တောင်အာဖရိက အာဏာရပါတီက ခေါင်းဆောင်သစ် ရွေးချယ်

တောင်အာဖရိက အာဏာရပါတီက ခေါင်းဆောင်သစ် ရွေးချယ်

ဂျိုဟန်နစ္စဘတ်၊ ဒီဇင်ဘာ ၁၆ ။           ။ တောင်အာဖရိကနိုင်ငံ၏ လူမျိုးစုခွဲခြားရေး သမိုင်းအလွန် အခရာကျသည့် လှုပ်ရှားမှုတစ်ရပ်အဖြစ် အာဏာရ အာဖရိကအမျိုးသားကွန်ဂရက် ANC ပါတီသည် ဒီဇင်ဘာ ၁၆ ရက်တွင် ခေါင်းဆောင်သစ်ရွေးချယ်ရန် ညီလာခံကျင်းပသည်။

၅၄ ကြိမ်မြောက် ပါတီနှစ်ပတ်လည် ညီလာခံတွင် ခေါင်းဆောင်သစ် ရွေးချယ်ခြင်းဖြစ်ကာ ရွေးချယ်ခံရသည့် ပုဂ္ဂိုလ်မှာ ၂၀၁၉ သမ္မတလောင်း ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

လက်ရှိ ပါတီဒုတိယဥက္ကဌဖြစ်သည့် အောင်မြင်သော စီးပွားရေးသမားလည်းဖြစ်သူ ရမ်မာဖိုဆာက ယခု ပါတီဥက္ကဌနေရာအတွက် တစ်ပြေးနေပြီး လက်ရှိ သမ္မတ၏ ဇနီးဖြစ်သူ ဒယ်လာမီနီဇူးမားက ဒုတိယလိုက်လျက် ရှိသည်။

လျှို့ဝှက်မဲပေးပြီးနောက် ရွေးချယ်ခံရမည့် ပါတီခေါင်းဆောင်သစ်ကို ဒီဇင်ဘာ ၁၇ ရက်တွင် ကြေညာဖြစ်နိုင်သည်။

နဲလ်ဆန်မန်ဒဲလား၏ ANC ပါတီသည် ၁၉၉၄ ခုနှစ် လွတ်လပ်ရေး တည်ထောင်ချိန်မှစကာ တောင်အာဖရိက ရွေးကောက်ပွဲတိုင်းတွင် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ယခု ကျင်းပသော ညီလာခံတွင် လက်ရှိသမ္မတ ဂျက်ကော့ဇူးမားက နှုတ်ခွန်းဆက်မိန့်ခွန်းပြောကြားပြီး ၎င်း၏ အုပ်ချုပ်မှု မူဝါဒကို ပြန်လည်သုံးသပ်သည်။

သမ္မတ ဇူးမားအနေဖြင့် ဒုတိယအကြိမ်နှင့် နောက်ဆုံးအကြိမ် သမ္မတသက်တမ်းသည် ၂၀၁၉ ခုနှစ်တွင် ပြီးဆုံးမည်ဖြစ်သည်။ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံများနှင့် စီးပွားရေးအားနည်းခြင်းများကြောင့် ဇူးမား၏ ဂုဏ်သိက္ခာမှာ ညိုးနွမ်းခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required