ကားနှစ်စီး ဆင့်တိုက်ခံရသောအမျိုးသမီး ပွဲချင်းပြီးသေဆုံး

ကားနှစ်စီး ဆင့်တိုက်ခံရသောအမျိုးသမီး ပွဲချင်းပြီးသေဆုံး
ဓာတ်ပုံ-ဦးထင်လင်းအောင်

ရန်ကုန်၊ ဒီဇင်ဘာလ ၂ဝ ။            ။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းမ၊ ၁၂ လမ်းမှတ်တိုင်အနီးတွင် လမ်းဖြတ်ကူးနေသည့် အမျိုးသမီးတစ်ဦးအား ကားနှစ်စီးက ဆင့်တိုက်ထွက်ပြေးသွားခဲ့ပြီး အမျိုးသမီးမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့ ကြောင်း သွားရောက်ကူညီပေးခဲ့သည့် ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ စခန်းမှူး ဦးထင်လင်းအောင်က မဇ္စျိမသို့ ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုမှာ ယနေ့ ဒီဇင်ဘာလ ၂ဝ ရက်၊ နံနက် ၅ နာရီခွဲအချိန်ခန့်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ၁၂ လမ်းမှတ်တိုင်အနီးတွင် လမ်းဖြတ်ကူးနေသည့် အသက် ၄ဝ ခန့်အရွယ် အမျိုးသမီးတစ်ဦးကို ကားတစ်စီးမှ တိုက်ပြေးသွားခဲ့ပြီး အမျိုးသမီးမှာ ဒဏ်ရာများဖြင့် လမ်းမပေါ်လဲကျနေစဉ် နောက်ထပ် ကားတစ်စီးမှ ထပ်မံ ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ဘယ်ကားတွေတိုက်သွားလဲတော့ မသိဘူးပေါ့နော်။ အမျိုးသမီးတစ်ဦး လမ်းကူးရင်း ကားတိုက်ခံရတယ်။ တိုက်ခံရလို့ လမ်းပေါ်လဲနေတဲ့အချိန်မှာ နောက်ကားတစ်စီးက ထပ်တိုက်ပြီး အမျိုးသမီးရဲ့ ခန္ဓာကိုယ်က ကားနဲ့ ချိတ်ပြီးပါသွားတယ်။ အမှတ် ၃လမ်းမ ညောင်ပင်မှတ်တိုင်အနီးထိ ချိတ်ပါသွားခဲ့တယ်။ အဲ့ဒီမှာ သေဆုံးနေတဲ့ အလောင်းကို ပြန်ရခဲ့တယ်”ဟု စခန်းမှူး ဦးထင်လင်းအောင်က ပြောသည်။

လက်ရှိတွင် သေဆုံးသူအမျိုးသမီး၏ မိသားစုနှင့် အဆက်အသွယ်ရရှိပြီ ဖြစ်ပြီး အမျိုးသမီးအား တိုက်ပြီး ထွက်ပြေးခဲ့သည့် ယာဉ်နှစ်စီးနှင့် ပတ်သက်ပြီး တိတိကျကျပြောနိုင်သည့် မျက်မြင်သက်သေများမရှိကြောင်း သိရသည်။

“ အဓိက အဲ့ဒီလိုဖြစ်ရခြင်းက ကျွန်တော်တို့ အမှတ် ၃ လမ်းကြီးက လမ်းမီးမရှိဘူး။ အခုက ဒါကိုလည်း ဟိုင်း ဝေးလမ်းမအဖြစ် သတ်မှတ်ထားပေမယ့် လမ်းမီးကမရှိဘူး။ လမ်းမီးမရှိရင်တော့ ဒီဖြစ်စဉ်တွေကတော့ ဖြစ် နေမှာပေါ့နော်။ နောက်တစ်ခုက ဒီမှာလည်း ဆိုင်ကယ်တွေလည်း တဖြည်းဖြည်းပေါလာပြီ။ ဒါတွေကြောင့် လည်း ပါတာပေါ့။ အဓိကတော့ ကျွန်တော်တို့ ဘက်မှာက ကျောင်းသူ၊ ကျောင်းသားတွေ၊ အလုပ်သမားတွေ များတယ်။ သူတို့က မနက်ပိုင်း စောစောစီးစီးသွားတဲ့သူတွေ၊ ညပိုင်းနောက်ကျမှပြန်တဲ့ သူတွေများတယ်။ ဒီလိုချိန်တွေမှာ လမ်းမီးက မရှိတော့ မဖြစ်သင့်တဲ့ဟာတွေဖြစ်တယ်လို့ ကျွန်တော်ကတော့ ထင်တယ်”ဟု ဦးထင်လင်းအောင်က ပြောသည်။

လက်ရှိတွင် သေဆုံးသူအမျိုးသမီး၏ ရုပ်အလောင်းအား ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ မေဓါဝီဆေးရုံတွင် PR 13 ဖြင့် ရုပ်အလောင်းအား အပ်နှံပေးထားကာ သေဆုံးသူအမျိုးသမီးနှင့်အတူတွေ့ရှိရသည့် နားကပ် ၁ ရံ၊ ငွေစုစာအုပ်၊ လက်ကိုင်ဖုန်း ၁ လုံး၊ ငွေကျပ် ၂ဝဝဝဝ တို့ကိုလည်း မှုခင်းရဲတပ်ဖွဲ့ထံအပ်နှံပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required