စစ်အာဏာရှင်ဆိုသည့် စကားရပ်အစား တပ်မတော်အစိုးရဟု ပြင်ဆင်မေးမြန်းရန် တိုင်းလွှတ်တော် ဥက္ကဌ ညွှန်ကြား

စစ်အာဏာရှင်ဆိုသည့် စကားရပ်အစား တပ်မတော်အစိုးရဟု ပြင်ဆင်မေးမြန်းရန် တိုင်းလွှတ်တော် ဥက္ကဌ ညွှန်ကြား

 

ပုသိမ် ဒီဇင်ဘာ ၂၀ ။           ။ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် ကိုယ်စားလှယ်တဦးက စစ်အာဏာရှင်ဆိုသည့် အသုံးအနှုံးကို ပြောဆို၍ မေးမြန်းခဲ့ရာ ထိုကဲ့သို့ မသုံးနှုံးရန် လုံခြံုရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ကန့်ကွက်ခဲ့ပြီးနောက် လွှတ်တော်ဥက္ကဌက တပ်မတော်အစိုးရဟု ပြန်လည်ပြင်ဆင်ရန် ညွှန်ကြားခဲ့သည်။

" လွှတ်တော်ကိုယ်စားလှယ်ဦးစိုးသန်းအနေနဲ့ စေတနာထားပြီးမေးမြန်းတဲ့မေးခွန်းအပေါ်မှာ စစ်အာဏာရှင် အာဏာရှင်ဆိုတဲ့ အသုံးအနှုန်းကိုထည့်သွင်းဖော်ပြခြင်းက ဥပဒေနဲ့မညီဘူးလို့ယူဆပါတယ်၊ ဒါကြောင့် ဒီစကားရပ်နဲ့ ပတ်သက်ပြီး အစားထိုး ပြင်ဆင် တာတွေကိုစီစဉ်ဆာင်ရွက်ပေးဖို့ ကျွန်တော်အနေနဲ့ပထမဆုံး လေးစားစွာတင်ပြလိုပါတယ်”ဟု လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ယနေ့လွှတ်တော်တွင် တင်ပြခဲ့သည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ပုဒ်မ၉၆ အပိုင်ခွဲ(ဃ)တွင် လွှတ်တော်အတွင်း  မဆီလျော်သော်အကြောင်းပြချက်များ၊ ခိုင်လုံသောအကြောင်းပြချက်များမပါရှိသော မသင့်တော်သောအကြောင်းပြချက်များ ၊ အသုံးအနှုန်းများ ၊ ဂုဏ်သရေကိုထိခိုက်စေသော ဖော်ပြချက်များမပါရှိစေရဟု ပြဌာန်းထားပြီးဖြစ်ကြောင်း လုံခြံုရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပြောသည်။

မေးခွန်းမေးမြန်းသည့် လေးမျက်နှာမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ်ဦးစိုးသန်းက "ကျွန်တော့်ကို လွှတ်တော်ဥက္ကဋ္ဌကပြောတာပဲ။ တပ်မတော်အစိုးရလို့ပြန်ပြီးပြင်ပါ။ ကျွန်တော့် ဆန္ဒက သိပ်ပြီးမပြင်ချင်ဘူး ။ ဒါကျွန်တော် အမှန်ကိုပြောတာ။ အဆင်ပြေအောင်တော့ ကျွန်တော်ပြင်ပေးလိုက်မှာပါ”ဟု ပြောသည်။

မေးခွန်းတွင် “စစ်အာဏာရှင် အစိုးရလက်ထက်မှာ CS-2 လို့ခေါ်တဲ့ ဖက်စပ်အရက်ချက်စက်ရုံတွေ ထုတ်လုပ်ခွင့် အရက်ဆိုင်တွေ ရောင်းချဖွင့်လှစ်ခွင့်ပေးလိုက်တော့မှ ဘာသာတရားနဲ့ဆန်ကျင့်ပြီး ရာဇဝတ်မှုမျိုးစုံကျုးလွန်၊ လူယဉ်ကျေးမှုပျက်စီးခဲ့ရပါတယ်၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အရက်တွေဟာ အာဏာရှင်ခေတ်မှာပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်”ဟုထည့်သွင်းသုံးနှုံးခဲ့သည်။

တိုင်းဒေသကြီး၏ နေရာအနှံ့အပြားတွင် ရောင်းချနေသည့် ဖက်စပ်အရက်များကို အန္တရာယ်ကင်းသည့် အရက်များဖြစ်စေရန် ဥပဒေတစ်ရပ်အဖြစ်ထုတ်ပြန်ရေးနှင့်များပြားသည့် အရက်ဆိုင်များကို   လျှော့ချရန်အစီအစဉ်ရှိ မရှိ”မေးခွန်းကို လေးမျက်နှာမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ်ဦးစိုးသန်းက ယနေ့ ဒီဇင်ဘာလ၂၀ရက်နေ့တွင် မေးမြန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly