တပ်မတော်အနေဖြင့် နိုင်ငံတော် အစိုးရဘက်က ရပ်တည်ပေးရမည်ဟု ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ပြော

တပ်မတော်အနေဖြင့် နိုင်ငံတော် အစိုးရဘက်က ရပ်တည်ပေးရမည်ဟု ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ပြော

ရန်ကုန်၊ သြဂုတ် ၂၀ ။           ။ တပ်မတော်အနေဖြင့် တိုင်းပြည်ကို ဦးဆောင်နေသည့် နိုင်ငံတော် အစိုးရဘက်က ရပ်တည် ပေးရမည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ဗိုလ်ချုပ်မှူးကြီးက သြဂုတ် ၂၀ ရက်တွင် နေပြည်တော်၌ RFA မြန်မာပိုင်း ဌာနမှုးနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်ခြင်းဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး အနေဖြင့်  သမ္မတကြီး ဦးသိန်းစိန်အစိုးရကို ပံ့ပိုးမှုပေးသည် ဆိုပြီး သတင်းများ ထွက်ရှိနေမှုအပေါ် မေးမြန်းရာ ယင်းကဲ့သို့ ဖြေကြားလိုက်ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ‘ နိုင်ငံတော်အစိုးရ တစ်ခုကိုတော့ တပ်မတော်က ရပ်တည် ပေးရမှာက လိုအပ်ချက်တစ်ခုပါပဲ။  ဘာဖြစ်လို့လဲဆိုတော့ အစိုးရက တိုင်းပြည်ဦးဆောင်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်။ သမ္မတကြီး ရဲ့ အစိုးရအဖွဲ့နဲ့ ကျွန်တော်တို့ ဖွဲ့ကတော့ ဘာပဲပြောပြော နိုင်ငံရေးတည်ဆောက်ရေးလုပ်ငန်းတွေမှာ အောင်မြင်အောင် တကယ်ကို ကျွန်တော့တို့လည်း ပံ့ပိုးကူညီပြီး ဆောင်ရွက်ပါတယ် ‘ ဟု ပြောသည်။

ယင်းအပြင် ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြီး ‘နောက်တစ်ခုကလည်း ကျွန်တော်တပ်မတော် ကြီးကြပ်နေပေမဲ့လည်း သမ္မတကြီးက နိုင်ငံတော်ရဲ့ အကြီးအကဲဖြစ်တယ်။ နိုင်ငံတော်အကြီးအကဲရဲ့ ဦးဆောင်မှုမှာ ကျွန်တော်တို့က ဘယ်လိုဘဲဖြစ်ဖြစ် လိုက်နာပြီး ဆောင်ရွက်ရမယ့်လူ ပုဂ္ဂိုလ် တစ်ယောက်ဖြစ်ပါတယ်။ ဒါကတော့ တာဝန်အရပေ့ါ။ အခုနက နိုင်ငံရေးပြောင်းလဲမှုနဲ့ ပတ်သက်တဲ့ အခါကျတော့ ဒါကတော့ သူတို့ ပါတီပိုင်းက ကိစ္စဘဲဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့တော့ ဘာမှမဆိုင်ဘူး ပါတီပိုင်းမှာ ဖြစ်တဲ့ကိစ္စကို ပါတီဘက်က ဆောင်ရွက်တာဘဲဖြစ်တယ်’ ဟု လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ခေါင်းဆောင်မှု အပြောင်းအလဲနှင့် ပတ်သက်၍ ပြောကြားသည်။

တပ်မတော်က နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှု မရှိတော့သည့် အချိန်နှင့် ပတ်သက်၍ ပြောကြားချက်

‘ ကျွန်တော်တို့ သွားနေတာက ဒီမိုကရေစီလမ်းကြောင်း သွားနေတာဖြစ်ပါတယ်။ ဒီလမ်းကြောင်းက ပြည်သူကတောင်းဆိုတာပေ့ါ။ ဒါကို တပ်မတော်ကနေ ရအောင်တည်ဆောက်ပေးထားတယ်။ ဒီဟာကို ထိခိုင်စေမယ် ဆိုတာကတော့ တပ်မတော်က ဘယ်လိုမှ ထိခိုက်ခံမှာမဟုတ်ဘူး။ နောက်တစ်ခါ တည်ငြိမ်အေးချမ်းမှုဆိုတာလည်း လူပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုတွေပေါ့။ စီးပွားရေးအရ လုံခြုံမှုတို့ စားသောက်ရေး ဆိုင်ရာလုံခြုံမှုတို့ နိုင်ငံရေး အရလုံခြုံမှုပေါ့။  … ဒါတွေကလည်း ခိုင်ခိုင်မာမာ အာမခံရှိဖို့လိုတယ်။ .. ဒါတွေအကုန်လုံး တည်ငြိမ်အေးချမ်းသွားပြီ၊  ခိုင်မာသွားဖို့ စိတ်ချပြီးဆိုရင်တော့ တပ်မတော်ကလည်း အလိုလို သူ့ကိစ္စသူရှင်းသွားမယ့်သဘောလု့ိ ကျွန်တော်တို့ကမြင်တယ်။ ကျွန်တော်တို့ အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ တိုင်းပြည်တည်ငြိမ်အေး ချမ်းပြီးတော့ တိုးတက်ဖို့ဘဲ လိုချင်တယ်။  တပ်မတော်ကတော့ ကျရာတာဝန်ထမ်းဆောင်မှာဘဲ’

‘ လက်နက်ကိုင်အဖွဲ့အစည်းတွေက ဥပဒေဘောင်အတွင်းမှာ လက်နက်လည်းစွန့်  ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ တိုင်းပြည်ရဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ မှန်မှန်ကန်ကန်အရောက်တက်ဖို့ နောက်တစ်ခု ကလည်း ဒို့တာဝန်အရေးသုံးပါး ကျွန်တော်ပြောထားတယ်။ … ဒီသုံးရပ်ကို မထိခိုက်နိုင်ဘူးဆိုတဲ့ အာမခံ ချက်တစ်ခုတော့ အဲ့ဒီအချိန်တေ့ာ စောင့်ရမယ်လို့ထင်တယ် ။ ဒါကတော့ တစ်ဖက်ရဲ့ ဆောင်ရွက်မှုပေါ် အများကြီး မူတည်ပါတယ်။ ငါးနှစ်လည်း ဖြစ်ရင်ဖြစ်မယ် ဆယ်နှစ် လည်း ဖြစ်ရင်ဖြစ်မယ်။ ကျွန်တော်ထင်တယ် အခု NCA (တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ စာချုပ်) ကျွန်တော်တို့ ထည့်ဖို့ လုပ်နေတာရှိတယ်။  NCA  ထိုးပြီးလို့ရှိရင် ကျန်တဲ့  Political Dialouge (နိုင်ငံရေး ဆွေးနွေးပွဲ)  ဘာညာ သွားတဲ့အချိန်မှာ တစ်ယောက်တည်း ယုံကြည်မှုနဲ့ ကျွန်တော်ပြောနေတဲ့လမ်းကြောင်းပေါ်မှာ ရောက်ပြီးဆိုလို့ရှိရင်တော့ ဒီကိစ္စကတော့ အခြေအနေမှန်နဲ့ သွားရတော့မယ်ဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်လို့ ရသွားပြီ’

‘ တပ်မတော်ရဲ့ ဆန္ဒပြောမယ် ငြိမ်းချမ်းရေး တကယ်ဖြစ်ချင်တယ်။ သို့သော်လည်းဘဲ ငြိမ်းချမ်းရေး လုပ်ထားပြီးတော့မှ အုပ်ချုပ်ရေး ယန္တရားတွေမှာ  ပျက်ယွင်းလို့တော့ မရဘူး။ အခုကတော့ အုပ်ချုပ်ရေးယန္တရားနဲ့ ပတ်သက်ပြီး တစ်ချို့အစိတ်အပိုင်းတွေမှာ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေ ကနေပြီးတော့ သူတို့သက်ဆိုင်တဲ့နယ်မြေတွေမှာ တစ်ချို့ဟာလေးတွေ မှာ ပါဝင်နေတာ လေးတွေရှိတယ်။ ရှိနေတဲ့အခါကျတော ဒါတွေက ဥပဒေနဲ့ အညီသွားရမှာပေါ့ ။ ဒီလိုအခြေ အနေမျိုးရောက်ဖို့အတွက်ဒါ အင်မတန်အရေးကြီးပါတယ်။ ဒါကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း ငြိမ်းချမ်းရေးတကယ်ကို ယူချင်တဲ့စိတ် ရှိဖို့လဲလိုတယ်။ နောက် ကျွန်တော်တို့ သွားနေတဲ့ ပါတီဝင် ဒီမိုကရေစီလမ်းကြောင်းပေါ်မှာလည်း အားလုံး တူတူညီညီနဲ့ လိုက်ပါလုပ်ဆောင်ဖို့လိုတယ် ‘

၂၀၁၁ နောက်ပိုင်းမှ စ၍ ဗိုလ်လောင်းသင်တန်းများတွင် အရေအတွက်ထက် အရည်အချင်း ဦးစားပေးဟုဆို

‘၁၉၉၀ ပြည့်လွန်ကာလတွေမှာတော့ တပ်မတော်ကိုလည်း တိုးချဲ့တည်ဆောက်တာတွေလည်းရှိပါ တယ်။ လိုအပ်တဲ့အရာရှိတွေ မွေးထုတ်နိုင်ဖို့ဆိုတော့ အကယ်ဒမီတွေ ကျောင်းတွေတည်ဆောက် ပြီးတော့ အရာရှိတွေ တော်တော်များများမွေးထုတ်ပေးပါတယ်။ အဲ့ဒီအတွက်ကြောင့်လည်း အခုဆိုလိုရှိရင် အရာရှိတွေ တော်တော် ကောင်းမွန်တယ်လို့ ကျွန်တော်ပြောရပါမယ်။ အဲ့ဒီတုန်းက အရေအတွက်ကို အလေးထားပြီးတော့ ဆောင်ရွက်ခဲ့တာပေါ့။ ၂၀၁၁ ခုနှစ်နောက်ပိုင်းကနေစပြီး အရေအတွက်ထက် အရည်အသွေးကို ဦးစားပေးသည်ဆိုပြီးတော့ ဗိုလ်လောင်းသင်တန်းတွေနဲ့ ပတ်သက်ပြီးတော် တော်တော်လေးစစ်စစ်စိစိပေါ့ေလေး ဥပမာ ဆယ်တန်း တက္ကလိုလ်အမှတ်ကို လည်း အများကြီးမြင့်လိုက်တာပေါ့ ကျွန်တော့မှာ အကယ်ဒမီသုံးခုရှိပါတယ်။  စစ်တက္ကသိုလ် ၊ တပ်မတော် နည်းပညာတက္ကသုလ်၊ တပ်မတော်ဆေးတက္ကသိုလ်သုံးခုရှိတယ်။ နောက်ပြီးရင်တော့ စပယ်ရှယ် တာဝန်ပေးသူနာပြုတက္ကသိုလ်တစ်ခုရှိပါတယ်။  သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ကိုက်ညီတဲ့ သူတွေကို သေချာစီစစ်ပြီးတော့မှ ကျွန်တော်တို့လက်ခံတယ် ‘

Source : RFA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required