ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ပြီး ဖမ်းတယ်လို့ ဦးဝင်းထိန် သုံးသပ်

ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ပြီး ဖမ်းတယ်လို့ ဦးဝင်းထိန် သုံးသပ်
(ဓာတ်ပုံ- ဟောင်ဆာ(ရာမည)/မဇ္ဈိမ)

နေပြည်တော်(ဒီဇင်ဘာ ၁၈ရက်၊ ၂၀၁၇ခုနှစ်)။ ။ ရန်ကုန်အခြေစိုက် ရိုက်တာသတင်းထောက်နှစ်ဦးကို အာဏာပိုင်များက ထောင်ဖမ်းလိုက်ခြင်းဟု အာဏာရ NLD ပါတီမှ ဗဟိုအလုပ်အမှုဆောင်အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က သုံးသပ်လိုက်သည်။

“ကိုယ်ထင်တာတော့ ထောင်ဖမ်းခံရတယ်လို့ ထင်တာပဲ။ သူတို့က စာရွက်စာတမ်းတွေနဲ့ မိတယ်လေ။ အဲ့ဒီစာရွက်စာတမ်းတွေက သူတို့နဲ့အတူ ထမင်းစားပြီးတဲ့ ရဲတွေဆီက ရတယ်လို့ သိရတယ်။ ထွက်သွားတော့မှ တနေရာကျတော့မှ အဖမ်းခံရတာ။ လက်ပူးလက်ကြပ် မိရော။ သတင်းထောက်လုပ်ပြီး အဲ့ဒီလောက် ‘အ’ ရသလား။ လျင်ရမယ်လေ” ဟု ဦးဝင်းထိန်က ပြောသည်။

ပြီးခဲ့သည့် အင်္ဂါနေ့ညက အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ၊ ပုဒ်မ ၃ဖြင့် ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သည့် ကိုသက်ဦးမောင်(ခ)ကိုဝလုံးနှင့် ကိုကျော်စိုးဦး(ခ)ကိုမိုးအောင်တို့ ဖမ်းဆီးခံထားရမှုအပေါ် ဦးဝင်းထိန်က ထိုသို့ သုံးသပ် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထောင်ဒဏ် ၁၄နှစ်အထိ ကျခံရနိုင်ဖွယ်ရှိသည့် ပုဒ်မဖြင့် ဖမ်းဆီးခံထားရသော သတင်းထောက်နှစ်ဦးအား လက်ရှိတွင် မိသားစုပင် တွေ့ခွင့်မရသေးပေ။

သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရမှုအပေါ် “စိတ်မကောင်းဘူး” ဟု ဆိုကာ “သူတို့ကို စွဲတဲ့ပုဒ်မက တစ်မျိုး။ နဂိုကတည်းက ကြံရွယ်မှန်း သိသာတယ်” ဟုလည်း ဦးဝင်းထိန်က သုံးသပ်ခဲ့သေးသည်။

ဆက်လက်ပြီး “နိုင်ငံတော်လုံခြံုရေးဘာညာဆိုတာ အကြီးကြီး ဖြစ်သွားပြီ။ အဲ့ဒါ အခု နိုင်ငံတကာ ဖိအားရယ်၊ နောက် ရှေ့နေတွေရဲ့ ကျွမ်းကျင်မှုရယ်။ မူတည်ပြီးတော့မှ သူတို့ကို ဆွဲထုတ်ရမှာပေါ့” ဟု ဦးဝင်းထိန်က ပြောသည်။

သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရမှုအပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က များစွာ စိုးရိမ်ပူပန်စရာ ကောင်းသည့် ကိစ္စတစ်ခုဟု ဒီဇင်ဘာ ၁၄ရက်က တိုကျိုမြို့တွင် ပြုလုပ်သည့် ကွန်းဖရင့်တစ်ခုတွင် ပြောကြားထားသည်။

ယခုကဲ့သို့ ရိုက်တာသတင်းထောက်များ ဖမ်းဆီးခံရခြင်းကို ကြည့်လျင် အရှေ့တောင်အာရှ မြန်မာနိုင်ငံတွင် လွတ်လပ်ခွင့်များ တိုက်စားခံနေရသည့် လက္ခဏာရပ်ပင် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရမှုအပေါ် များစွာစိုးရိမ်ကြောင်း အမေရိကန်သံရုံး၊ အီးယူစသည်တို့က ကြေငြာချက် အသီးသီးထုတ်ပြန်ထားသလို ထိုသတင်းထောက်နှစ်ဦးကို အမြန်ဆုံးပြန်လွတ်ပေးရန်လည်း ပြည်တွင်းမီဒီယာအဖွဲ့အစည်းအသီးသီးနှင့် အရပ်ဘက်အဖွဲ့အစည်းတချို့က တောင်းဆိုလျက် ရှိနေသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly