ကျောက်ဖြူတွင် မျက်စိဝေဒနာရှင် ၃၀၀၀ ခန့် အခမဲ့ ခွဲစိပ်ကုသပေးမည်

ကျောက်ဖြူတွင် မျက်စိဝေဒနာရှင် ၃၀၀၀ ခန့် အခမဲ့ ခွဲစိပ်ကုသပေးမည်

စစ်တွေ၊ ဒီဇင်ဘာ ၂၃ ရက်။           ။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ပြည်သူ့ဆေးရုံကြီးတွင် မျက်စိနှင့်ပတ်သက်သည့် ဝေဒနာရှင်ပေါင်း ၃၀၀၀ ခန့်ကို အခမဲ့ ခွဲစိပ်ကုသ ပေးသွားမည်ဖြစ်ကြောင်း   ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ ခွဲစိပ်ကုသမှုကို ရန်ကုန်မြို့မှ MCM ကုမ္ပဏီလိမိတက် မိသားစုနှင့် အလှူရှင်များ၏ အထောက်အပံ့ဖြင့် လာမည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၃ ရက်တာ ကုသပေးသွားမည် ဖြစ်သည်။

“ဇန်နဝါရီလ ၁၆ ရက်နေ့စလုပ်မှာ။ စာရင်းတွေကောက်နေတယ်။ လူ ၃၀၀၀ လောက်မှန်းထားတယ်။ အလှူရှင် ကတော့ MCM ကုမ္ပဏီကပါ။ မြေပုံမြို့နယ်၊ ရမ်းဗြဲ၊ ကမ်းထောင်းကြီး၊ မြေပုံဖက်ကလူတွေပါ  လာလို့ရတယ်” ဟု ကျောက်ဖြူ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က ပြောသည်။

ကုသခံမည့် မျက်စိဝေဒနာရှင်များမှာ ကျောက်ဖြူမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များ အပါအဝင် အနီးရှိ ရမ်းဗြဲမြို့နယ်နှင့် မြေပုံမြို့နယ်မှလည်း လာရောက်ကုသကြမည်ဟု ဆိုသည်။

ယင်းသို့ အခမဲ့ ကုသမှုကို ခံယူနိုင်ရန်အတွက် ဝေဒနာရှင်များသည် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာမှ အုပ်ချုပ်ရေးမှူးရုံးတို့တွင် လည်းကောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးတွင်လည်းကောင်း ကြိုတင် စာရင်းပေးရမည်ဖြစ်သည်။

ယင်းအပြင် ခရီးဝေးမှ လာရောက်မည့် ဝေဒနာရှင်များအတွက် ခရီးစရိတ်နှင့် တည်းခိုနေထိုင်စရိတ်များကိုပါ MCM ကုမ္ပဏီနှင့် မိသားစုများက ပြန်လည်ထုတ်ပေးသွားမည်ဟု သိရသည်။

“ ၃ ရက်မှာ ပထမနေ့ကို ဝေးတဲ့သူကို ဦးစားပေးမယ်။ ဝေးတဲ့သူလည်း ဝေးတဲ့အကြောင်းကို ကျနော်တို့ဆီကို သတင်းပို့ရမယ်။ ခွဲရမယ့် လူနာဆိုရင် ဘုန်းကြီးကျောင်းမှာ ထားမယ်။ ထမင်းကလည်း ကျွေးမယ်။ ကမ်းထောင်းကြီးလို ဝေးတဲ့နေရာက လာရင် လမ်းစရိတ်တွေလည်းပေးမယ်” ဟု ကျောက်ဖြူမြို့နယ် အုပ်ချူပ်ရေးမှူးက ပြောသည်။

ယခုလို မျက်စိ အခမဲ့ ခွဲစိတ်မှုကို ရခိုင်ပြည်နယ်အတွင်း ၁၁ ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်ရာ ယခုအကြိမ်သည် ၁၂ ကြိမ်မြောက်လည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly