နေအိမ်မှာ အရေးပေါ်ဆေးသေတ္တာ ဘာကြောင့်ထားသင့်တာလဲ

နေအိမ်မှာ အရေးပေါ်ဆေးသေတ္တာ ဘာကြောင့်ထားသင့်တာလဲ

ရေးသားသူ Aye Thi Mon 
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Thurein Hlaing Win. 

နေအိမ်တိုင်းမှာအရေးပေါ် ဆေးသေတ္တာထားသင့်ပါတယ်။ မတော်တဆမှုဆိုတာမျိုးက ကြိုမှန်းထားလို့မှ မရတာလေနော်။ ချက်ရင်းပြုတ်ရင်း ဓားရှမလား၊ အပူလောင်မလား၊ သွားရင်းလာရင်း ခလုတ်တိုက်မလား၊ ချော်လဲမလား ကြိုမှန်းထားလို့ မရတဲ့အနေအထားမျိုးမှာ အရေးပေါ်ထိခိုက်မိရင် သက်သာအောင်လုပ်ဖို့အတွက် ဆေးသေတ္တာရှိထားတာက မမှားတဲ့အရာတစ်ခုလို့ပဲ အကြံပေးပါရစေ။ အရေးပေါ်ဆေးသေတ္တာက ကိုယ်တိုင်အတွက်ရော မိသားစုတွေ မိတ်ဆွေတွေကျန်းမာရေးအတွက်ပါ အသုံးဝင်လာပါလိမ့်မယ်။ ကဲ ဘာကြောင့်လဲဆိုတဲ့ အကြောင်းအချက်လေးတွေကိုပါ ထည့်ပေးထားလို့ ဆက်ကြည့်လိုက်ပါဦးနော်။

နေအိမ်မှာ ဆေးသေတ္တာထားသင့်တဲ့အကြောင်းအရင်းများ

(၁) ထိခိုက်မိတဲ့အခါ အလွယ်တကူ အသုံးပြုလို့ရတယ်

ထိခိုက်ဒဏ်ရာရတဲ့အခါ ချက်ချင်းအနာသန့်စင်တာ၊ ဆေးလိမ်းတာ၊ ပလာစတာကပ်တာမျိုးကို အလွယ်တကူလုပ်လို့ရပါတယ်။ အနာထဲပိုးဝင်တာမျိုး မလိုလားအပ်တဲ့နောက်ဆက်တြွဲပဿနာတွေမဖြစ်အောင်လည်းကာကွယ်ပြီးသားဖြစ်သွားမှာပါ။ ဓားရှတာ၊အပူလောင်တာနဲ့ အခြားမတော်တဆမှုတွေအတွက်လည်းအသုံးတည့်မှာသေချာပါတယ်။

(၂) အသေးစားဖျားနာမှုတွေအတွက် အသုံးပြုပေးလို့ ရပါတယ်

ဆေးသေတ္တာထဲမှာ ပါရာစီတမောလိုမျိုး အဖျားပျောက်စေနိုင်တဲ့ဆေးတွေပါထည့်ထားမယ်ဆိုရင် ရေချိုးမှားတဲ့အခါမျိုးပဲဖြစ်ဖြစ် မိုးမိလာတဲ့အခါမျိုးပဲဖြစ်ဖြစ် အအေးမိတဲ့အခါမျိုးမှာ သောက်ထားလို့ရပါတယ်။ အနည်းဆုံးတော့ ဖျားနာတာရှည်တာမျိုးမဖြစ်တော့ဘူးပေါ့။

(၃) အပူလောင်ဒဏ်ရာအတွက် သုံးလို့ရတယ်

အိမ်အလုပ်လုပ်ရင်း အပူလောင်တဲ့အခါမျိုးမှာ အနာကိုဆေးထည့်ဖို့အတွက် အသုံးပြုပေးလို့ရပါတယ်။ အသေးစားအပူလောင်ဒဏ်ရာ လောက်က အိမ်မှာဂရုတစိုက်စောင့်ရှောက်ရုံနဲ့သက်သာနိုင်ပါတယ်။

(၄) မူးမော်တဲ့အခါမျိုးမှာ အသုံးပြုလို့ရပါတယ်

ခေါင်းမူးတဲ့အခါမျိုးမှာ ခေါင်းမူးသက်သာစေတဲ့ဆေး အလွယ်ကူသောက်လို့ရနိုင်သလို ရှုဆေးလည်း ရှုလို့ရပါတယ်။ သွေးတိုးလို့ ဒါမှမဟုတ သွေးပေါင်ကျလို့မဟုတ်ဘဲ သာမန်ခေါင်းမူး ခေါင်းကိုက်တာတွေအတွက်အသုံးပြုပေးလို့ရပါတယ်။

(၅) ညောင်းညာကိုက်ခဲတာမျိုးအတွက် သုံးလို့ရပါတယ်

အရေးပေါ်ဆေးသေတ္တာထဲမှာ ဒဏ်ကြေလိမ်းဆေး၊ ပရုတ်ဆီ၊ ရာပန်းဆီတွေထည့်ထားမယ်ဆိုရင် တစ်နေကုန်လမ်းလျှောက်ရတာ၊ အညောင်းထိုင်တာတွေကြောင့်ဖြစ်တဲ့ ညောင်းညာကိုက်ခဲမှုဝေဒနာတွေကို သက်သာစေဖို့အတွက် အသုံးပြုပေးလို့ရပါတယ်။

(၆) ထိခိုက်ဒဏ်ရာကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲဝေဒနာတွေ ခံစားရတာ မရှိတော့ဘူး

ထိခိုက်ဒဏ်ရာရတဲ့အခါ အနာက ဘယ်လောက်ပဲသေးသေး သေသေချာချာဂရုမစိုက်မိရင် ပိုးဝင်ကူးစက်တာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် သေသေချာချာဂရုစိုက်ပေးဖို့လိုပါတယ်။ အိမ်မှာဆေးသေတ္တာလေးတစ်ခုလောက်ဆောင်ထားမယ်ဆိုရင် အနာတရဖြစ်တဲ့အခါ ချက်ချင်းထိန်းသိမ်းမှုလုပ်နိုင်မှာဖြစ်တာကြောင့် ထိခိုက်ဒဏ်ရာကနေတဆင့် ပိုးဝင်ကူးစက်တာမျိုးကို ကာကွယ်နိုင်ပါလိမ့်မယ်။

(၇) အနာကို အချိန်မီ antibiotic အသုံးပြုနိုင်မယ်

ထိခိုက်ရှနာဖြစ်တဲ့အခါ မြန်နိုင်သမျှမြန်မြန် antibiotics  လူးပေးနိုင်မှ အနာထဲကို ဘက်တီးရီးယားတွေမဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ အရးပေါ်ဆေးသေတ္တာထဲမှာ antibiotics  လူးဆေးလေးထားထားမယ်ဆိုရင် အနာဖြစ်တဲ့အခါ ချက်ချင်းလူးနိုင်မှာဖြစ်ပါတယ်။

(၈) သွေးတိတ်အောင် လုပ်နိုင်မယ်

တစ်ခါတလေမှာထိခိုက်ဒဏ်ရာရတဲ့အခါ သွေးအရမ်းထွက်တာမျိုးကြံုဖူးမှာပါ။ ပူလွန်းတဲ့အခါမျိုးမှာလည်း သွေးအရမ်းထွက်တတ်ပါတယ်။ သွေးအရမ်းထွက်နေတဲ့အခါ ပိတ်သား ပတ်တီးလေးကို အနာပေါ်မှာဖိထားပေးပြီး gauze bandage ကိုအပေါ်ကနေစည်းပေးလိုက်ရင် သွေးတိတ်အောင်လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ သွေးဆုံးရှုံးတာများရင် အရမ်းအန္တရာယ်များပါတယ်။ ဒီလိုမျိုး ဆေးသေတ္တာလေးဆောင်ထားမယ်ဆိုရင် အလွယ်တကူအသုံးပြုနိုင်မှာဖြစ်ပါတယ်။

(၉) အရေပြားဓာတ်မတည့်တာနဲ့ ပိုးကောင်ကိုက်တာကို သက်သာစေနိုင်ခြင်း

ဆေးသေတ္တာထဲမှာ ဘာမီတွန်လိုမျိုးသောက်ဆေးထားထားမယ်ဆိုရင် အစားမှားတဲ့အခါ ၊ဓာတ်မတည့်တဲ ့အငွေ့ ဒါမှမဟုတ် အရာတစ်ခုခုနဲ့ထိတွေ့မိတာကြောင့် အရေပြားဓာတ်မတည့်တာမျိုးဖြစ်တာကို သက်သာစေနိုင်မှာပါ။ ပိုးကောင်တွေဘာတွေကိုက်ခံရလို့ အရေပြားမှာ အဖုအပိမ့်ထွက်တာတွေကိုလည်း သက်သာအောင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ အရေပြားမှာ အမာရွတ်မဖြစ်အောင်လည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။

