မကွေးဆရာတော်ဦးပါမောက္ခ အာမခံပယ်ချခံရ

မကွေးဆရာတော်ဦးပါမောက္ခ အာမခံပယ်ချခံရ

ရန်ကုန် ဒီဇင်ဘာ ၂၂ ။            ။ မကွေးကျောင်းဆရာတော်ဦးပါမောက္ခအမှုတွင် အာမခံလျှောက်ထားခြင်းကိစ္စများကို တရားရုံးက ပယ်ချလိုက်သည်ဟု ဆရာတော် ဦးပါမောက္ခ အမှုကူညီဆောင် ရွက်သူများအဖွဲ့မှ ဦးအောင်မြိုင်က ပြောသည်။

နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသည့် မကွေးကျောင်းဆရာ တော်ဦးပါမောက္ခကို ယနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့က ရန်ကုန်၊ ကမာရွတ်မြို့နယ်တရားရုံးတွင် ၆ ကြိမ် မြောက် ရုံးထုတ်စစ်ဆေးခဲ့အပြီး ဦးအောင်မြိုင်က သတင်းမီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။

“အာမခံ အတွက် ဆေးစာတို့ဘာတို့ မပါပေမယ့်လို့ ဆရာ တော်ဟာ အသက် ၅၀ ကျော်ပြီး အသက်အရွယ် ကြီးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်၊ ၂၂၇ သွယ်သိက္ခာပုဒ်တွေ စောင့်ထိန်းတဲ့ရဟန်းဖြစ်တဲ့အတွက်ကြောင့် ထွက် မပြေးဘူးဆိုတာ ယုံလောက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်၊ နောက်ပြီးတော့ ဒီလိုအခြေအနေတွေ ပေါ်မှာ ဆရာ တော့်ကို အာမခံပေးဖို့ ရုံးက ဆင်ခြင်တုံတရားနဲ့ အာမခံပေးမယ်ဆိုရင် ပေးနိုင်ပါတယ်၊ ဒါကို အာမခံ ပေးပါလို့ တရားလွှတ်တော်ရှေ့နေကထပ်ဆင့် လျှောက်ထားတယ်၊ ဒါလည်းပယ်ချခံရပါတယ်" ဟု ဆရာတော် ဦးပါမောက္ခအမှုကူညီဆောင်ရွက်သူ များအဖွဲ့မှ ဦးအောင်မြိုင်က ပြောသည်။

ဦး တိုက်လျှောက်ထားလွှာပေါ်မှ လက်မှတ်သည် တရားလို၏ လက်မှတ် မဟုတ်ကြောင်းမှန်ကန်သော်လည်း ယခုတရားစွဲဆိုမှုကို မပျက်ပြယ်စေကြောင်းသိရသည်။

တရားရုံးတော်သို့ ဦးတိုက် လျှောက်ထားလွှာတွင် တရားလို၏ လက်မှတ် မဟုတ် သော်လည်း ဦတိုက်လျှောက်ထားလွှာ၏ နောက် ဆက်တွဲ (က)မှ လက်မှတ်သည် တရားလို လက်မှတ်မှန်ကန်နေသည်။

ယခု စစ်ဆေးသည့် အနေအထားမှာ တရားလိုတစ်ဦးတည်းကိုသာ စစ်ဆေးနေခြင်းဖြစ်ပြီး တရားလိုတင်ထားသည့် သက်သေ ၆ ဦး မစစ်ဆေးရသေးသည့်အတွက် တရားလိုတစ်ဦးတည်း၏ ထွက်ချက်သည် မှန်ကန်မှု ရှိမရှိ ဆုံးဖြတ်၍မရခြင်း၊ သက်သေ ၆ ဦးအား မစစ် ဆေးရသေး၍ ဆုံးဖြတ်၍ မရခြင်း စသည့် အချက် ၃ ချက်ဖြင့် လျှောက်ထားမှုကို ယနေ့ ပယ် ချခဲ့သည်ဟု ဦးအောင်မြိုင်၏ ပြောပြချက်အရ သိရ သည်။

