သြစတြေးလျ၌ ဒုံးပျံနှင့်နည်းပညာများ ရောင်းချရန်ကြိုးပမ်းသူ မြောက်ကိုရီးယားအေးဂျင့် အဖမ်းခံရ

သြစတြေးလျ၌ ဒုံးပျံနှင့်နည်းပညာများ ရောင်းချရန်ကြိုးပမ်းသူ မြောက်ကိုရီးယားအေးဂျင့် အဖမ်းခံရ

ဆစ်ဒနီ၊ သြစတြေးလျ၊ ဒီဇင်ဘာ ၁၇။       ။ နိုင်ငံတကာအသိုင်းအဝိုင်း၏ အရေးယူဒဏ်ခတ်မှုများ ကြံုတွေ့နေရသည့် ပြံုယမ်းအစိုးရအတွက် ရန်ပုံငွေရှာပေး သည့်အနေဖြင့် မှောင်ခိုစျေးကွက်ထဲ၌ ဒုံးပျံအစိတ်အပိုင်းများနှင့် နည်းပညာများကို ရောင်းချရန်ကြိုးပမ်းခဲ့သော ဆစ်ဒနီမြို့မှ မြောက်ကိုရီးယားသစ္စာခံ အေးဂျင့်တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သြစတြေးလျရဲတပ်ဖွဲ့က တနင်္ဂနွေ နေ့၌ ထုတ်ပြန်ကြေညာခဲ့သည်။

သြစတြေးလျနိုင်ငံသားဖြစ်သော အသက် ၅၉ နှစ်အရွယ်ရှိ ကိုရီးယားနွယ်ဖွား မစ္စတာချန်ဟန်ချွိုင်းသည် မြောက်ကိုရီးယားအတွက် ရန်ပုံငွေဒေါ်လာသန်းပေါင်းများစွာ ရှာဖွေပေးနိုင်သည့် ဥပေဒနှင့်ဆန့်ကျင်သော အရောင်းအဝယ်ကိစ္စများ၌ ပွဲစားအဖြစ်ဆောင်ရွက်ရန် ကြိုးပမ်းခဲ့ကြောင်း သြစတြေးလျဖက်ဒရယ်ရဲတပ်ဖွဲ့ AFP က သတင်းထုတ်ပြန်ခဲ့သည်။

ဒါ့အပြင် အဆိုပါအမျိုးသားသည် ပဲ့ထိန်းတပ်ဒုံးပျံထုတ်လုပ်မည့် အဆောက်အဦးများ ထူထောင်ရေးကိစ္စ ဆွေးနွေးမှုများအတွင်းပါ၀င်ခဲ့သလို ဒုံးပျံဆောက်လုပ်ရေးအစီအစဉ်အတွက် အစိတ်အပိုင်းများ၊ ဆော့ဖ်ဝဲလ်များ နှင့် နည်းပညာကျွမ်းကျင်ပညာရှင်များကို ပြံုယမ်းမှလွှဲပြောင်းပေးရန် စီစဉ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က စွဲချက်တင်ခဲ့ သည်။

AFP မှ ဒုတိယရဲမင်းကြီးဖြစ်သော နီရယ်လ်ဂေါ်ဟန်က ယခုလိုဖြစ်ရပ်မျိုး သြစတြေးလျမြေပေါ်၌ တစ်ခါမှကြံု တွေ့ဖူးခြင်းမရှိကြောင်းနှင့် အဆိုပါအမျိုးသားသည် မြောက်ကိုရီးယားမှ အဆင့်မြင့်အရာရှိများနှင့် အဆက် အသွယ်ရှိကြောင်း သတင်းထောက်များအား ပြောဆိုခဲ့သည်။

“ဒီလူဟာ မြောက်ကိုရီးယားတို့ရဲ့ သစ္စာရှိအေးဂျင့်တစ်ဦးပါ။ သူဟာ မျိုးချစ်စိတ်ဓာတ်အခံနဲ့ ဒီလိုဆောင်ရွက် နေတယ်လို့ ယုံကြည်ရပါတယ်” ဟု သူက ပြောခဲ့သည်။ ဖမ်းဆီခံထားရသောအေးဂျင့်၏ အစီအစဉ်များ၌ အခြားသောအစိုးရအဖွဲ့ သို့မဟုတ် တာဝန်ရှိသူများ ပါ၀င်ခြင်းမရှိကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။

ထို့အပြင် အာဏာပိုင်များသည် ယင်းအေးဂျင့်ဘက်မှ အရောင်းအဝယ်ပြုလုပ်ရန် ကြိုးပမ်းခဲ့သော အခြားဝယ်လက်များ သို့မဟုတ် ပုဂ္ဂိုလ်များကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိကြောင်း သိရသည်။

မြောက်ကိုရီးယားတို့သည် ၄င်းတို့၏ နျူကလီးယားနှင့် ဒုံးပျံစမ်းသပ်မှုအစီအစဉ်များကြောင့် နိုင်ငံတကာနှင့် ကုလသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုနှင့် ရင်ဆိုင်ရလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required