စုပ်ခွက်ငါးများ ဝင်ရောက်မှုကြောင့် ငါးမွေးမြူရေးလုပ်ငန်းများ ထိခိုက်နေ

စုပ်ခွက်ငါးများ ဝင်ရောက်မှုကြောင့် ငါးမွေးမြူရေးလုပ်ငန်းများ ထိခိုက်နေ

ဒီဇင်ဘာ ၂၂ရက် ။            ။ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးရှိ ငါးမွေးကန်အချို့တွင် စုပ်ခွက် (Plecostomus) ငါးများ ဝင်ရောက်မှုကြောင့် ငါးမွေးမြူရေးလုပ်ငန်းရှင်များ နစ်နာဆုံးရှုံးနေသည်ဟု လုပ်ငန်းရှင်အချို့ကပြောသည်။

 စုပ်ခွက်ငါးမှာ စားသုံးသူစျေးကွက်လုံးဝမရှိဘဲ မည်ကဲ့သို့ ရောင်းချအသုံးပြုရမည်ကို ယခုချိန်ထိအဖြေရှာနေကြဆဲဖြစ်သည်။

“ဒီကောင်တွေ စဝင်လာတာ ၃ နှစ်လောက်ရှိပြီ။ ဧက ၃၀ ကန်တစ်ကန်ဆိုရင် စုပ်ခွက် ပိသာချိန် ၅၀၀၀ လောက်ထွက်နေတယ်။ အဲလိုဝင်လာတော့ အစ်ကိုတို့မွေးထားတဲ့ ငါးတွေ အထွက်နှုန်းလျော့တာ အရွယ်အစားမမှန်တာတွေဖြစ်လာတယ်” ဟု ငါးမွေးကန် ဧက ၁၀၀၀ ကျော် ရှိသည့် ငါးမွေးမြူရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးထက်ဖြိုးဟန်က ပြောသည်။

မြန်မာ့မျိုးရင်းမဟုတ်သည့် ငါးမျိုးစိတ်အချို့ ငါးမွေးကန်များသို့ ယခင်က ဝင်ရောက်မှု များ ရှိခဲ့ဖူးသော်လည်း ယခုလောက်မဆိုးကြောင်း လုပ်ငန်းရှင်များက ပြောသည်။

ရန်ကုန်တိုင်း ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးလှဌေးက “ဒီငါးတွေက နိုင်ငံခြားကနေ တရားမဝင်တင်သွင်းလာတဲ့ငါးတွေ။ သူတို့အလှမွေးငါးကန်တွေမှာ မထိန်းသိမ်းနိုင်တဲ့အခါ ကြံုတဲ့နေရာမှာ သွားပြီးတော့ စွန့်ပစ်ရာကနေ စတဲ့ပြသာနာ”ဟုပြောသည်။

ငါးမွေးကန်ပိုင်ရှင်များအနေနှင့် ၎င်းတိုအစီအစဉ်ဖြင့်သာ ဖမ်းမိသည့် စုပ်ခွက်ငါးများကို မျိုးတုန်းအောင်ရှင်းလင်းပစ်ရန်လိုအပ်ကြောင်း ၎င်းကဆက်ပြောသည်။

အလှမွေးငါးကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ဦးသန်းအောင်ထွန်း က “သူ (စုပ်ခွက်) က  အစာလုစားတယ်။ အဲဒီအတွက် ငါးမွေးကန်က ငါးတွေ ကြီးထွားနှုန်းလျော့စေတယ်။  အဲဒီအစာမစားရရင်လည်း ငါးအကြီးတွေရဲ့ဗိုက်မှာကပ်ပြီး အရည်စုပ်တဲ့အတွက် အနာဖြစ်ပြီး ငါးတွေသေနိုင်တယ်” ဟု ပြောသည်။

စုပ်ခွက်ငါးများမှာ လွန်ခဲ့သည့် အနှစ် ၂၀ ခန့်က အလှမွေးငါးကန်သန့်ရှင်းရေးငါးဆိုပြီး စင်ကာပူနိုင်ငံမှ ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ရေအောက်ရှိအပင်များနှင့် ရေမှော်များတွင် ကပ်နေတက်သည့် ငါးဥများကို စားတတ်သည့် သဘာဝရှိသောကြောင့် ဒေသမျိုးရင်း ငါးမျိုးစိတ်များအတွက် အန္တရာယ်ရှိကြောင်း ၎င်းကဆက်ပြောသည်။

မြန်မာနိုင်ငံအလှမွေးငါးလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးဖြစ်ပြီး အလှမွေးငါးလုပ်ငန်းလုပ်ကိုင်နေသည့် ဦးခင်မောင်ဦးကမူ “ငါးစာ စားတာကတော့လည်း စားတယ်။ ဒါပေမဲ့ သူတို့မွေးမြူရေး ငါးတွေရဲ့ အစာကို လုစားနိုင်လောက်တဲ့အထိလည်း မဟုတ်ပါဘူး” ဟု ပြောသည်။

သို့သော် စုပ်ခွက်ငါးများသည် တွင်းတူးပြီး ‘ဥ’ ဥတတ်သည့် သဘာဝရှိသည့်အတွက် ငါးမွေးကန်ဘောင်များကို ပျက်စီးစေနိုင်ကြောင်း ၎င်းကဆက်ပြောသည်။

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် စုပ်ခွက်ငါးများကို လတ်တလောတွင် ရှင်းလင်းရန် အစီအစဉ်မရှိကြောင်း၊ ထိုငါးတစ်မျိုးထဲ သီးသန့်သေစေနိုင်သည့် ဆေးလည်းမရှိကြောင်း ၎င်းကပြောသည်။

စုပ်ခွက်ငါးများသည် အပူပိုင်းငါးမျိုးဖြစ်ပြီး ၎င်းတို့၏ မူရင်းပေါက်ဖွားရာဒေသမှာတောင်အမေရိကတိုက်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly