သာသနာညှိုးနွမ်းစေမှုအပါအဝင် အဓိကအချက် ၃ ချက်ဖြင့် ပန်ဆယ်လိုအကောင့်ပိုင်ရှင်ကို အမှုဖွင့်ဟု ဆို

သာသနာညှိုးနွမ်းစေမှုအပါအဝင် အဓိကအချက် ၃ ချက်ဖြင့် ပန်ဆယ်လိုအကောင့်ပိုင်ရှင်ကို အမှုဖွင့်ဟု ဆို

ရန်ကုန် ဒီဇင်ဘာ ၁၆ ။        ။ သာသနာညှိုးနွမ်းစေမှုအပါအဝင် အဓိကအချက် ၃ ချက်ဖြင့် လူမှုကွန်ရက်စာမျက်နှာတွင် လူသိများနေသည့် ပန်ဆယ်လို အကောင့်ပိုင်ရှင်ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်ဟု အမှုဖွင့်တိုင်ကြားသူ ဦးမောင်မောင်တာက ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့က ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့ နယ်၊ ဘုရားလမ်းရှိ ရင်ကြည်စားသောက်ဆိုင်တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

ပန်ဆယ်လိုသည် ဒီဇင်ဘာ ၂၈ ရက်နေ့က မင်္ဂလာ ဒုံမြို့နယ်၊ ထောက်ကြံ့ရှိ၊ လမင်းသာ-၂ စား သောက်ဆိုင် တွင် သံဃာတစ်ပါးအား ရိုက်နှက်ခံခဲ့ ရသည့်ကိစ္စအပါအဝင် ဆရာတော် ဦးဝီရသူနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အား ၄င်း၏ လူမှုကွန်ယက်စာ မျက်နှာတွင် နိုဝင်ဘာ ၃၀ ရက်နေ့ က ရေးသား စော်ကားခဲ့ခြင်းများရှိခဲ့သည်ဟုဆိုကာ လှိုင်သာယာ မြို့နယ်နေသူ ဦးမောင်မောင်တာက ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်နေ့က တာမွေမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ် သည်။

"ပန်ဆယ်လိုကို စွဲတာက ကျွန်တော်စွဲလိုက်တဲ့ အဓိကအချက်ကတော့ ၃ ချက်ပေါ့နော်၊ ပထမ တစ်ချက်က ထောက်ကြံ့ဖြစ်စဉ်မှာ သူရဲ့ပြောဆို သွားတာတွေက ဘာသာသနာကို ညှိုးနွမ်းစေတဲ့ အသုံးအနှုန်းတွေပါတယ်၊ စွပ်စွဲချက်တွေပါတယ်၊ ဘာသာသာသနာ ညှိုးနွမ်းစေမှု မဖြစ်အောင် စွဲတာ၊ နောက်ပြီး ဆရာတော်ဦးဝီရသူနဲ့ ပတ်သက်ပြီး ဆရာတော်ကို ပုတ်ခပ်ပြောဆိုတာတွေက တော်တော်လေးကို ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ရင်ထဲမှာ ခံစားရတယ်၊

နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဆဲရေးတိုင်းထွာတဲ့ဟာတွေ၊ မြန်မာနိုင်ငံ မှာ ကာကွယ်ရေးတာဝန် ထမ်းဆောင် နေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ယောက်ကို မလျော်မကန်တိုင်းထွာတာ။  ဒါကိုလည်း စိတ်ထဲမှာ ခံစားလို့ မရတဲ့အတွက် စွဲတာ" ဟု အမှု ဖွင့်ခဲ့သူ ဦးမောင်မောင်တာက ပြောသည်။

ထို့ပြင် အခြားဝေဖန်ပုတ်ခပ်သော အကောင့်များစွာ ရှိသော်လည်း ပန်ဆယ်လို၏အကောင့်မှာ ဖော်လိုဝါ များပြီး ကျယ်ပြန့်လွန်းသည့်အတွက် သူမတစ်ဦးတည်းကိုသာ အမှုဖွင့်ခြင်းဖြစ်ကြောင်း၊ အမှုဖွင့် တရားစွဲဆိုခြင်းမှာ မိမိ ပုဂ္ဂလိက သီးသန့်သာဖြစ်ပြီး နောက်ကွယ်တွင် အခြားအဖွဲ့အစည်းများမရှိ ကြောင်း ၄င်းက ဆက်လက် ပြော သည်။

သတင်းစာရှင်းလင်းပွဲတွင် ပါဝင်ခဲ့သူ ရှေ့နေကြီး ဦးအေးပိုင်ကလည်း ယင်းကိစ္စများအတွက် ပန်ဆယ်လို အနေနှင့် ရှင်းလင်းရမည့်တာဝန်များ ရှိသည်ဟု ပြောသည်။

" ကျွန်တော်လေ့လာကြည့်မိတဲ့အခါမှာပေါ့နော်၊ ထောက်ကြန့်ဖြစ်စဉ်မှာ အရက်သောက်တယ်ဆို တဲ့အချက် နောက်တစ်ခါ ရဟန်းအတုဆိုတဲ့ အချက်၊ အရက်လာဝယ်တယ်ဆိုတဲ့အချက်တွေ ကတော့ မမှန်ဘူး၊ တစ်ဖက်ကလည်း မမှန်ဘူးဆို တာရှင်းထားတယ်၊ သူကလည်း ဂျာနယ်က ပါလို့ ရေးလိုက်တယ်၊ ဒါပေမယ့် တစ်ကယ့်ဖြစ်စဉ်က သံဃာအစစ်အမှန်ဖြစ်နေတယ်၊ အရက်လာဝယ် တာလည်း မဟုတ်ဘူးဖြစ်နေတယ်၊ ဆိုတော့ ဒါကို သူ ဖြေရှင်းရမယ်၊ တစ်ကယ်လို့ သူရေးတာ မှားနေ ပြီဆိုရင်တော့ ၆၆(ဃ) ငြိမှာ၊ ဒါကြောင့် သူ ဒါကို ဖြေရှင်းရမယ်" ဟု ရှေ့နေကြီး ဦးအေးပိုင်က ပြောသည်။

တိုင်ကြားစာတွင် ဒေါ်အိမ့်ပိုးဥ (ခေါ်) ပန်ဆယ်လိုသည် ၂၈-၁၂- ၂ဝ၁၇ ရက်တွင် မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့ (လမင်းသာ-၂) စားသောက်ဆိုင်၌ သံဃာတစ်ပါး က ဆေးသောက်ရန်အတွက် ရေနွေးဝင်ရောက် တောင်းသည်ကို ဆိုင်ရှင်နှင့်အပေါင်းအပါးတို့က နှိပ်စက်ညှဉ်းပန်းမှုနှင့်ပတ်သက်၍ ဗုဒ္ဓဘာသာ သာသနာကို ပျက်စီးစေလိုသော၊ ဖျက်ဆီးလိုသော သဘောသက်ရောက်သည့်ရေးသားချက်များအား ၄င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား၍ နိုင်ငံတစ်ဝန်းရှိ ဗုဒ္ဓဘာသာဝင်များ စိတ်နှလုံးညှိုး နွမ်းစေရန် ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြပါရှိသည်။

ဆက်လက်၍ တိုင်ကြားခံရသူသည် ဗုဒ္ဓဘာသာ သာသနာ၏ သုတဗုဒ္ဓခေါ်ဆိုအပ်သော ဆရာ တော်ဦးဝီရသူ(ခ)ဦးဝိစိတ္တ(ဘိဝံသ) အားလည်း ကြိမ်ဖန်များစွာ စော်ကားရေးသားခြင်းများရှိခဲ့ ကြောင်း၊ ထို့ပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်အား နိုင်ငံတကာမှ အကြည်အညိုပျက်လောက်သည်အထိ ရေးသား စော်ကားခဲ့ခြင်းများရှိခဲ့သည့်အတွက် အရေးယူ ဆောင်ရွက်ပေးရန် လှိုင်သာယာမြို့နယ်နေသူ ဦးမောင်မောင်တာက ၄င်း၏ တိုင်ကြားစာတွင် ဖော်ပြခဲ့သည်။

ယင်းသတင်းစာရှင်းလင်းပွဲတွင် တေးဂီတဖျော်ဖြေ မှုများပြုလုပ်ခဲ့ပြီး နိုင်ငံတော်သီချင်းနှင့် ဇာတိမာန် သီချင်း သီဆိုခြင်းများ ပြုလုပ်ခဲ့ကြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ တာမွေမြို့မရဲစခန်းက (ပ)နံပါတ် ၁၀၂၃/၂၀၁၇ ၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ဃဖြင့် အမှုလက်ခံထားကြောင်း သိရှိရ သည်။

အမှုဖွင့် တိုင်ကြားခံရမှုနှင့်ပတ်သက်၍ ပန်ဆယ်လို ကလည်း "ရင်ဆိုင်ဖို့ အဆင်သင့်ရှိပါတယ်၊ ကျွန်မ ရေးထားတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး ယုံ ကြည်မှု အပြည့်အဝရှိပါတယ်၊ ကျွန်မ ရေးတာနဲ့ ပတ်သက်ပြီး ဖြေရှင်းသွားဖို့ အဆင်သင့်ရှိပါတယ် ဟု ဒီဇင်ဘာလ ၁၂ နေ့ ညပိုင်းက သူမ၏ လူမှုကွန် ယက်စာမျက်နှာမှ Live လွှင့်၍ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly