ရိုက်တာသတင်းထောက်နှစ်ဦးအား အမြန်ဆုံး ပြန်လွှတ်ပေးပါ

ရိုက်တာသတင်းထောက်နှစ်ဦးအား အမြန်ဆုံး ပြန်လွှတ်ပေးပါ

 

 

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ဖြင့် ဖမ်းဆီးခံထားရသည့် ရိုက်တာသတင်းထောက်နှစ်ဦးအား အမြန်ဆုံး ပြန်လွှတ်ပေးရန် မဇျ္စိမမီဒီယာ ဂရု(ပ်) က တောင်းဆိုသည်။

ရန်ကုန်အခြေစိုက် ရိုက်တာသတင်းဌာနမှ သတင်းထောက်များဖြစ်ကြသော ကိုဝလုံး နှင့် ကိုကျော်စိုးဦး တို့ နှစ်ဦးသည် ရခိုင်ပြည်နယ်ရှိ လုံခြံုရေးတပ်ဖွဲ့ဝင်များနှင့် စပ်လျင်းသည့် အရေးကြီး လုံခြံုရေး သတင်းအချက်အလက် စာရွက်စာတမ်းများကို နိုင်ငံခြားသတင်းဌာနများသို့ ပေးပို့ရန် စီစဉ်ခဲ့ခြင်းကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ပြောကြားထားသည်။

ယင်းအတွက်ကြောင့် ၎င်းတို့နှစ်ဦးသည် အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေအောက်တွင် အများဆုံး ထောင်ဒဏ် ၁၄ နှစ်ထိ ကျခံသွားရနိုင်သည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်။

ယခုကဲ့သို့ ဖမ်းဆီးထိန်းသိမ်းမှုသည် ခက်ခဲသော အခြေအနေများအောက်တွင် သတင်းစုံစမ်းဖော်ထုတ်တင်ဆက်ခြင်းဆိုသည့် အလုပ်ကို ကြိုးစားလုပ်ကိုင်နေကြရသည့် သတင်းထောက်များအပေါ် ခြိမ်းခြောက်သည့် ကြိုးပမ်းမှုတစ်ရပ်လည်း ဖြစ်သည်။

မိမိတို့ နားလည်သိရှိသလောက် ပြောရလျင် လုံခြံုရေးဆိုင်ရာ အချက်အလက် အထောက်အထားများ သို့မဟုတ် လျှို့ဝှက် ပြည်ပသတင်းအေဂျင်စီများ ဆိုသည်တို့နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကိုလည်း ထုတ်ပြန်ထားခြင်း မရှိသေးသည်ကိုလည်း တွေ့ရသည်။

အလားတူ သတင်းထောက်နှစ်ဦးကို လက်ထိပ်ခတ်ပြီး စာရွက်စာတမ်းများ တင်ထားသော စားပွဲတစ်လုံးရှေ့တွင် မတ်တပ်ရပ်ခိုင်းထားသည့် ပုံနှင့်အတူ သတင်းဖော်ပြချက်တစ်ခုကို အာဏာပိုင်များဘက်က အစိုးရပိုင် သတင်းစာတွင် ဖော်ပြခဲ့ခြင်းက ယခု ထိခိုက်နာကျင်ရမှုဖြစ်စဉ်အပေါ် ထပ်ဆောင်း စော်ကားရာကျနေသည်။ ယင်းဓာတ်ပုံ ဖော်ပြမှုပုံစံသည် ပြစ်မှုကျူးလွန်သူများအဖြစ် ယူဆနိုင်အောင်  ရည်ညွှန်းသည့် ပုံစံမျိုး ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သား အစိုးရ တက်လာပြီးနောက်ပိုင်း နိုင်ငံတွင် သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ် လေးစားအသိအမှတ်ပြုမှုပိုင်းတွင် သိသာစွာ တိုးတက်လာလိမ့်မည်ဟု မျှော်လင့်ချက်များ တိုးပွားခဲ့သည်။ လက်ရှိ ရခိုင်အကျပ်အတည်းကိစ္စ ကိုင်တွယ်ပုံနှင့်ပတ်သက်၍ ပြည်တွင်းရော၊ ပြည်ပမှာပါ ပြင်းထန်သည့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရလျက်ရှိချိန် ယခု ဖြစ်စဉ်ကြောင့် အစိုးရ၏ နာမည်ဂုဏ်သတင်းအပေါ် ဆိုးရွားစွာ ထိခိုက်သွားနိုင်စရာ ရှိနေသည်။

သတင်းထောက်များတွင် သတင်းရင်းမြစ်များဆီသို့ သွားရောက် ရယူခွင့်၊ သတင်းများကို ပြည့်စုံတိကျစွာ တင်ပြနိုင်ရန် သတင်းနှင့် ဆက်စပ်သည့် အချက်အလက်များကို မေးမြန်းစုဆောင်းခွင့် ရှိသည်ဟု မဇျ္စိမက ယုံကြည်ပါသည်။

အလားတူ ပြဿနာဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသသို့ သတင်းသမားများ သွားရောက်ခြင်းအပေါ် မြန်မာ အာဏာပိုင်များဘက်က တားမြစ်ခြင်း သို့မဟုတ် တင်းကျပ်စွာ ကန့်သတ်ထားခဲ့ခြင်းကြောင့်လည်း ဖြစ်ပေါ်နေသည့် သတင်းအချက်အလက်များကို တိတိကျကျ ရရှိနိုင်ရန် ခက်ခဲစေလျက်ရှိသည်။

ဘက်မလိုက် မျှတသည့် သတင်းဖြစ်စဉ်များကို တင်ပြနိုင်ရန်အတွက် သတင်းအချက်အလက်များကို စုံစမ်းစုဆောင်းရန်မှာ ၎င်းတို့၏ တာဝန်ဖြစ်သည်ဟု ဂျာနယ်လစ်များဘက်ကတော့ ယူဆထားကြမည် ဖြစ်သည်။

ယခုဖြစ်စဉ်ကို ကြည့်ပြီး ပြောရလျင် သတင်းထောက်များ သတင်းလိုက်ရင်း သိရှိရရှိလာသည့် အချက်အလက်များအနက် နိုင်ငံတော်လုံခြံုရေးကို ထိခိုက်စေနိုင်သည့် အချက်အလက်တစ်ချို့ကို အများပြည်သူထံသို့ မဖော်ပြသင့်သည်ကို မိမိတို့ လက်ခံသော်လည်း ယခုကဲ့သို့ သတင်းနှင့်ပတ်သက်သည့် အချက်အလက်များ လက်ဝယ်တွေ့ရှိရုံမျှဖြင့် အစိုးရလျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်သည်ဟု စွပ်စွဲခြင်းသည် သတင်းလွတ်လပ်ခွင့်အပေါ် ခြိမ်းခြောက်ရာ ကျနေသည်။ အလားတူ ဗြိတိသျှ ကိုလိုနီ အစိုးရက အုပ်ချုပ်ခံ မြန်မာပြည်သူများကို ဖိနှိပ်ရန် ရည်ရွယ်ချက်ဖြင့် လွန်ခဲ့သည့် ၁၉၂၃ ခုနှစ်ကတည်းက ရေးဆွဲပြဌာန်းထားခဲ့သော ခေတ်မမှီတော့သည့် အက်ဥပဒေတစ်ခုကို ယခုဖြစ်စဉ်တွင် တလွဲအသုံးပြုရာ ရောက်နေသည်။

ယခုအခါတွင် ထိန်းသိမ်းခံ သတင်းထောက်များကို ၎င်းတို့၏ မိသားစုဝင်များနှင့် ဆက်သွယ်တွေ့ဆုံခွင့် မပြုဟု စုံစမ်းကြားသိထားရပါသဖြင့် ၎င်းတို့၏ အခြေခံမူလအခွင့်အရေးများ ချိုးဖောက်ခံရမှုအပေါ် မိမိတို့ များစွာ စိုးရိမ်ပူပန်နေမိပါသည်။

ယင်းအတွက် ဖြစ်စဉ်နှင့်ပတ်သက်၍ အစိုးရဘက်က ပွင့်လင်းမြင်သာမှု အပြည့်ဖြင့် ရှင်းပြပေးရန်နှင့် ထိန်းသိမ်းခံသတင်းထောက်များကို အမြန်ဆုံး ပြန်လွှတ်ပေးရန် မိမိတို့ တောင်းဆိုသည်။

အရေးကြီးသည့် ယခုလို အချိန်အခိုက်အတန့်တွင် မြန်မာအစိုးရ၏ ရပ်တည်ချက်အပေါ် ယခုကိစ္စကြောင့် ထိခိုက်သွားမည်ဟုလည်း မိမိတို့ ခံစားမိနေပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly