ရဟတ်ယာဉ်ပျက်ကျမှုကြောင့် ဟွန်ဒူးရပ်စ်သမ္မတ၏ ဆွေမျိုးဖြစ်သူ ၀န်ကြီးတစ်ဦးနှင့် လူ ၅ဦးသေဆုံး

ရဟတ်ယာဉ်ပျက်ကျမှုကြောင့် ဟွန်ဒူးရပ်စ်သမ္မတ၏ ဆွေမျိုးဖြစ်သူ ၀န်ကြီးတစ်ဦးနှင့် လူ ၅ဦးသေဆုံး
ဟွန်ဒူးရပ်နိုင်ငံသမ္မတ ဟွမ်အော်လန်ဒိုဟာနန်ဒက်ဇ်၏ အစ်မဖြစ်သော မဟာဗျူဟာနှင့်ဆက်သွယ်ရေး ဝန်ကြီး ဟောင်းဖြစ်သူ ဟီလ်ဒါဟာနန်ဒက် အား တွေ့ရစဉ်။ ဓာတ်ပုံ-EFE-EPA

တီဂူစီဂယ်လ်ပါ၊ ဒီဇင်ဘာ ၁၇ ။             ။ ဟွန်ဒူးရပ်နိုင်ငံသမ္မတ ဟွမ်အော်လန်ဒိုဟာနန်ဒက်ဇ်၏ အစ်မဖြစ်သော မဟာဗျူဟာနှင့်ဆက်သွယ်ရေး ၀န်ကြီး ဟောင်းဖြစ်သူ ဟီလ်ဒါဟာနန်ဒက်နှင့် အခြားသူ ၅ဦးသည် စနေနေ့၌ဖြစ်ပွားခဲ့သည့် စစ်ရဟတ်ယာဉ် မတော် တဆ ပျက်ကျမှုအတွင်း သေဆုံးခဲ့သည်ဟု ဒေသတွင်းသတင်းဌာနများက ဖော်ပြခဲ့သည်။

ဒေသစံတော်ချိန် မနက် ၉း၄၇နာရီခန့်တွင် ပျောက်ဆုံးသွားခဲ့သည့် အဆိုပါရဟတ်ယာဉ်ကို နိုင်ငံအတွင်းရှိ တောင်ထူထပ်သော ယာဘာဗွေနာအရပ်၌ ပြန်တွေ့ခဲ့ကြောင်း သတင်းဌာနများ၏ ကနဦးသတင်းဖော်ပြချက် အရ သိရသည်။

၀န်ကြီးဟောင်းအပြင် နောက်ထပ်သေဆုံးသွားခဲ့သော အခြားသူ ၅ ဦးမှာ ခြေလျင်တပ်မှ ဗိုလ်ကြီးဖြစ်သူ ပတ်ထရီစီယာ ဗယ်လာဒါရက်စ်၊ လုံခြံုရေးအေးဂျင့်များဖြစ်ကြသော နာဟွန်းလာဂို့စ်နှင့် မားကို့စ်ဘီနီဂက်စ်၊ ပိုင်းလော့ဖြစ်သူ အိုင်ဗန်ဗက်စ်ကွက်ဇ် နှင့် တွဲဖက်ပိုင်းလော့ဖြစ်သူ ဂါဆွန်ဒီယက်ဇ်တို့ဖြစ်ကြောင်း ဟွန်ဒူးရပ် စစ်တပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံအလယ်ပိုင်း၌ ရာသီဥတုဆိုးရွားနေသောကြောင့် ရဟတ်ယာဉ်ပျက်ကျခဲ့ခြင်းဖြစ်နိုင်သည်ဟု ဟွန်ဒူးရပ် စစ်တပ်ဘက်မှ လောလောဆယ်သတင်းထုတ်ပြန်ထားသည်။

တွန်ကွန်တင် လေကြောင်းထိန်းချုပ်မျှော်စင်မှ ထုတ်ပြန်သောသတင်းအချက်အလက်များအရ ဒေသစံတော်ချိန် မနက် ၉း၄၇ နာရီခန့်တွင် ရဟတ်ယာဉ်တစ်စီးက ၄င်းတို့သည် အမြင့်ပေ ၁၀၀၀၀ အထိ မြင့်တက်သွားပြီ ဖြစ်ကြောင်းနှင့် မြို့တော်လေဆိပ်နှင့် ၁၁ မိုင်ခန့် ကွာဝေးသောအရပ်၌ရှိနေသည်ဟု နောက်ဆုံးသတင်းပေးပို့ ခဲ့ကြောင်း စစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။

ဟီလ်ဒါဟာနန်ဒက်ဇ်သည် ပြီးခဲ့သောနို၀င်ဘာလ ၂၆ ရက်နေ့က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ အတွက် သူမ၏မောင်ဖြစ်သူ ဟွန်ဒူးရပ်သမ္မတ၏ နိုင်ငံရေးစည်းရုံးပွဲများ၌ အချိန်ပြည့်ဆောင်ရွက်ပေးနိုင်ရန် လွန်ခဲ့သော ဇန်နဝါရီလအစောပိုင်းက ၀န်ကြီးအဖြစ်မှ အနားယူခဲ့သူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required