ပါကစ္စတန်ခရစ်ယာန်ဘုရားကျောင်း၌ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၅ဦးထက်မနည်းသေဆုံး

ပါကစ္စတန်ခရစ်ယာန်ဘုရားကျောင်း၌ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၅ဦးထက်မနည်းသေဆုံး

ကွက်တာ၊ ပါကစ္စတန်၊ ဒီဇင်ဘာ ၁၇ ။           ။ ပါကစ္စတန်ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခုတွင် တနင်္ဂနွေနေ့၌ ဘုရားဝတ်ပြုနေကြစဉ်အတောအတွင်း အသေခံဗုံးခွဲသူ ၂ ဦး၏ တိုက်ခိုက်မှုကြောင့် လူ ၅ ဦးထက်မနည်းသေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုသည် ပါကစ္စတန်နိုင်ငံ ဘာလိုချစ္စတန်ခရိုင်အတွင်းရှိ ကွက်တာမြို့မှ အနောက်တောင်ပိုင်း အရပ်ရှိ ဂျွန်ဝက်စလေ၏ သြဝါဒကိုခံယူသူဂိုဏ်းဝင်တို့၏ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အကြီးတန်းရဲအရာရှိတစ်ဦးဖြစ်သူ အဘူလ်ရက်ဇ်ဇက်ချီးမားက သေဆုံးသူစာရင်းကိုပေးခဲ့ခြင်းဖြစ်ပြီး ဘာလိုချစ္စတန်ခရိုင်မှ ပြည်ထဲရေးဝန်ကြီး ဆာဖရက်ဇ်ဘက်ဂ်တီက အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့သည် အသေခံဗုံးခွဲသူတစ်ဦးကို ဘုရားကျောင်းအပြင်ဘက်၌ တားဆီးနိုင်ခဲ့သော်လည်း ဒုတိယမြောက် အသေခံဗုံးခွဲသမားမှာ ဘုရားကျောင်း၏ပင်မတံခါးပေါက်သို့ ရောက်ရှိသွားခဲ့ပြီး သူ့ကိုယ်သူဖောက်ခွဲခဲ့ခြင်းဖြစ် သည်ဟု ဘက်ဂ်တီက ပြောခဲ့သည်။

၀န်ကြီး၏အဆိုအရ တနင်္ဂနွေနေ့တိုင်းတွင် အဆိုပါဘုရားကျောင်းသို့ လာရောက်ဝတ်ပြုသူပေါင်း ၂၅၀ ခန့်ရှိ သော်လည်း ခရစ္စမတ်ကာလနီးလာသည်နှင့်အမျှ ၀တ်ပြုသူတိုးပွားလာခြင်းဖြစ်ကြောင်း သိရသည်။

အီရန်၊ အာဖဂန်နစ္စတန်တို့နှင့် နယ်နမိတ်ချင်းထိစပ်လျက်ရှိသော ဘာလိုချစ္စတန်ခရိုင်သည် ပါကစ္စတန်နိုင်ငံ၌ အစ္စလာမ်မစ်စစ်သွေးကြွများထကြွမှု၊ ဂိုဏ်းဂဏဆိုင်ရာကိစ္စများနှင့် ခွဲထွက်ရေးသမားများ၏ ပုန်ကန်ထကြွမှု ကြောင့် မငြိမ်မသက်ဖြစ်နေသော ဒေသတစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required