ယခုနှစ်အတွက် နောက်ဆုံး ငြိမ်းချမ်းရေးစကားဝိုင်း လွိုင်ကော်မှာ ပြုလုပ်မယ်

ယခုနှစ်အတွက် နောက်ဆုံး ငြိမ်းချမ်းရေးစကားဝိုင်း လွိုင်ကော်မှာ ပြုလုပ်မယ်
ဝမ်းတွင်းမြို့နယ်၊ မြေတိုင်ကန်ရွာတွင်ပြုလုပ်သည့် ငြိမ်းချမ်းရေးစကားဝိုင်းတွင် တွေ့ရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
 

နေပြည်တော်(ဒီဇင်ဘာ ၂၂ရက်၊ ၂၀၁၇ခုနှစ်)။ ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံပြည်သူများ၏ ငြိမ်းချမ်းရေးစကားဝိုင်း တစ်ခုကို ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ယခုလမကုန်ခင် ကျင်းပပြုလုပ်သွားရန် အစိုးရက စီစဉ်လျက် ရှိသည်။

ငြိမ်းချမ်းရေးစကားဝိုင်းကို ယခုလ ၂၆ရက်တွင် ကျင်းပပြုလုပ်သွားမည်ဟု မဇ္ဈိမက စုံစမ်းသိရှိရပြီး အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးဦးဆောင်သည့် အဖွဲ့ဝင် ၅၀ဦးခန့်က ယမန်နေ့ကတည်းက လွိုင်ကော်မြို့သို့ ရောက်ရှိကာ စကားဝိုင်းအတွက် ကြိုတင်ပြင်ဆင်လျက်ရှိသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ငြိမ်းချမ်းရေးစကားဝိုင်းအပြင် ပြည်နယ်ခန်းမတွင် လူထုတွေ့ဆုံပွဲတစ်ခု ပြုလုပ်ရန် စီစဉ်နေသည်ဟုလည်း သိရသည်။

အသေးစိတ်သိရှိနိုင်ရန် မဇ္ဈိမက ဦးဇော်ဌေးထံ နှစ်ကြိမ်တိုင် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခဲ့ခြင်း မရှိပေ။

“Peace Talks လုပ်မယ်လို့တော့ သိထားတယ်။ ဘယ်နေ့ဆိုတာတော့ မသိသေးဘူး။ အစိုးရအဖွဲ့က လုပ်နေတာ” ဟု ကယားပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၇)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်စိုး(ခ)ဖိုးခွားက ပြောသည်။

ယခုပြုလုပ်မည့် ငြိမ်းချမ်းရေးစကားဝိုင်းသည် ငါးကြိမ်မြောက်ဖြစ်ပြီး ယခင်က ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လူငယ်များ၊ ကျေးလက်နေ ပြည်သူများ၊ တိုင်းရင်းသားလူမျိုးများနှင့် နေပြည်တော်တွင် နှစ်ကြိမ်၊ ပင်လုံမြို့တွင် တစ်ကြိမ်၊ ဝမ်းတွင်းမြို့နယ်၊ မြေတိုင်ကန်ရွာတွင် တစ်ကြိမ် ပြုလုပ်ခဲ့ဖူးသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ ၂၀၁၇ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် ရည်ရွယ်သတ်မှတ်ခဲ့သော်လည်း လက်တွေ့တွင် အကောင်အထည် မပေါ်သေးပေ။

ဒေါ်အောင်ဆန်းစုကြည်သည် လွိုင်ကော်သို့ ၂၀၁၄ခုနှစ်၊ နိုဝင်ဘာလ ၈ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး သွားရောက်ဟောပြောခဲ့သလို ၂၀၁၅ခုနှစ်ကလည်း ကယားပြည်နယ်သို့ သွားရောက်ကာ မဲဆွယ်စည်းရုံးဟောပြောမှုများ ပြုလုပ်ခဲ့သေးသည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly