ကိုယ်ကိုယ်တိုင် အနားယူခြင်းနည်းလမ်းများ

ကိုယ်ကိုယ်တိုင် အနားယူခြင်းနည်းလမ်းများ

ရေးသားသူ Dr . Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

အနားယူခြင်းဟာ သင့်ကိုယ်ရောစိတ်ပါ တင်းကျပ်မှုတွေကို ပြေပျောက်စေတဲ့ ဖြစ်စဉ် တစ်ခုဖြစ်ပါတယ်။ လူအတော်များများဟာ ဒါကို လေ့ကျင့်သင့်ပြီး စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းတွေနဲ့ စိတ်ကိုကြည်လင်စေတဲ့ နည်းလမ်းတွေအကြောင်းကို သင်ယူသင့်ပါတယ်။

အပန်းပြေစေတဲ့ နည်းလမ်းတွေက ဘယ်လိုအကျိုးကျေးဇူးတွေ ရှိပါသလဲ။

များပြားလှတဲ့ တာဝန်ယူမှုတွေနဲ့ အလုပ်တာဝန်တွေက သင့်ကို စိတ်ဖိစီးပြီး စိတ်ပင်ပန်းစေကာ သင့်ကျန်းမာရေးနဲ့ ကို်ယ်ခံအားစနစ်အတွက် ဆိုးကျိုးတွေ ဖြစ်ပေါ်စေပါတယ်။ စိတ်အပန်းပြေစေတဲ့ နည်းလမ်းတွေကို လေ့ကျင့်ခြင်းဖြင့် အောက်ဖေါ်ပြပါ အကျိုးကျေးဇူးတွေ အပါအဝင် အကျိုးများစွာ ရရှိစေပါတယ်။

• နှလုံးခုန်နှုန်းကို နှေးစေခြင်း
• သွေးပေါင်ကျစေခြင်း
• အသက်ရှူနှုန်း နှေးစေခြင်း
• စိတ်ဖိအားတက်စေတဲ့ ဟော်မုန်း အလုပ်လုပ်တာ လျော့ကျစေခြင်း
• အဓိက ကြွက်သားတွေကို ပိုမို သွေးစီးဆင်းခြင်း
• ကြွက်သားတောင့်တင်းမှုနဲ့ နာတာရှည် နာကျင်မှုတို့ကို လျော့ကျစေခြင်း
• အာရုံစူးစိတ်မှုပိုကောင်းခြင်း၊ စိတ်ကြည်လင်ခြင်း
• ပင်ပန်းနွမ်းနယ်မှု နည်းခြင်း
• ဒေါသ၊ စိတ်ရှုပ်ထွေးမှု နည်းပါးခြင်း
• ပြဿနာဖြေရှင်းဖို့ ယုံကြည်ချက် ပိုမိုရှိခြင်း
အပန်းပြေစေဖို့ နည်းလမ်းတွေ ဘယ်နှမျိုး ရှိသလဲ။

အပန်းပြေစေဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။
• Autogenic relaxation – ဒီ အပန်းပြေစေတဲ့ နည်းလမ်းမှာ အမြင်ပိုင်းဆိုင်ရာရော၊ ကိုယ်ခန္ဓာ သိရှိမှုရောကို အသုံးပြုပြီး စိတ်ဖိစီးမှု လျှော့ချတာ ဖြစ်ပါတယ်။ ကြွက်သား တောင့်တင်းမှုကို လျော့ကျစေဖို့ စကားလုံးတွေ၊ အကြံပေးချက်တွေကို အကြိမ်ကြိမ် ရွတ်ဆိုတာ ဖြစ်ပါတယ်။
• Progressive muscle relaxation – ဒီနည်းလမ်းမှာတော့ ကြွက်သားအုပ်စု တစ်စုစီရဲ့ တင်းကျပ်မှုကို အာရုံစိုက်ပြီး လျော့ကျစေတာဖြစ်ပါတယ်။ ဒါဟာ သင့်ကို ကြွက်သား တင်းကျပ်မှုနဲ့ လျော့ကျမှုတွေရဲ့ ကွာခြားချက်ကို နားလည်စေမှာဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အာရုံခံစားမှုတွေကို ပိုမို နားလည်လာစေမှာပါ။
• မြင်ယောင်ကြည့်ခြင်း – ဒီနည်းမှာတော့ အေးချမ်းသာယာတဲ့ ခရီးတစ်ခုကို သွားတဲ့ပုံစံ စိတ်ထဲမှာ မြင်ယောင်ကြည့်မှာ ဖြစ်ပါတယ်။ ဒီလိုလုပ်နေစဉ်မှာ သင်တတ်နိုင်သမျှ အာရုံတွေ အကုန်ကို အသုံးပြုနိုင်ပါတယ်။ (အနံ့၊ အသံ၊ အထိအတွေ့)

အခြား အပန်းပြေစေတဲ့ နည်းလမ်းတွေကတော့-
• အသက်ပြင်းပြင်းရှူခြင်း
• အိပ်ငွေ့ချခြင်း
• နှိပ်နယ်ခြင်း
• တရားထိုင်ခြင်း
• ထိုက်ကျိ ကစားခြင်း
• ယောဂ ကျင့်ခြင်း
• Biofeedback
• အသံ ကုထုံး များပဲဖြစ်ပါတယ်။

ဒီလို အပန်းပြေစေတဲ့နည်းလမ်းတွေကို ကိုယ်တိုင် ဘယ်လိုသင်ယူလို့ ရမလဲ။

ဒီလိုသင်ယူဖို့အတွက်ဆိုရင် လူသိများတဲ့နည်းလမ်းတွေဖြစ်တဲ့ မြင်ယောင်ကြည့်ခြင်းနဲ့ တရားထိုင်ခြင်းတို့အတွက် တိတ်ခွေ၊ ဗီဒီယိုခွေတွေရှာဖွေနိုင်ပြီး သင့်အိမ်ဝန်းကျင်မှာ သင်ပေးတဲ့ သင်တန်းတွေရှိမရှိ ကြည့်သင့်ပါတယ်။ တကယ်တော့ အပန်းပြေစေတဲ့နည်းလမ်းတွေဟာ ကျွမ်းကျင်မှုတွေဖြစ်တာကြောင့် အခြားကျွမ်းကျင်မှုတွေလိုပဲ လေ့ကျင့်မှုနဲ့အတူ တိုးတက်လာပါလိမ့်မယ်။ စိတ်ရှည်သည်းခံပါ။ ဒီ အပန်းပြေစေတဲ့ နည်းလမ်းတွေက သင့်အတွက် စိတ်ဖိစီးမှု နောက်တစ်ခု မဖြစ်စေသင့်ပါဘူး။ နည်းလမ်းတစ်ခုက အကျိုးမရှိရင် နောက်တစ်ခု ပြောင်းလုပ်သင့်ပါတယ်။

ဒါပေမယ့် သင့်မှာ တိကျတဲ့ ကျန်းမာရေးဆိုင်ရာ (သို့) စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခု ရှိနေမယ်ဆိုရင်တော့ စိတ်ရောဂါကုဆရာဝန်၊ ဒါမှမဟုတ် ကျွမ်းကျင်သူတွေကို ပြသပြီး သူတို့ကို အထက်ပါနည်းလမ်းတွေကို သင်ခိုင်းသင့်ပါတယ်။ ကျန်းမာရေးပညာရှင်က ဘယ်အပန်းပြေစေတဲ့နည်းလမ်းက သင့်အတွက် အကောင်းဆုံးလဲဆိုတာ ဆုံးဖြတ်ပေးပါလိမ့်မယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required