(၁၀) အိမ်နီးချင်းတွေ မိတ်ဆွေတွေကိုလည်း ကူညီနိုင်မှာပါ

ကိုယ့်နေအိမ်မှာ အရေးပေါ်ဆေးသေတ္တာလေးတစ်ခုလောက်ထားထားမယ်ဆိုရင် အိမ်သားတွေအတွက်တင်မကဘဲ အိမ်နီးချင်းတွေနဲ့ ကိုယ့်အိမ်လာလည်တဲ့မိတ်ဆွေတွေ မတော်တဆထိခိုက်ဒဏ်ရာရသွားတဲ့အခါ ကူညီပေးနိုင်မှာဖြစ်ပါတယ်။ ဆေးသေတ္တာထဲမှာ လိုအပ်တဲ့ ဆေးပစ္စည်းတွေအစုံအလင်ရှိဖို့တော့လိုပါတယ်။

အရေးပေါ်ဆေးသေတ္တာထဲမှာ ဘာတွေထည့်ထားဖို့လိုမလဲ

  • လက်သန့်ဆေးရည်
  • လက်အိတ်
  • အနာလူးဆေး (antibiotics) တစ်မျိုးမျိုး
  • အဖျားသက်သာအောင်သောက်ဆေး
  • အကိုက်အခဲပျောက်ဆေး
  • ချောင်းဆိုးပျောက်ဆေး
  • အပူလောင်ဒဏ်ရာလူးဆေး
  • ဂွမ်း
  • တစ်ရှုး
  • အရက်ပြန်
  • ပတ်တီး အမျိုးမျိုး
  • ပလာစတာအမျိုးမျိုး
  • ဇာဂနာ
  • ကတ်ကြေး
  • အဖျားတိုင်းတံ
  • ရေခဲအိတ်
  • ရေနွေးအိတ်
  • ဒဏ်ကြေလိမ်းဆေး
  • ရှုဆေး
  • ဓာတ်မတည့်မှုသက်သာစေနိုင်တဲ့ဆေး (ဘာမီတွန်လိုမျိုး)
  • လေဆေး
  • အစာကြေဆေး
  • စက္ကူတိတ်
  • တွယ်ချိတ်
  • ငုံဆေးပြား

ဒါတွေအပြင် ကိုယ့်အတွက်အဆင်ပြေတဲ့အခြားဆေးဝါးတွေ ဆေးပစ္စည်းတွေလည်းထည့်ထားလို့ရပါသေးတယ်။

အရေးပေါ်ဆေးသေတ္တာကို အသုံးပြုနိုင်မယ့် ရောဂါတွေက

  • အပူလောင်နာ
  • ပြတ်ရှဒဏ်ရာ
  • ကုတ်ခြစ်ဒဏ်ရာ
  • ပိုးကောင်ကိုက်တဲ့ဒဏ်ရာ
  • အရေပြားပေါက်ပြဲဒဏ်ရာ
  • ကြွက်သားတွေတောင့်တင်းနာကျင်တာ
  • အသေးစားဖျားနာမှု
  • နှာခေါင်းပိတ်တာ
  • ချောင်းဆိုးတာ
  • လည်ချောင်းနာတာ
  • ညောင်းညာကိုက်ခဲတာ
  • အစာမကြေတာ
  • အရေပြားဓာတ်မတည့်တာ နဲ့
  • အခြားအရေပြားပြဿနာတွေ အတွက်အသုံးပြုလို့ရပါတယ်။

အရေးပေါ်ဆေးသေတ္တာကို ဝယ်ထားဆောင်ထားရုံနဲ့လည်း မပြီးသေးပါဘူး။ ကိုယ်တိုင်အသုံးပြုတတ်အောင်လည်း လေ့လာသင်ယူ တာတွေလုပ်ရပါမယ်။

မတော်တဆထိခိုက်မိတာမျိုးက အချိန်မရွေးနေရာမရွေးဖြစ်နိုင်တာကြောင့် အရေးပေါ်ဆေးသေတ္တာတစ်ခုလောက်ကတော့ အိမ်တိုင်းမှာထားထားသင့်ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့အခါ အလွယ်တကူလုပ်ဆောင်နိုင်ပြီး မလိုလားအပ်တဲ့နောက်ဆက်တွဲပြဿနာတွေမဖြစ်အောင်တားဆီးနိုင်မှာပါ။ ဒဏ်ရာတွေကိုအချိန်မီ ကုသစောင့်ရှောက်နိုင်တာကြောင့် အနာပိုးဝင်တာ၊ရောင်ရမ်းတာမျိုးတွေကနေလည်းရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ အခုလောက်ဆိုရင် နေအိမ်မှာဆေးသေတ္တာထားသင့်တယ်လို့ ဘာကြောင့်ပြောတာလဲဆိုတာကို သိလောက်မယ်ထင်ပါတယ်။ မိသားစုတိုင်း ကျန်းမာကြပါစေ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required