" ဒီကနေ့ ၂ ရက်ဆက်တိုက် ရုံးထုတ်ပြီးတော့ ဒီကနေ့မှာ အဲဒီလက်မှတ်အတုကိစ္စ လျှောက်လဲချက်ကို တရားရုံးက ပယ်ပါတယ်၊ ဆရာတော့်ကို ဆက် လက် ဖမ်းဆီးချုပ်နှောင်ထားပါတယ်”ဟုပြောသည်။

ဆရာတော်ဦးပါမောက္ခသည် ပုဒ်မ ၁၉ အတွက် ထောင်ဒဏ် ၁ လ ချမှတ်ခံရသည်မှာ ၁ လ ပြည့်၍ ပြန်လည်လွတ်မြောက်ပြီဖြစ်သော်လည်း ပုဒ်မ ၅၀၅ (ခ) အတွက် ဆက်လက်အမှုရင်ဆိုင်နေရခြင်းဖြစ် သည်။

" ဆရာတော်ဟာ လက်ထိတ်ကြီးနဲ့ ရုံးထုတ်ခံရ တယ်၊ သာမန်လူဆိုး၊ လူမိုက်၊ လူသတ်သမား လည်း မဟုတ်ပါဘူး၊ တရားနဲ့နေပြီး တရားဥပဒေ စိုးမိုးရေးအတွက် ရဟန်းရှင်လူ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ခဲ့တဲ့ ဆရာတော်ဖြစ်ပါတယ်၊ ဒီလိုဆရာတော့်အပေါ်မှာ ဒီလို တရားဥပဒေကို စောင့်ထိန်းလက်ကိုင်ပြုနေသူတွေက ကျူးလွန်ပြီး နှိပ်စက်ညှဉ်းပန်းမှုလုပ်လာတယ်လို့ တွေ့မြင်နေရ ပါတယ်" ဟု ဦးအောင်မြိုင်က ဆက်ပြောသည်။

၂၀၁၆ ခုနှစ် ဧပြီလ ၂၈ ရက်က အမေရိကန်သံရုံး ရှေ့တွင် ခွင့်ပြုချက် မရှိဘဲဆန္ဒပြမှုအတွက် ရဟန်း ၃ ပါးနှင့် လူ ၄ ဦးကို အမှုဖွင့်ခဲ့သည်။ ယင်းနောက် ရဟန်း ၃ ပါး ဖြစ်သော ဦးပါမောက္ခ၊ ဦးသုစိတ္တနှင့် ဦးပညာဝံသ တို့ကို တရားရုံးသို့ အစစ်ဆေးခံရန် မလာ ရောက်ခဲ့ကြသည့်အတွက် ဖမ်းဝရမ်း ထုတ်ပြန်ထားခဲ့သည်။

ဆရာတော်ဦးပါမောက္ခသည် ဖမ်းဝရမ်းထုတ်ခံထား ရစဉ် နိုဝင်ဘာလ ၁၂ ရက်က ဒဂုံမြို့သစ်မြောက် ပိုင်း၊ မြို့မရဲစခန်းတွင် ဒဂုံမြို့သစ်မြောက်ပိုင်း ၃၈ ရပ်ကွက်ရှိ အခွန်လွတ်စျေးမြေနေရာကိစ္စ ဆန္ဒဖော် ထုတ်ရန် ခွင့်ပြုချက်လာရောက်တောင်းခံစဉ် လူဝတ်လဲဖမ်းဆီး ခံခဲ့ရသည်။

ထို့နောက် ကမာရွတ်မြို့နယ် တရားရုံးက နိုင်ငံတော်အကြည်အညိုပျက် စေမှု ပုဒ်မ ၅၀၅ (ခ)ကို အာမခံမပေးသည့်အတွက် အင်းစိန်ထောင်တွင် ထိန်းသိမ်းခံရကာ ယခုကဲ့သို့ အမှုဆက်လက်ရင်ဆိုင်နေရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required