ရန်ကုန်စည်ပင်သာယာမှ ကောက်ခံနေသည့် အခွန်အခများကို ဖြစ်သင့်ဖြစ်ထိုက်သည့် နှုန်းများသို့ ပြုပြင်သွားရန် စီစဉ်နေ

ရန်ကုန်စည်ပင်သာယာမှ ကောက်ခံနေသည့် အခွန်အခများကို ဖြစ်သင့်ဖြစ်ထိုက်သည့် နှုန်းများသို့ ပြုပြင်သွားရန် စီစဉ်နေ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကောက်ခံနေရသည့် အခွန်နှုန်းများအား ပြည်သူများ ၀န်ထုပ်၊ ၀န်ပိုး မဖြစ်စေပဲ ဖြစ်သင့်ဖြစ်ထိုက်သည့် အခွန်နှုန်းထားများဖြစ်အောင် ပြုပြင်သွားရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။

ဒီဇင်ဘာ ၁၉ ရက်က Parkroyal Hotel တွင် Renaissance Institute ဉာဏ်လင်းသစ်သုတေသနအဖွဲ့မှ ပြုလုပ်သည့် "မြို့ပြများ လျှင်မြန်စွာကြီးထွားလာမှုတွင် ကြုံတွေ့ ရသော စိန်ခေါ်မှုများကို စီမံခန့်ခွဲခြင်း -  မြန်မာနိုင်ငံ၏ လက်ရှိပစ္စည်းခွန်စနစ်ကို လေ့လာသုံးသပ်ခြင်း "နှင့် စပ်လျဉ်းသည့် မူဝါဒစာတမ်းမိတ်ဆက် ရှင်းလင်းပွဲတွင် ၀န်ကြီးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

မြေခွန်ကဲ့သို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ကောက်ခံနေသည့် အခွန်အခများအနေဖြင့် အလွန်နည်းပါးနေသဖြင့် ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက " အခွန်အတုပ်တွေ အင်မတန်ကို နည်းလွန်းအားကြီး တဲ့အတွက် မြို့တော်တစ်ခုကို ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မြို့တော်တစ်ခုရဲ့ အခြေခံအ ဆောက်အအုံတွေကို ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆိုရင်တော့ ပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်ရမယ်လို့မြင်ပါတယ်" ဟု ဆိုသည်။

ယင်းသို့ အခွန်အခများ ပြန်လည်ပြင်ဆင် ကောက်ခံရေးကို လာမည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် တင်သွင်းမည့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဥပဒေသစ်နှင့် အညီဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

"ရသင့်ရထိုက်တဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခွန်နှုန်းထားကို ရမယ်ဆိုရင် အားလုံးလည်း ၀န်ထုပ်ဝန်ပိုးတစ်ခုလို ထမ်းထားရတဲ့ အခွန်ငွေမျိုးမဟုတ်တဲ့ ငွေကြေးမျိုးနဲ့ ရချင်ပါတယ်။ လမ်းဘေးစျေးသည်တစ်ယောက်အပေါ်မှာ ကြီးလေးတဲ့ အခွန်တစ်ခုကို ထမ်းနေရတာနဲ့ စာရင် အိမ်တလုံးပိုင်ဆိုင်တဲ့ လူတယောက်ကနေပြီးတော့ ဒီမြေခွန်ကို ၂၅၀ လောက် ဆောင်နေရာ ကနေ ပြီးတော့ ၅၀၀၊ ၁၀၀၀ လောက် ဆောင်လိုက်မှုဟာ ဘာမှကြီးလေးတဲ့ အခြေအနေ မဟုတ်ပဲနဲ့ မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွက်တော့ အများကြီး အထောက်အကူ ဖြစ်လာနိုင်ပါတယ်" ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပစ္စည်းခွန်ရရှိမှုနည်းပါးနေခြင်းကြောင့် စည်ပင်သာယာရေးကေ်ာမတီအနေဖြင့် အခွန်မဟုတ်သည့် စီးပွားရေးလုပ်ငန်းများ၊ လိုင်စင်များ (ဥပမာ-သားသတ်လိုင်စင်)ပေါ်တွင် မှီခိုနေရသဖြင့် ကုန်စျေးနှုန်း ကြီးမြင့်မှုကဲ့သို့ ပြည်သူအပေါ် ၀န်ထုပ်ဝန်ပိုးများရှိနေကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့မှ စီမံကိန်းညွှန်ကြားရေးမှူး ဦးအာကာဟိန်းက ဆိုပါသည်။

ယင်းအတွက် ပြည်သူလူထုအား ၀န်ထုပ်ဝန်ပိုးမဖြစ်စေပဲ မြို့ပြဘဏ္ဍာရေးစနစ်အား ပိုမိုကောင်းမွန်စေရန် အခွန်ကောက်ခံမှု အား စနစ်တကျဆောင်ရွက်သွားရန်လိုအပ်ကြောင်း ယင်းက ဆက်လက်ပြောသည်။

"အခွန်စာရင်းတွေ ပိုမိုကောင်းမွန်လာအောင် နည်းပညာပေါ့။ ဒစ်ဂျစ်တယ်ပေါ့။ အခွန်စာရင်းတွေကို ဒစ်ဂျစ်တယ်လိုက် ဇေးရှင်းလုပ်တာတို့ ဖုန်းအပလီကေးရှင်းနဲ့ အွန်လိုင်းကနေတဆင့် အခွန်ပေးလို့ရတဲ့ ပုံစံမျိုးတွေ ဒါမျိုးတွေ နည်းလမ်း ပေါင်းစုံရှိပါတယ ်။ မူဝါဒပိုင်းကတော့ ဒုတိယအဆင့်ပေါ့။ မူဝါဒကတော့ အခွန်ရာဖြတ်စနစ်တွေ၊ ရာဖြတ်ရဲ့ တန်ဖိုးတွေကို ဘယ်လို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်မလဲ ဒါကတော့ မြို့အလိုက် ဆောင်ရွက်သွားရမှာ။ တနိုင်ငံလုံး အတိုင်းအတာ ဆိုတာထက် သူမြို့နဲ့သူကိုက်ညီတဲ့ မူဝါဒတွေ ချမှတ်သွားရမှာ ဖြစ်ပါတယ်" ဟု ဦးအာကာဟိန်းက ဆိုသည်။

ယခင်က စည်ပင်သာယာရေးကေ်ာမတီမှ ကောက်ခံရရှိသည့် အခွန်ငွေများကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်များအတွက်သာ သုံးစွဲခဲ့သော်လည်း အသစ်ပြဌာန်းမည့် ရန်ကုန်စည်ပင် သာယာရေးဥပဒေသစ်တွင် စည်ပင်သာယာနယ်နိမိတ်ပြင်ပရှိ မြို့နယ်များအတွက် အသုံးပြုနိုင်ရေး ထည့်သွင်းသွားရန် စီစဉ်ထားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက " အခွန်ကို များများတိုးကောက်ရမှာ အစိုးရတွေမှာ တာဝန်ရှိတယ်။ ဒါပေမယ့် အခွန်ကို ဘယ်လိုတိုးကောက်မလဲ။ အခွန်ရဲ့ Base ခေါ်တဲ့ အောက်ခံက လွတ်နေတဲ့ အခွန်Base ကိုချဲ့မလား။ အခွန်ကို Rate တိုးပြီးကောက်မလား။ Rate တိုးကောက်တာ ကိုတော့ လက်မခံနိုင်ပါဘူး။ အခွန်ရဲ့ Base ကို ချဲ့ပြီးကောက်ခံတာကိုပဲ လက်ခံနိုင်တယ်။ လွတ်နေတယ်ဆိုတဲ့နေရာမှာ စီးပွားရေးသမားတွေကိုပဲ လွတ်နေတယ်လို့ လက်ချိုးထိုးပြတာထက် ရေဖိုး၊ ရေခမှာပဲ မဆောင်တဲ့အိမ်တွေ အများကြီး ရှိနေတယ်။ မီတာခတွေမှာ လွတ်နေတဲ့ အိမ်တွေ၊ မီတာ ခိုးသွယ် ထားတဲ့အိမ်တွေ ၊ မီတာစနစ်ကိုပဲ လျှော့ချထားတဲ့ စက်ရုံကြီးတွေ အများကြီးရှိတယ်။ ဒါတွေ သေသေချာချာ ကောက်ခံပြီးတော့ ဖော်ထုတ်တယ်ဆိုရင် ဒါဟာ အခွန်ရဲ့ Base ကို ချဲ့တာလို့ခေါ်ပါတယ်။ ဒီ Base ကို ချဲ့တာက အခွန် Rate ကို တိုးပြီးကောက်တာထက် ပိုပြီးတော့ သင့်တင့်မျှတတယ်ဆိုတာမျိုးကို တွေ့တယ်။ ဒါမျိုးကိုပဲ အကြံပေးသွားမယ် ဆိုတာကို ပြောချင်ပါတယ်" ဟုဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် မြို့တော်စည်ပင်သာယာမှ ကောက်လို့ရရှိသည့် ငွေကြေးကိုပဲ စည်ပင် သာယာကော်မတီနဲ့ အစိုးရအဖွဲ့ရဲ့ သဘောတူညီချက် ရမယ်ဆိုရင် စည်ပင်သာယာနယ်နိမိတ်ပြင်ပ မှာရှိတဲ့ တိုင်းစည်ပင်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများတွင် အသုံးပြုနိုင်ရန် ဒီဥပဒေထဲမှာ ထည့်ဆွေးနွေးနိုင်ဖို့ ပြင်ဆင်နေ ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly