ပြင်ဦးလွင်တွင် သမပါယမက သိမ်းယူထားသော လယ်မြေပေါ်၌ တစ်ကိုယ်တော် ထွန်တုံး တိုက်ပွဲဝင်သူအား တရားရုံးသို့ တိုင်ကြား

ပြင်ဦးလွင်တွင် သမပါယမက သိမ်းယူထားသော လယ်မြေပေါ်၌ တစ်ကိုယ်တော် ထွန်တုံး တိုက်ပွဲဝင်သူအား တရားရုံးသို့ တိုင်ကြား
သြဂုတ်လ ၂၀ ရက်က တစ်ကိုယ်တော် ထွန်တုံးတိုက်ပွဲ ၀င်နေသည်ကို တွေ့ရစဉ်။ ဓါတ်ပုံ - အောင်ကိုဦး

ရန်ကုန်၊ သြဂုတ် ၂၀ ။          ။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်အတွင်းရှိ သမဝါယမဦးစီးဌာနမှ သိမ်းယူ ထားသော လယ်မြေ ၁၄ ဧက ပေါ်တွင် တစ်ကိုယ်တော်ထွန်တုံး တိုက်ပွဲ ဝင်နေသူအား ပိုင်နက် ကျူးလွန်မှု၊ အကျိုးဖျက်စီးမှုတို့ဖြင့် အရေးယူနိုင်ရန် မတ္တရာမြို့နယ်တရားရုံးတွင် သြဂုတ်  ၂၀ရက် မွန်းလွဲ ၃ နာရီက ဦးတိုက်လျှောက်ထားတိုင်ကြားလိုက်ပြီဟု မတ္တရာမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးမှူး ဦးခင်မောင် က မဇ္ဈိမ ကိုပြောသည်။

အဆိုပါ ထွန်တုံးတိုက်ပွဲဝင်နေသော မြေနေရာအား သ/မ ဦးစီးဌာနမှ သြဂုတ် ၂၀ ရက် နံနက်ပိုင်းက အင်အား ၅၀ ဦးကျော်ဖြင့် သ/မအလံများစိုက်ထူပြီး ခြံစည်းရိုးကားခဲ့သည်။ ထိုသို့ ကာရံပြီး ထွန်စက် များဖြင့် စိုက်ပျိုးမှုများပြုလုပ်နိုင်ရန် ထွန်ယက်မှုများ စတင်ခဲ့သည်။ ထိုသို့ ဆောင်ရွက်နေ သည်ကို ထွန်တုံးတိုက်ပွဲဝင်နေသူနှင့် မိသားစုမှ ဝင်ရောက်တားဆီးမှုများပြုလုပ်ကာ ဆက်လက် ထွန်တုံးတိုက်ပွဲ ဝင်နေခြင်းကြောင့် ဥပဒေအတိုင်းဆောင်ရွက်နိုင်ရန် တရားရုံးသို့ ဦးတိုက် လျှောက်ထား ခြင်းဖြစ်သည်ဟု ဦးခင်မောင်ကဆိုသည်။

ဦးခင်မောင် က  “ကျွန်တော်တို့ ဝန်ကြီးဌာနက ညွှန်ကြားချက်အတိုင်း လုပ်တာပါ။ ဥပဒေအတိုင်းပဲ ဆောင်ရွက်သွားမယ်။ သတ်မှတ်ထားတဲ့နေရာထဲ ထိဝင်ပြီး လုပ်နေတယ်။ ဒါကြောင့် ခြံစည်းရိုးကာ တယ်။ ဒါပေမယ့်ဝင်လုပ်နေတယ်။သူတို့မြေမှန်ရင် ဥပဒေအတိုင်း အဆင့်ဆင့် တင်ပြပြီးတောင်းလို့ရပါတယ်။ “ဟု ပြောသည်။

အဆိုပါလယ်မြေအား ၁၉၇၅ ခုနှစ်တွင် သမဝါယမ မှသိမ်းယူခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ သီးစားချ ထားခဲ့ခြင်းဖြစ်သည်။ ထွန်တုံးတိုက်ပွဲဝင်နေသူ  မလင်းလင်းထွေးသည် လယ်မြေကို သူမ၏ ဖခင် လက်ထက်တွင် သိမ်းယူခံရခြင်းဖြစ်သြည်။

၎င်းက “ ကျွန်မတို့ ပိုင်ခဲ့တဲ့မြေလေး ပြန်ရဖို့ စာတင်ပြီး အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ မရဘူး။ ဒါကြောင့် ကျွန်မအရဲစွန့်ပြီး ထွန်တုံးတိုက်ပွဲဝင်တာပဲ။ အရေးယူလည်းခံမယ်။ ဖမ်းလည်းခံမယ်။ ကျွန်မမိဘတွေ မသေခင် ဒီမြေလေးပြန်ရရင် ကျေနပ်ပါတယ်။ သူတို့ခြံစည်းရိုးခတ်လည်း ဆက်ပြီး ဝင်လုပ်မှာပဲ။ “ဟုပြောသည်။
 
ထွန်တုံးတိုက်ပွဲဝင်ခြင်းကို  သြဂုတ် ၁၇ ရက်မှစတင်ပြီး ၂၀ ရက်ထိလုပ်ဆောင်နေရာတွင် ၂၀ ရက်တွင် သ/မ မှ ဝင်ရောက်၍ ခြံစည်းရိုးခတ်လိုက်ခြင်းဖြစ်သည်။

အဆိုပါလယ်ယာမြေများအား သ/မ ကသိမ်းယူခဲ့စဉ်က ၁၈၉၄ ခုနှစ်မြေသိမ်းဥပဒေနှင့် အညီ သိမ်းယူခဲ့ခြင်း မရှိသည့်အပြင် လျှော်ကြေးနစ်နာကြေး ပေးခြင်းများလည်းမရှိခဲ့သလို မူလပိုင်ရှင်ဟု ဆိုသူ လယ်သိမ်းခံတောင်သူ မလင်းလင်းထွေး က ယနေ့အချိန်ထိ မိဘများပိုင်ဆိုင်ခဲ့သည့် အထောက်အထားများရှိနေဆဲဖြစ်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required