ကောင်းတဲ့ လုပ်ဆောင်ချက်တွေ လုပ်ထားတာကိုလည်း အသိအမှတ်ပြုဖို့ အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။  ပြည်သူတွေ လိုချင်တဲ့ မြန်ဆန်မှုတွေ မရှိသေးဘူးဆိုပေမယ့် ငြိမ်းချမ်းရေးပိုင်းမှာလည်း ဆက်လက်တိုးတက်မှုတွေ ရှိနေပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လုပ်နေဖို့က အရေးကြီးတယ်လို့ထင်ပါတယ်။

၀ါရှင်တန်အစိုးရအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်ဘက်ကနေ ရပ်တည်ပေးခဲ့တယ်လို့ ထင်လို့ ဒီ မေးခွန်းကို ကျွန်တော် မေးတာပါ၊ ခုဆိုရင် သူမအနေနဲ့ ရခိုင်အရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ မကြံုစဖူးတဲ့ နိုင်ငံတကာ ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရတယ်၊ သံအမတ်ကြီးရဲ့ ကိုယ်ပိုင်အမြင်အရ ပဲဖြစ်ဖြစ် ဒါမှမဟုတ် အမေရိကန် အစိုးရရဲ့ကိုယ်စားလှယ်တစ်ဦးအနေနဲ့ပဲ ဖြစ်ဖြစ် သူ ဒီအခြေအနေကို ဘယ်လိုအကောင်းဆုံး ကိုင်တွယ်သွားနိုင်မလဲ လို့ ထင်ပါသလဲ။

ကျွန်တော့်အနေနဲ့ကတော့ သူ့အပေါ်မှာ ပုဂ္ဂိုလ်ရေးအရ အများကြီး လေးစားမှု ရှိပါတယ်။ သူ့အနေနဲ့ စွန့်လွှတ် အနစ်နာခံထားခဲ့တယ်။ သူဟာ နိုင်ငံအတွက် အများကြီး လုပ်ပေးထားခဲ့တယ်၊ ဒါကြောင့်လည်း သူ့အပေါ် လေးစားမှု အများကြီး ဆက်ရှိနေပါတယ်။ ဒါပေမယ့် ခုလို သူ့လိုမျိုး အရေးပါတဲ့ တာဝန်တွေကို ထမ်းနေရတဲ့အချိန်မှာ လူပုဂ္ဂိုလ်တစ်ဦးတည်းအပေါ်မှာ ရည်ညွှန်းပြောဆိုနေမယ်ဆိုရင် မှားလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အမေရိကန်မှာပဲဖြစ်ဖြစ် ဒါမှမဟုတ် မြန်မာမှာပဲဖြစ်ဖြစ် ခင်ဗျားအနေနဲ့ ဒီမိုကရေစီ နိုင်ငံတစ်ခုကို လူပုဂ္ဂိုလ် တစ်ဦးတည်းအားနဲ့ တည်ဆောက်လို့ မရနိုင်ပါဘူး။ ဒီမိုကရေစီ တည်ဆောက်တဲ့နေရာမှာ ကြိုးစားအားထုတ်မှုတွေ၊ အစိုးရပိုင်းက တစ်ဦးချင်း တစ်ယောက်စီတိုင်းအပြင် လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ ပါ၀င်အားထုတ်မှု လိုပါတယ်။ ပြီးတော့ ဒါကြောင့်လည်း ကျွန်တော်တို့ဟာ အစိုးရ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဦးဆောင်တဲ့ အစိုးရအပေါ် ဆက်လက် ခိုင်ခိုင်မာမာ ထောက်ခံနေတာဖြစ်ပါတယ်။ ဒါပေမယ့် ပိုအရေးကြီးတာက ပိုမိုခိုင်မာတဲ့၊ ပိုငြိမ်းချမ်းတဲ့၊ ပိုပြီး သာယာဝပြောတဲ့၊ ဒီမိုကရေစီ ပိုကျတဲ့ မြန်မာနိုင်ငံကို တည်ဆောက်နိုင်ဖို့ လုပ်ဆောင်နေကြသူ တစ်ဦးချင်းတစ်ယောက်စီတိုင်းကို ကျွန်တော်တို့ ထောက်ခံနေပါတယ်။ ဒါကြောင့် အရေးကြီးလှတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အခန်းကဏ္ဍကနေ နောက်ထပ် ထပ်လိုချင်လို့ မဖြစ်နိုင်ပါဘူး။ ဒီချိန်မှာ လူအဖွဲ့အစည်းရဲ့ အားထုတ်မှုနဲ့အတူ အလေးထား လုပ်ဆောင်သွားဖို့ လိုသလို   မီဒီယာ၊ အရပ်ဘက် လူ့အဖွဲ့အစည်း၊ အစိုးရလယ်ဗယ်မှာ ပါ၀င်နေတဲ့သူတွေ၊ ပြည်နယ်နဲ့ ဒေသလယ်ဗယ်တွေက လူတွေ ၀ုိင်းဝန်းကြိုးပမ်းရမှာ ဖြစ်ပါတယ်။ တိုးတက်မှုတွေ ဖြစ်ထွန်းရရှိနိုင်ဖို့အတွက် ဒီလို လူပုဂ္ဂိုလ်အားလုံးနဲ့ ကျွန်တော်တို့ လက်တွဲလုပ်ဆောင်သွားချင်ပါတယ်။ ပိုပြီး ရှင်းအောင် ပြောရရင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ အဲတော့ သူ့မှာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ကျွန်တော် သူ့အတွက်တော့ ပြောမပေးလိုပါဘူး။ ဒါပေမယ့်  အမေရိကန်၊ ဥရောပနဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် နိုင်ငံရေးခေါင်းဆောင်တွေ အနေနဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရလေ့ရှိတယ်ဆိုတာ သူသိနေတယ်လို့ ထင်ပါတယ်။ ဒါကတော့ အစိုးရနဲ့ နိုင်ငံရေးမှာ ပါ၀င်နေတဲ့ ကံမကောင်းအကြောင်းမလှတဲ့ အပိုင်းတစ်ခု ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ကတော့ ခုဆိုရင် ၂၀၁၇ နှစ်ကုန်တော့မယ်။ ၂၀၁၈ ရောက်လာတော့မယ်၊ လက်ရှိ အစိုးရအနေနဲ့ နောက်ထပ် သက်တမ်းသုံးနှစ်ကာလ ကျန်တော့မှာ ဖြစ်တယ်၊ ဒီတော့ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ စနစ်ဆီ ကူးပြောင်းဖော်ဆောင်တဲ့နေရာမှာ အစိုးရရဲ့ လာမယ့်သုံးနှစ်ကာလနဲ့ ပတ်သက်လို့ ဘယ်လိုထင်မြင်မိပါသလဲ။

ကြိုတင်ခန့်မှန်းတာတွေ အများကြီး မထုတ်ချင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် အဲဒီလို ကြိုခန့်မှန်းတာ၊ ကြိုပြောတာတွေ လုပ်ရင် မှားတတ်တာ များလို့ပါ။ ကျွန်တော် ပြောချင်တာက ပြီးခဲ့တဲ့လက နိုင်ငံခြားရေး ၀န်ကြီး တေလာဆန် ပြောသွားတဲ့အကြောင်းကို ပြန်ဆွေးနွေးချင်ပါတယ်။ ဒါကတော့ ရခိုင်ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် ဒါက မြန်မာနိုင်ငံသားအားလုံးနဲ့ ဆိုင်ပါတယ်။ ဒီအကျပ်အတည်းက မြန်မာနိုင်ငံအတွက် အရေးကြီးသလို ဒါက ဆိုးရွားတဲ့ ဖြစ်စဉ်တစ်ခုဖြစ်တယ်လို့ ထင်ပါတယ်။  ဒီအကျပ်အတည်းအတွင်း လူတွေအများကြီး ပါ၀င်ပတ်သက်နေရတဲ့ လူသား ဖြစ်ရပ်ဆိုးတစ်ခုဖြစ်ပါတယ်။ ရှေ့ဆက်သွားမယ်ဆိုရင် ဒါနဲ့ပတ်သက်လို့ မြန်မာဘယ်လို ရုန်းကန်ကျော်ဖြတ်သွားရမလဲ၊ အစိုးရတင်မကပါဘူး၊ စစ်တပ်၊မီဒီယာနဲ့ ပြည်သူတစ်ရပ်လုံး ဘယ်လို ရင်ဆိုင်မလဲ ဆိုတာပါပဲ။ နိုင်ငံရဲ့ အနာဂတ်နဲ့ပတ်သက်လို့ လူတိုင်းက ကျွန်တော်တို့တွေက ပြောလာပါတော့မယ်။ မိတ်ဆွေတစ်ဦးအနေနဲ့ရော ဒီနိုင်ငံနဲ့ပတ်သက်လို့ အထူးအလေးထား ဂရုစိုက်နေသူ တစ်ယောက်အနေနဲ့ရော ဘာတွေဖြစ်ထားခဲ့သလဲ ဆိုတာကို ပြည်သူတွေ၊ မီဒီယာနဲ့ အစိုးရတုန်းက သေချာ လေ့လာကြည့်ရှုသွားမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ တစ်ချို့သော မအောင်မြင်မှု ကိစ္စတစ်ချို့ကိုလည်း အသိအမှတ်ပြု လက်ခံမယ်လို့ မျှော်လင့်ပါတယ်။ ကိစ္စတွေကို ရိုးသားစွာ မကိုင်တွယ်ဘူး၊ သေချာ ကြိုးစား မလုပ်ဘူးဆိုရင် ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း အမျိုးသားရေး စိတ်ဓာတ် ပြင်းထန်လာတာကိုမျိုးကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ ဒါဟာလည်း နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဖိအားပေးမှုတွေ ခံလာရလို့ ဖြစ်လာတဲ့ ခံစားချက်တွေဆိုတာလည်း ကျွန်တော်တို့ နားလည်းထားပါတယ်။ ဒါ လူ့သဘာဝဖြစ်လို့ အပြည့်အဝ နားလည်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အကျိုးအတွက်ဆိုရင် ပြည်သူတွေ အနေနဲ့ သေချာ ပြန်လည်ကြည့်ရှုပြီး ဘာတွေဖြစ်ထားခဲ့လဲ၊ ဘာနဲ့ပတ်သက်လို့ ဖြစ်တာလဲ၊ ဘယ်လို လူ့အဖွဲ့အစည်းမျိုးနဲ့ ဆက်သွားချင်တာလဲ ဆိုတာနဲ့ပတ်သက်လို့ ရိုးသားစွာ ဆွေးနွေးသွားရမှာ ဖြစ်ပါတယ်။ မတူညီတဲ့ အမြင်တွေ ဖြစ်နေတယ်ဆိုလည်း အဲဒီအပေါ် အခြေခံပြီး ကျွန်တော်တို့ ဘယ်လို ဆုံးဖြတ်ချက်တွေ ချပြီး နိုင်ငံကို ဘယ်လို ရှေ့ဆက်သွားချင်သလဲ ဆိုတာကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။  ဒါကို မြန်မာအနေနဲ့ လုပ်ဆောင်သွားနိုင်မယ်လို့လည်း ကျွန်တော် ထင်ပါတယ်။

