ကမ်းနားလမ်းပိုင်း ၌အောက်တိုဘာ တွင်ပြေးဆွဲရန် မှန်းထားသည့် ပထမဆုံးလျှပ်စစ်ရထား သီလဝါရောက်ရှိ

ကမ်းနားလမ်းပိုင်း ၌အောက်တိုဘာ တွင်ပြေးဆွဲရန် မှန်းထားသည့် ပထမဆုံးလျှပ်စစ်ရထား သီလဝါရောက်ရှိ
Photo - The Mirror

သြဂုတ် ၂၁ ။       ။ ရန်ကုန်မြို့ ကမ်းနားလမ်းပိုင်းတွင် ပထမဆုံးပြေးဆွဲမည့် တင်ဒါစနစ်ဖြင့် ဝယ်ယူထားသော လျှပ်စစ်ရထား (Tram Rail) ခုနှစ်တွဲနှင့် ဂျပန်အစိုးရက ပေးပို့လှူဒါန်းသော RBE အဲကွန်း ရထားခြောက်တွဲတို့ သြဂုတ်လ ၂၀ ရက်နေ့က သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသည်။

အောက်တိုဘာလကုန်ပြေးဆွဲနိုင်မည်ဟုခန့်မှန်းထားသည့် လျှပ်စစ်ရထား ၇ တွဲအား ကြည့်မြင်တိုင်-ဗိုလ်တထောင် ပြေးဆွဲရန်လျထားပြီး ကွင်းဆင်းလေ့လာမှုများပြုလုပ်ရဦးမည်ဟု မြန်မာ့မီးရထား တိုင်းအမှတ် (၇) မှ မန်နေဂျာ ဦးကျော်စိုးလင်းကပြောသည်။

လတ်တလောတွင် လျှပ်စစ်အပိုင်းများဆောင်ရွက်ရန်ရှိသေးသဖြင့် ဝါးတန်းကုန်ရုံသို့သယ်ဆောင်မည်ဖြစ်သည်။ လျှပ်စစ်ရထားအတွက် ရထားသံလမ်းပိုင်းဆုင်ရာများလည်းပြုပြင်နေပြီး ၇၅ ရာခိုင်နှုန်းပြီး စီးနေပြီဟုဆိုသည်။

အတွဲဆိုင်းနှင့်ပတ်သက်၍ "သုံးတွဲနှစ်ဆိုင်းဖြစ်မလား၊ ခြောက်တွဲလုံးကို တွဲဆိုင်းတစ်ဆိုင်းတည်းဖြစ်မလား မသိသေးပါဘူး။ ခရီးသည် Demand အပေါ်မှာလည်း မူတည်လို့ပါ။" ဟု ဦးကျော်စိုးလင်း ကပြောသည်။

ဂျပန်အစိုးရကလှူဒါန်းပြီး တစ်တွဲလျင် ကျပ်ငွေ သိန်းတစ်ထောင်ဝန်းကျင်တန် RBE အဲကွန်းရထား ၆ တွဲအတွက်လည်း ရထားဘီးမြှင့်တင်ခြင်း၊ အင်ဂျင်ကိုင်ခြင်း၊ ဆေးမှုတ်ခြင်း စသည့်ပြင်ဆင်မှုများပြုလုပ် ရန် သီလဝါဆိပ်ကမ်းအနီးရှိ Level crossing ၌ထားမည်ဟု RBE အကြီးတန်းပြင်စက်ရုံ လက်ထောက်အထွေထွေမန်နေဂျာ ဦးထွန်းနွယ်ကပြောသည်။

"ဒီခြောက်တွဲကတော့ နယ်ဘက်ပိုင်းပြေးဆွဲမယ်လို့ ကြားသိရပါတယ်။ ပြေးဆွဲမယ့်နေရာကိုလည်း ကျနော်တို့ RBE စက်ရုံက ပြုပြင်ပြီးရင် ပို့ပေးရပါမယ်။" ဟု ၎င်းကပြောသည်။

ဂျပန်နိုင်ငံ JICA နှင့် မြန်မာ့မီးရထားတို့ ပူးပေါင်း၍ မြို့ပြသယ်ယူပို့ဆောင်ရေးစီမံကိန်းများဆောင်ရွက်နေပြီး ရန်ကုန်မြို့ပတ်လမ်းအဆင့်မြှင့်တင်ခြင်း၊ လမ်းတိုးချဲ့ခြင်းများလည်း ဆောင်ရွက်နေသည်ဟု သိရသည်။

Ref: The Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly