မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ကုလသမဂ္ဂ ချမှတ်

မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ကုလသမဂ္ဂ ချမှတ်

ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၂၃ ။             ။ ပြီးခဲ့သည့် နိုဝင်ဘာအတွင်းက တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်ခဲ့မှုအတွက် မြောက်ကိုရီးယားအား လုံခြံုရေးကောင်စီက ဒီဇင်ဘာ ၂၂ ရက်တွင် ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ချမှတ်သည်။

အမေရိကန်နိုင်ငံက တင်သွင်းသည့် ကင်ဂျုံးအွန်အစိုးရအပေါ် ရှိပြီးသား ဒဏ်ခတ်ပိတ်ဆို့့မှုများကို ပိုမိုတင်းကြပ်သည့် ဆုံးဖြတ်ချက်ကို အဖွဲ့ဝင် ၁၅ နိုင်ငံစလုံးက အတည်ပြုလိုက်ခြင်းဖြစ်သည်။

ယခု ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်သစ်က ပြံုယမ်းအား ထောက်ပံ့နေသည့် ရေနံတင်သွင်းမှုများကို ပိတ်ဆို့ခြင်း ဖြစ်သည့်အပြင် ပြံုယမ်းအစိုးရ၏ အဓိကဝင်ငွေအကျိုးအမြတ်ဖြစ်နေသော ပြည်ပရောက် မြောက်ကိုရီးယားအလုပ်သမားများကို ပြန်ပို့ရေးလည်း ပါ၀င်သည်။

ချမှတ်လိုက်သည့် ဒဏ်ခတ်ပိတ်ဆို့မှုသစ်သည် ပြံုယမ်း၏ ဓာတ်ဆီ၊ ဒီဇယ်နှင့် အခြားလောင်စာဆီများ တင်သွင်းနေမှု၏ ၈၉ ရာခိုင်နှုန်းကို ပိတ်ဆို့ဖြစ်စေမည်ဟု အမေရိကန်က ပြောသည်။

၎င်းပြင် ပြံုယမ်းက တိုက်ချင်းပစ်ဒုံးကျည် ထပ်မံစမ်းသပ်ခဲ့မှုများ လုပ်ဆောင်လာဦးမည်ဆိုပါက စားနပ်ရိက္ခာအပါအဝင် အကူအညီအထောက်အပံ့များကို ပိတ်ဆို့သွားရေးလည်း ပါ၀င်ချမှတ်ထားသည့် ဆုံးဖြတ်ချက်ဖြစ်သည်။

ပြည်ပရောက် မြောက်ကိုရီးယားအလုပ်သမားများ ပြန်ပို့ရေးနှင့် ပတ်သက်ပြီး နိုင်ငံများအနေဖြင့် နှစ်နှစ်အတွင်း မြောက်ကိုရီးယားအလုပ်သမားများကို နိုင်ငံရင်းသို့ ပြန်ပို့ရမည်ဖြစ်သည်။

အမေရိကန်၏ စာရင်းအရ ပြည်ပတွင် အလုပ်လုပ်ကိုင်နေကြသော မြောက်ကိုရီးယားအလုပ်သမား တစ်သိန်းနီးပါး ရှိကြောင်း၊ အများစုမှာ တရုတ်နှင့် ရုရှတွင် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required