ယန်ဟီးလီကို မြန်မာနိုင်ငံသို့ ၀င်ရောက်ခွင့် တားမြစ်

ယန်ဟီးလီကို မြန်မာနိုင်ငံသို့ ၀င်ရောက်ခွင့် တားမြစ်
ဓာတ်ပုံ - သူရ / မဇ္ဈိမ

 

ဒီဇင်ဘာ ၂၀ ။        ။ ကုလသမဂ္ဂရဲ့  မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ ယန်ဟီးလီကို နိုင်ငံတွင်းသို့ ၀င်ရောက်ခွင့် မြန်မာအစိုးရက ပိတ်ပင်လိုက်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းရေးမှူး ဖြစ်တဲ့ ယန်ဟီးလီကို နိုင်ငံတွင်းကို ၀င်ရောက်ခွင့် တားမြစ်လိုက်တဲ့အပြင် သူမရဲ့ လက်ရှိ သက်တမ်းအတွင်း သူမနဲ့ အကြား ရှေ့ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားတာတွေလည်း ရှိတော့မှာ မဟုတ်ဘူးဆိုပြီး မြန်မာအစိုးရဘက်က အကြောင်းကြားလိုက်တာ ဖြစ်ပါတယ်။

မစ္စ ယန်ဟီးလီ အနေနဲ့ ရခိုင်ပြည်နယ်က လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်လို့ အကဲဖြတ်လေ့လာဖို့အတွက် လာမယ့် ဇန်နဝါရီလမှာ မြန်မာနိုင်ငံကို လာရောက်ဖို့ စီစဉ်ထားတာလည်း ဖြစ်ပါတယ်။

 " မြန်မာအစိုးရရဲ့ ဆုံးဖြတ်ချက်ကြောင့် ကျွန်မ အံ့အားသင့်မိသလို စိတ်လည်း ပျက်မိပါတယ်" လို့ မစ္စ ယန်ဟီးလီက ပြောပါတယ်။

" မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂနဲ့ လက်တွဲ ပူးပေါင်းလုပ်ဆောင်နေပါတယ်ဆိုပြီး ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကပဲ မြန်မာအမြဲတမ်းကိုယ်စားလှယ်က လူ့အခွင့်အရေးကောင်စီမှာ   ပြောခဲ့ပါသေးတယ်၊ မြန်မာ လူ့အခွင့်အရေး အထူးအစီရင်ခံစာတင်သွင်းသူဖြစ်တဲ့ ကျွန်မနဲ့အကြား ဆက်ဆံရေးကို ရည်ညွှန်းပြောတာ ဖြစ်ပါတယ်၊ ဒါပေမယ့် ခုကျတော့ ကျွန်မတို့ မပူးပေါင်းတော့ဘူးလို့ ပြောလာပါတယ်" ဆိုပြီး ယန်ဟီးလီက ပြောသွားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက သူမရဲ့ မစ်ရှင်အပြီး ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်ဟာ ဆိုရင် ဘက်လိုက်ပြီး မျှတခြင်းမရှိဘူးဆိုပြီး မြန်မာအစိုးရက ပြောကြားခဲ့ပါတယ်။

ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ တာဝန်အရ မြန်မာနိုင်ငံကို တစ်နှစ််လျင် နှစ်ကြိမ် လာရောက်ရမှာ ဖြစ်ပြီး ယင်း လာရောက်မှုတွေအတွင်း တွေ့ရှိချက်တွေကို လူ့အခွင့်အရေး ကောင်စီနဲ့ အထွေထွေညီလာခံကို တင်ပြရတာဖြစ်ပါတယ်။ မစ္စ ယန်ဟီးလီအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၄ ဇွန်လက တာဝန်စတင်ရယူပြီးနောက်ပိုင်း မြန်မာနိုင်ငံကို ခြောက်ကြိမ် လာရောက်ထားတယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required