မြန်မာပြည်သူတွေကို ပေးချင်တဲ့ အခြား သတင်းစကားများ ရှိပါသေးပါသလား။

ခုချိန်မှာတော့ မြန်မာပြည်သူ အများအပြားအတွက်ကတော့ ခက်ခဲတဲ့ အချိန် ရောက်နေပါတယ်။ ဒါကို ကျွန်တော်တို့ နားလည်ထားပါတယ်။ ဒီလို ခက်ခဲတဲ့ အချိန်တွေကို ခင်ဗျားတို့ အတူတကွ ကျော်ဖြတ်ရမယ်လို့ အပြင်လူ တစ်ယောက်အနေနဲ့ကတော့ ပြောရတာလွယ်တော့လွယ်ပါတယ်။ ဒါပေမယ့် ကျွန်တော့်တို့ အစိုးရ၊ အမေရိကန်ပြည်သူတွေ၊ ကျွန်တော်ထင်ပါတယ် နိုင်ငံတကာအသိုင်းအဝိုင်းကပါ ခင်ဗျားတို့ကို အောင်မြင်စေချင်ကြပါလိမ့်မယ်။ အကောင်းဆုံးတွေ ဖြစ်လာဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒါဟာ တကယ်ပြောတာဖြစ်ပြီး ကျွန်တော်တို့ဟာ ခင်ဗျားတို့ရဲ့ ပါတနာအဖြစ် ဆက်ရှိနေဦးမှာပါ။ ငွေကြေးဆိုင်ရာ အကူအညီတွေနဲ့ အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ခင်ဗျားတို့နဲ့အတ ူလက်တွဲလုပ်လိုတဲ့ မိတ်ဆွေတွေအနေနဲ့ ခင်ဗျားတို့ ဒီ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ အချိန်ကို ကျော်လွှားသွားနိုင်ပြီး အနာဂတ်မှာ အကောင်းဆုံးဖြစ်စေဖို့ ဆုတောင်းပေးပါတယ်။

Mizzima Weekly