လည်ချောင်းနာခြင်း

လည်ချောင်းနာခြင်း

ရေးသားသူ Poe Ei Win 
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Kaung Thar. 

လည်ချောင်းနာတာ ဟာ တော်တော်ခံရခက်တဲ့ ကိစ္စတစ်ခုပါ။ နာလည်းနာတယ်၊ စိတ်နှောင့်အယှက်လဲတော်တော်ဖြစ်ပါတယ်။ ဒါပေမယ့် လည်ချောင်းနာတာ အများစူကတော့ သာမန်ဖျားတာနာတာလောက်ကြောင့်ပဲ ဖြစ်တတ်ပြီး ကုသမှု မလိုအပ်ပဲ ပျောက်ကင်းသွားနိုင်ပါတယ်။

လည်ချောင်းနာဆိုတာဘာလဲ။

လည်ချောင်းနာခြင်းကို လည်ချောင်းရောင်ခြင်း (Pharyngitis) ဟုလည်းခေါ်ပါတယ်။ ပိုးဝင်၍ လည်ချောင်းနာကျင်သော ရောဂါတစ်ခုဖြစ်ပြီး အဖြစ်များပါတယ်။ လူနာသည် လည်ချောင်း တစ်လျှောက် နာကျင်ပူလောင်ခြင်းကို ခံစားရ၍ မသက်မသာဖြစ်ရတယ်။ အထူးသဖြင့် အစာမြိုချရ ခက်ခဲတတ်တယ်။ ဒီရောဂါဟာ အများအားဖြင့် ထိခိုက်မှုမရှိဘဲ တစ်ပတ်အတွင်း အလိုအလျောက် ပျောက်သွားတတ်တယ်။

လည်ချောင်းနာခြင်းဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

မည်သည့်အသက်အရွယ်မဆို ဒီရောဂါဖြစ်တတ်ပါတယ်။ ရောဂါဖြစ်ပွားနှုန်းကို မြင့်စေသော အကြောင်းရင်းများကို လျှော့ချခြင်းဖြင့် စီမံနိုင်တယ်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ

လည်ချောင်းနာခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။

အဖြစ်အများဆုံးကတော့ လည်ချောင်းတစ်လျှောက် နာကျင်နေခြင်းပဲဖြစ်တယ်။ ရောဂါဖြစ်စေ သော အကြောင်းရင်းပေါ်မူတည်၍ နားကို၊ ဖျားနာ၊ အာသီးရောင်၊ လည်ပင်းနာ၊ စကားပြောရင်နာ၊ မြိုချရင်နာ၊ လည်ချောင်းနီရဲ၊ နှာစေး၊ အိပ်ရင်ဟောက်ပြီး အသက်ရှူရခက်၊ တံတွေးကျ၊ တစ်ကိုယ်လုံး ကိုက်ခဲ၊ လည်ပင်းအကျိတ်များ ရောင်ရမ်းနာကျင်ခြင်း စသည်တို့ ဖြစ်နိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့ အထဲမှာ မပါဝင်တဲ့ အခြားသောလက္ခဏာများလည်း ရှိနိုင်ပါသေး တယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

 ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ် သင့်ပါတယ်။

  •  ရောဂါသည် (၇)ရက် ထက်ပိုပြီးကြာနေခြင်း
  •  စကားပြော၊ အသက်ရှူရင်နာလျှင် သို့မဟုတ် ပါးစပ်ဟရခက်ခဲနေခြင်း
  •  လည်ချောင်းနာရုံသာမက မေးရိုးနဲ့ နားထင်ရိုးကို ဆက်ထားသောအဆစ်မှ (Temporomandibular join) မှ နာနေခြင်း (သို့မဟုတ်) နားကိုက်ခြင်း
  •  လည်ချောင်းနာပြီး အရေပြားတွင် အင်ပျဉ်ထခြင်း (သို့မဟုတ်) အဖျား(၃၈)ဒီဂရီစင်တီဂရိတ် ထက်ကျော်ခြင်း
  •  တံတွေး (သို့မဟုတ်) သလိပ်တွင် သွေးပါခြင်း
  •  လည်ပင်းတွင် အကျိတ်ထွက်လာခြင်း
  •   နှစ်ပတ်ထက်ကျော်ပြီး အသံနာနေခြင်း

ဖြစ်ပွားမှုအကြောင်းရင်းများ

ဘာတွေက လည်ချောင်းနာခြင်းကို ဖြစ်ပွားစေသလဲ။

အများအားဖြင့် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တယ်။ လေထုညစ်ညမ်းခြင်း၊ အရက်၊ ဓာတ်မတည့် ပစ္စည်းများ၊ ဘတ်တီးရီးယား၊ ဓါတုပစ္စည်းများနဲ့ ဆေးလိပ်သောက်ခြင်းကလည်း လည်ချောင်းနာစေ တတ်ပါတယ်။ ထို့ပြင် ရာသီဥတုအေးလာရင်လည်း အဖြစ်များတယ်။ ဆီးပူညောင်းကျဂနိုရောဂါပိုးနဲ့ chlamydia ရောဂါပိုးများသည်လည်း လည်ချောင်းနာခြင်းကို ဖြစ်စေနိုင်သော်လည်း အဖြစ်နည်း ပါတယ်။

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့်အကြောင်းရင်းများ

ဘယ်အရာတွေက လည်ချောင်းနာခြင်းဖြစ်ပွားနိုင်ချေကို မြင့်စေပါသလဲ။

လည်ချောင်းနာခြင်းဖြစ်ပွားနိုင်ချေကို မြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် –

  •  ကလေးငယ်များ (သို့မဟုတ်) ကိုယ်ခံအားနည်းသူများ
  • လူထူထပ်သောနေရာတွင်နေခြင်း (သို့မဟုတ်) စာသင်ခန်း၊ ဆေးရုံ၊ ရုံးကဲ့သို့ အခန်းကျဉ်းတွင် စုပြံုနေခြင်း
  •  ဆေးလိပ်ငွေ့ရှုရှိုက်မိခြင်း (ကိုယ်တိုင်ဆေးလိပ်မသောက်သော်လည်း သောက်သောသူထံမှ ဆေးလိပ်ငွေ့များကို တစ်ဆင့်ရှုရှိုက်မိခြင်း)
  •  ဖုန်မှုန့်၊ တိရစ္ဆာန်အမွေး၊ ပန်းဝတ်မှုန်တို့နဲ့ ဓာတ်မတည့်ခြင်း
  •  နာတာရှည် နှာခေါင်းတွင်းရှိ အမြှေးပါးရောင်ခြင်း (chronic rhinitis) (သို့မဟုတ်) မကြာခဏ နှာခေါင်းအမြှေးပါးရောင်ခြင်း

ရောဂါအဖြေရှာခြင်းနဲ့ ကုသခြင်း

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူ၏အကြံပေး ချက်များနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ဆက်လက်သိရှိလိုသော အချက်အလက်များအတွက် သင့်ရဲ့ ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးပါ။

လည်ချောင်းနာခြင်း ဟုတ်၊ မဟုတ်ကို ဘယ်လိုအဖြေရှာ အတည်ပြုသလဲ။

သင့်ဆရာဝန်က သင့်ရောဂါရာဇဝင်ကိုမေးပြီး နားနဲ့လည်ချောင်းကို စမ်းသပ်စစ်ဆေးပြီးရောဂါ ကို အတည်ပြုပါတယ်။ တကယ်လို့ သင့်မှာ Streptococcus ပိုး(လည်ချောင်းနာရောဂါကိုဖြစ်စေသော ပိုး)ဝင်နိုင်ချေရှိရင် သင့်ဆရာဝန်က သင့်လည်ချောင်းထဲမှ အရည်ကို စမ်းသပ်စစ်ဆေးပါမယ်။ Glandular fever (သွေးဖြူဥနှုန်းမြင့်မားကာ အဖျားတက်စေသောရောဂါ) ကဲ့သို့သော အခြားရောဂါ များ ရှိတယ်ဟု သံသယရှိလျှင် သင့်ကို သွေးစစ်ခိုင်းပါလိမ့်မယ်။

လည်ချောင်းနာခြင်းကို ဘယ်လိုကုသမလဲ။

အများအားဖြင့် အလိုအလျောက်ပျောက်သည်ကများတယ်။ အဖျားနဲ့ အနာသက်သာအောင် ပါရာစီတမော သောက်နိုင်တယ်။ ပိုးဝင်ခြင်းကြောင့် ဖြစ်တယ်လို့ သံသယရှိရင် သင့်ဆရာဝန်က ပဋ္ဋိဇီဝဆေးများ ပေးပါလိမ့်မယ်။ သို့သော် သင်ခံစားနေရသည်မှာ ဗိုင်းရပ်စ် ပိုးကြောင့်ဆိုရင် ဘတ်တီးရီးယားပိုးသတ်ဆေးက အသုံးမဝင်ပါ။ ရေနွေးသောက်ခြင်း (သို့မဟုတ်) ပျားသံပရာဖျော်ရည်သောက်ခြင်းက သင့်ရောဂါသက်သာအောင် ကူညီပါလိမ့်မယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ

အောက်ဖော်ပြပါ လူနေမှုပုံစံမျာနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် လည်ချောင်းနာခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့ နေရာမှာ အကူအညီပေးနိုင်ပါတယ်။

  • ဆားငန်ရေနွေးနွေး ပလုတ်ကျင်းပါ။
  •  ရေနွေးများများသောက်ပါ။ ရေခဲရေ၊ အအေးမသောက်ပါနဲ့။
  •  ဘီယာ၊ အရက်ရှောင်ပါ။
  •  ဆေးလိပ်မသောက်ပါနဲ့။ ညစ်ညမ်းသော လေထု၊ ဆေးလိပ်ငွေ့ဝေနေသော ပတ်ဝန်းကျင်နဲ့ ဝေးဝေးနေပါ။
  •  အစာမစားခင်နဲ့ လည်ချောင်းနာနေသောလူများနဲ့ ထိတွေ့ကိုင်တွယ်ပြီးရင် လက်ကိုအမြဲဆေး ကြောပါ။
  •  သင်ကိုယ်တိုင် လည်ချောင်းနာနေရင် အစားအသောက်နဲ့ အသုံးအဆောင်များကို အခြားသူ တွေနဲ့ အတူမသုံးစွဲပါနဲ့။

အကယ်၍ သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက် သင့်တော်တဲ့အဖြေရှာဖွေနိုင်ဖို့ ဆရာဝန် နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required