KNU အပါအဝင် အဖွဲ့အချို့ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရန် လက်ခံမှု အပေါ် အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်စေဟု KNO ထုတ်ပြန်

KNU အပါအဝင် အဖွဲ့အချို့ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရန် လက်ခံမှု အပေါ် အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်စေဟု KNO ထုတ်ပြန်

ချင်းမိုင်၊ သြဂုတ် ၂၀ ။     ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်းကို လက်မှတ်ရေးထိုးရန်  KNU အပါအဝင် အဖွဲ့ အချို့က လက်ခံလိုက်မှုအပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးပါဝင်မှ လက်မှတ်ရေးထိုးရန် သဘောတူ စာချုပ်ကို ဆန့်ကျင့်၍ အထင်အမြင် လွဲမှားမှုများ ဖြစ်ပေါ်စေသည်ဟု ကချင်အမျိုးသားအစည်းအရုံး(KNO) က သြဂုတ် ၂၀ ရက်တွင် သဘောထားထုတ်ပြန် လိုက်သည်။

လာမည့် စက်တင်ဘာလတွင်  တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) ကို လက်မှတ်ရေးထိုးရန် သမ္မတ ဦးသိန်းစိန် ဖိတ်ခေါ်ချက်ကို လက်ခံပြီး ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ဒီမိုက ရက်တစ် ကရင်အကျိုးပြု တပ်မတော်(DKBA) ၊ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့က အစိုးရနှင့် လက်မှတ်ရေးထိုးရန် ဆုံးဖြတ် ကြောင်း သြဂုတ်  ၁၇ ရက်က ပူးတွဲထုတ်ပြန်ခဲ့ခြင်းသည် အဖွဲ့အား လုံးပါဝင်မှ လက်မှတ်ထိုးရန် ဟူသော  သဘောတူညီချက်ကို ဆန့်ကျင်ခြင်း ဖြစ်သည်ဟု KNO က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

KNO ဥက္ကဌ ဒူဝါဘောမ်ဝမ်လရော်က  “ အခု ဒီလေးဖွဲ့က လက်မှတ်ထိုးမယ်ပြောလိုက်တော့ ကျန်တဲ့လူတွေ မပါလည်း ထိုးမယ်ဆိုတဲ့သဘော ဖြစ်သွားတယ်။ ဘယ်လို လုပ်ပြီး ဒီလေးဖွဲ့က လက်မှတ်ထိုး မယ်ဆိုပြီး ထုတ်တာလဲ။ ထိုးမယ်ဆိုရင် အားလုံး သဘောထားအတူတူ ထုတ်ပြန်မှာပေါ့”ဟု ပြောသည်။  

“ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်ရှိတဲ့ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု စနစ်ကို အစိုးရဘက်ကနေ  တည်ဆောက်မယ်လို့ မပြောပါဘူး။ အဲဒါ Grantee (အာမခံချက်)  ပေးထားတာ မတွေ့ပါဘူး။ သို့သော် လည်း သူတို့က သူတို့က အဲဒီ Grantee  အာမခံ ထားတယ်လို့ ပါတယ်။ ကျွန်တော်တို့သိတာက နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးချင်တယ်ဆိုတာဘဲ ရှိတယ်။ အဲဒါကို အားလုံး အာမခံထားပြီဆိုတဲ့ အခါ ကြတော့ ဒါကလည်း လွဲမှားတယ်ပေါ့ဗျာ။ အခုလိုမျိုးကြေငြာချက် ပြန်ထုတ်တော့ ကျန်တဲ့တိုင်းရင်းသားတွေ စဉ်းစားစရာ ဖြစ်လာတာပေါ့”ဟု လည်း ၎င်းက ဆက်ပြောသည်။

၎င်းအဖွဲ့ ၄ ဖွဲ့ အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ သဘောတူ ဆုံးဖြတ်ချက်အပေါ် လေးစားသင့်ကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။ ယင်းကဲ့သို့ တဖက်သတ် သတင်း ထုတ်ပြန်ခြင်းသည် မိမိတို့ တပ်ပေါင်းစုနှင့် ညီနောင် တိုင်းရင်သားများအ ချင်းချင်းကြားတွင် နားလည်မှု၊ လွဲမှားခြင်း၊ အမြင်လွဲမှားခြင်းများ ဖြစ်ပေါ်စေနိုင်သဖြင့် ၎င်းအပေါ် ပြန်လည် ချဉ့်ချိန် သုံးသပ်မှုပြုလုပ် သွားမည် ဖြစ်ကြောင်း KNO သြဂုတ်လ ၂၀ ရက်က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား သွေးခွဲခြင်း၊ ဆန့်ကျင်ခြင်း မဟုတ်ဘဲ မိမိတို့ သဘောဆန္ဒဖြင့် လုပ်ဆောင်ခြင်းသာ ဖြစ်ပြီး RCSS က လိုင်ဇာ ညီလာခံတွင် လေ့လာသူအဖြစ်သာ တက်ရောက်ခဲ့သဖြင့် ကတိကဝတ် ပြုထားခြင်းလည်း မရှိကြောင်း RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက မဇိ္̔ဈမကို ပြောသည်။

၎င်းက “ ကျွန်တော်တို့သဘောကျွန်တော်တို့ ဆုံးဖြတ်တာ။ ဘယ်သူ့ကိုမှ သွေးခွဲတာ မဟုတ်ရတဲ့အကြောင်း၊ နောက်ပြီးတော့ တိုင်းရင်းသားတွေကို ဆန့်ကျင်တယ်ဆိုတဲ့ ကြံစည်လုပ်ဆောင်တာ မဟုတ်ရကြောင်း ပြန်ပြီး ပြောကြားလိုပါတယ်”ဟု  ပြောသည်။

NCA တွင် ဖက်ဒရယ် ပြည်ထောင်စု စနစ် တည်ဆောက်သွားမည်ဟူသော အာမခံချက် မရှိသေးသသလို၊ လက်ရှိ KIO အနေဖြင့် ကချင်ပြည်သူလူထု၏ ဆန္ဒသဘောထား ရရှိပြီးဖြစ်ကာ  လက်မှတ်ရေး ထိုးရန်အတွက် ကချင်ပြည်နယ်တွင် အစိုးရ စစ်တပ်မှ ထိုးစစ်ဆင်မှုများ ရှိနေဆဲဖြစ်ပြီး လူထုက ယုံကြည်မှု နည်းပါးနေသဖြင့် NCA လက်မှတ်မထိုးမှီ အစိုးရ စစ်တပ်၏ ထိုးစစ်ဆင်မှုများကို ရပ်တန့်ရန် ပထမဆုံး လုပ်ဆောင်သင့်သည်ဟု ဒူဝါဘောမ်ဝမ်လရော်က ပြောသည်။

ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်ရှိသော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် မြန်မာအစိုးရမှ အာမခံထားပါက တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများသည် NCA ကို အလျင်အမြန် လက်မှတ်ရေး ထိုးမည်ဟုလည်း ထုတ်ပြန်ချက်က ဆိုထားသည်။

၁၉၉၉ ခုနှစ်က ကချင်တိုင်းရင်းသားအရေး နိုင်ငံတကာတွင် ဆောင်ရွက်နိုင်ရန် KNO ကို ဖွဲ့စည်းခဲ့ပြီး ၂၀၁၂ ခုနှစ် ဇွန်လက ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အတူ ပူးပေါင်း၍ ကချင်အမျိုုးသားရေးအတွက် လုပ်ဆောင်နေသော အဖွဲ့ဖြစ်သည်။ ယင်းအဖွဲ့ကို ကချင်အမျိုးသား ကျောက်သူဌေး ဒူဝါဘောမ်ဝမ်လရော်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စတင်ထူထောင်ခဲ့ကာ လက်ရှိ အမေရိကန်၊ အင်္ဂလန်၊ ဂျပန်၊ ဒိန်းမတ်၊ အိန္ဒိယ စသည့်နိုင်ငံများတွင် ရုံးစိုက်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required