ကျောက်ကပ်ပျက်စီးစေသောအစားအစာများ ( အပိုင်း - ၄ ) နိဂုံးပိုင်း

ကျောက်ကပ်ပျက်စီးစေသောအစားအစာများ ( အပိုင်း - ၄ ) နိဂုံးပိုင်း

[ဆီးလမ်းကြောင်းကျဉ်းတာ၊ ဆီးကျင်တာ၊ ဆီးမကြာခဏသွားပြီးဆီးကျန်နေတာ ]

 

မေး။   ။ ဆီးလမ်းကြောင်းကျဉ်းလို့ မှန်ပြောင်းနဲ့ ချဲ့ထားရပါတယ်။ တစ်လပြည့်လို့ ပြန်ပြတဲ့အခါ ပြန်ကျဉ်းသွားလို့ နောက်တစ်ခါ ပြန်ချဲ့ရပါတယ်။ ခုလည်းဆီးကတစ်နာရီတစ်ခါ သွားနေပါတယ်။ ဆီးသွားရတာအားမရပါဘူး။ နောက် ပြန်ကျဉ်းနိုင်ပါသေးသလားဘယ်လိုဆေးကုသမှု ခံယူရမလဲဆိုတာရှင်းပြပေးပါဦး ။

ဖြေ။    ။ ပြောရရင်တော့ စဉ်းစားစရာလေးတွေ ရှိတာပေါ့နော်။ တကယ်ကျဉ်းသွားလို့ ချဲ့ရတယ်ဆိုတဲ့ဟာမျိုးဆိုရင် ချက်ချင်းတော့ ပြန်ကျဉ်းသွားဖို့တော့ မသင့်ဘူးပေါ့။ စဉ်းစားဖို့တစ်ခုကစောစောကချဲ့လိုက်တဲ့ဟာကကောင်းကောင်းမကျယ်သွားလို့လားဒါကတစ်ချက်ပေါ့လေ။ တစ်လနှစ်လလောက်နဲ့ ပြန်ဖြစ်ဖို့ဆိုတာကတော့ ရှားတယ်ပေါ့နော်။ ဒါပေမယ့်သူပြောသလိုပဲခဏခဏလည်းသွားနေရတယ်ဆိုတဲ့ အဓိပ္ပာယ်ကတော့ ဆီးမကုန်လို့ ခုနကပြောသလိုယောကျ်ားတွေမှာဆီးကြိတ် ဖြစ်သလိုမျိုးပဲပေါ့့။ ဆီးကကျန်နေတဲ့အတွက်ကြောင့် ခဏခဏပြန်သွားနေတယ်ပေါ့။ နောက်တစ်ပိုင်းကဆီးခဏခဏသွားနေတာကကျဉ်းတာကြောင့် မဟုတ်ဘဲနဲ့ ဆီးပိုးဝင်တာကြောင့်လည်းဖြစ်နိုင်တော့ ဆီးပိုးကုလိုက်ရင် ကောင်းသွားရင် ပြန်ချဲ့စရာမလိုတေ့ာဘူးပေါ့။ တကယ် ကျဥး်တယ်ဆိုလို့ရှိရင်တော့ ပြန်ပြီးတော့ ချဲ့ရမယ့်သဘောတော့ ရှိတာပေါ့။

မေး။   ။ ဆီးချိုရှိတယ် ။ အစားအစာကတော့ မရှာင်ဘူး ။ရေလည်းတအားသောက်တယ် ။ ၂၄ နာရီအတွင်း ၁၇ ခါလောက် ဆီိးကသွားတယ်။ ကျောက်ကပ်ကိုထိခိုက်နိုင်သလားဆိုတာဆရာကြီးဖြေကြားပေးပါဦး။

ဖြေ။    ။ ဆီးချိုသမားတွေကတော့ တော်တော်လေးသတိထားရမယ့် သဘောရှိပါတယ်။ အခုကမ္ဘာမှာရှိတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတိုင်းကျောက်ကပ်ပျက်စီးးတဲ့ အများဆုံးဖြစ်တဲ့ အကြောင်းအရင်းကဆီးချိုရောဂါ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာလည်းအရင်တုန်းကဆီးချိုဆိုတာသိပ်မရှိဘူးပေါ့။ အခုတော့ တော်တော်လေးကို ဖြစ်လာပါတယ်။ ကျွန်တော်တို့မှာရှိတဲ့ စစ်တမ်းတွေအရဆီးချိုကြောင့်ဖြစ်တဲ့ ကျောက်ကပ်ပျက်စီးမှုကနံပါတ် ၂ လောက်မှာရှိပါတယ်။ တော်တော်လေးမတိမ်းမယိမ်းလည်းကပ်လိုက်လာပြီပေါ့နော်။ အဲဒီအခါကျတော့ ဆီးချိုသမားတစ်ယောက် အထူးသဖြင့် ဆီးချိုသက်တမ်း ၁၀ နှစ်ကျော်လောက် ဖြစ်လာပြီဆိုရင် အန္တရာယ်ရှိလာပြီပေါ့။ ( ၁၀ ) နှစ်ကျော်ဆိုတော့ တစ်ခါတစ်လေကိုယ်ကအခုမှသိလို့ ( ၆)လလောက်ပဲရှိသေးတယ်ဆိုပေမယ့် သူ့ဘာသာသူ ဖြစ်နေတာကတော့ ဘယ်တုန်းကတည်းကလည်းဆိုတာတော့ မပြောတတ်ဘူးလေ။ အဲဒီအခါကျတော့ ဆီးချိုသက်တမ်းများလာပြီဆိုတဲ့လူဟာအနှေးနဲ့အမြန် ကျောက်ကပ်ကိုထိလာဖို့ အခွင့်အလမ်းတွေ များလာပြီ။ ဒါကြောင့်မို့ ဆီးချိုကုရုံတင်မဟုတ်ဘဲနဲ့ ကျောက်ကပ်အတွက်လည်းလိုအပ်တာတွေ စမ်းသပ်စစ်ဆေးပြီး ပြဖို့ ဒါမှမဟုတ် ဆောင်ရန် ရှောင်ရန် ဒါလေးတွေ လုပ်ဖို့အတွက်တော့ လိုပါတယ်၊ အစားအသောက် မရှောင်ဘူးဆိုရင်တော့ တော်တော်လေးတော့ သတိထားရမယ့် အနေအထားမှာရှိပါတယ်။ သူပြောသလိုပေါ့ ၂၄ နာရီအတွင်းမှာ ၁၇ ခါလောက် သွားတယ်ဆိုတာကလည်းတော်တော်များပါတယ်။ အဲဒါကဆီးချိုကိုမထိန်းချုပ်နိုင်လို့ များတာလည်း ဖြစ်နိုင်သလိုကျောက်ကပ်ပါ ထိလာလို့ များလာတာလည်း ဖြစ်နိုင်တယ်ပေါ့။ ဒါကတော့ နှစ်ခုစလုံးကိုသေသေချာချာထိန်းဖို့ လိုအပ်ပါတယ်။

မေး။   ။ ခါးနာတာတစ်နှစ်ကျော်ပြီဲ ၊ ကျောက်ကပ်နဲ့ သက်ဆိုင်သလားဆိုတာသိချင်ပါတယ် ။စောစောကပြောသလိုပေါ့ ခါးနာရတဲ့ အကြောင်းတွေကလည်းအများကြီးရှိပါတယ်။ အဲဒီတော့ အိမ်ထောင်ရှင်မတွေဆိုရင်တော့ မီးပူတိုက်တယ် ကြမ်းတိုက်တယ် စသည်ဖြင့်ပေါ့ ။ အိမ်တွင်းလုပ်ရတဲ့ အလုပ်တွေကြောင့်မို့ ခါးနာတာဖြစ်တတ်တဲ့သဘောလေးတွေ ရှိတယ်ပေါ့နော်။ အဲဒါကတော့ ကျောက်ကပ်ကြောင့် ဟုတ်တယ်မဟုတ်ဘူးဆိုတာကအများအားဖြင့် ကျောက်ကပ်ဆိုရင်တော့ နာတဲ့နေရာဘယ်လိုအခြေအနေမျိုးမှာနာတယ်ပေါ့နော်။ နောက်တစ်ခုကသူနဲ့ ဆက်စပ်ပြီးတော့ ဆီးလမး်ကြောင်းမှာတခြားဘာပြဿနာတွေဖြစ်လဲပူသလားကျဉ်သလားဆီးသွားတာနညး်လားများလားအနည်ပါသလားအောင့်သလားဒါမျိုးတွေပေါ့ ။ တကယ်သိချင်ရင်တော့ လိုအပ်တာလေးတွေ စမ်းသပ် စစ်ဆေးရမယ့် သဘောလေးတွေ ရှိပါတယ်။

မေး။   ။ ဆီးကအနံ့ထွက်နေတယ်။ ပြီးရင် အနည်ထိုင်တယ်။ အဲဒါကကျတော့ ကျောက်ကပ်နဲ့ ဆက်စပ်မှုရှိနေသလား။

ဖြေ။    ။ အနံ့ကတော့ တစ်ခါတစ်လေကိုယ်စားတဲ့ အစားအသောက်ပေါ်မှာလည်းမူတည်တယ်ပေါ့။ ဒါပေမယ့် တကယ်တမ်းပြောရရင်တော့ ဆီးအနေနဲ့ကတော့ ဘယ်လိုအခြေအနေမျိုးမှာဖြစ်တတ်လဲဆိုရင် ညဘက်သိပ်ထားပြီးတော်တော်နဲ့မသွားဘဲနဲ့ မနက်ကျမှသွားတဲ့ ဆီးပေါ့။ အဲဒီဆီးက ကြည့်လိုက်လို့ရှိရင် အနည်လည်းပါတယ်။ အနံ့လေးလည်းတစ်ခါတစ်လေရှိတယ်။ အမြှုပ်တွေ ထတယ်ပေါ့နော်။ ဒါကဘာလဲဆိုရင် ညသိပ်ဆီးခေါ်တာပေါ့။ သူကဆီးအိမ်ထဲမှာအကြာကြီးနေရတဲ့အခါမှာအနည်ထိုင်ပြီးပိုးဝင်နိုင်တယ်။ ပိုးမဝင်ရင်တောင်မှ အနံ့အသက်လေးရှိတယ်ပေါ့နော်။ အဲဒီလိုမျိုးဆိုရင်တော့ ကျန်တဲ့အချိန်မှာရောသွားလားမသွားလားပေါ့။ နောက်တစ်ခုကရေများများသောက်ပေါ့။ အဲဒီလိုကျမှ အနံ့အသက် ပျောက်သွားတယ်ဆိုရင်တော့ ကိစ္စမရှိဘူးပေါ့။ မဟုတ်ဘူးဆိုရင်တော့ ဆီးကိုစစ်ကြည့်ရမှာပေါ့။

မေး။   ။ ဆီးများများသွားတာကရော အန္တရာယ်ရှိနိုင်လား။ များများသွားတယ်ဆိုတာကနည်းနည်းနဲ့ ခဏခဏသွားတာကိုပြောတာပါ။

ဖြေ။    ။ ရေများများသောက်လို့ ဆီးများများးသွားတာကတော့ ဒါ သဘာဝပေါ့။ ဒီလိုမဟုတ်ပဲရေလည်းမသောက်ဘဲဆီးကအရမ်းသွားတယ် ။ အထူးသဖြင့် နည်းနည်းနဲ့ ခဏခဏသွားတယ်ဆိုတာကတော့ ဒါ ပုံမှန် မဟုတ်ဘူးပေါ့။ အဲဒီလိုဆိုရင်တော့ ဆီးလမ်းကြောင်းမှာတစ်ခုခုများ ဖြစ်နေသလားဆိုတာ ကျွန်တော်တို့ စဉ်းစားရမှာပေါ့။

မေး။   ။ ကျောက်ကပ်ပျက်ဆီးနေလို့ အစားထိုးရမှာပါ ။ ၆ လလောက်မှ အလှည့်ကျမယ်လို့ ပြောပါတယ် ။အဲဒါ စိုးရိမ်ရပါသလား ။

ဖြေ။    ။ ကျွန်တော်တို့ဆီမှာကတော့ တကယ်တမ်းအလုပ်လုပ်နေရတာကဆေးရုံသုံးရုံကလူနာတွေလည်းများပါတယ်။ လုပ်နိုင်တဲ့သူကလည်းအကန့်အသတ် ရှိတဲ့အခါကျတော့ ကျွန်တော်တို့ကတစ်နှစ်မှာလူ ၃၀-၄၀ ကထက် ပိုပြီးတော့ မခွဲနိုင်ပါဘူး။ အဲဒီအခါကျတော့ တန်းစီရတယ်ပေါ့နော်။ သူပြောသလိုလေးငါးခြောက်လလောက်ထိစောင့်သွားရနိုင်တယ်ပေါ့။ သူ့ရဲ့ အခြေခံသဘောတရားကတော့ မြန်မြန်လဲနိုင်လေကောင်းလေပေါ့။ ဘာဖြစ်လို့လဲဆိုတော့ လဲဖို့လည်းသင့်နေပြီအခြေအနေလည်းပေးတယ် ကိုယ်ကလည်းသဘောတူတယ်ဆိုရင်တော့ အမြန်ဆုံးလဲနိုင်ရင် ကောင်းပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကြာနေတာနဲ့အမျှတော့ တခြားပြဿနာတွေ အပြင်ကဝင်လာနိုင်တယ်ပေါ့။ ဒါကတစ်ချက်ပါ။ နောက်တစ်ခုကကိုယ်ကစောင့်နေရတဲ့အချိန်မှာလည်းကျောက်ကပ်ကဆေးနေရမှာလေ။ နိုင်ငံခြားမှာလုပ်တဲ့ စာတမ်းတွေအရတော့ ကျောက်ကပ်ဆေးတဲ့ ကာလသက်တမ်း ကြာလာတာနဲ့အမျှ ကျောက်ကပ်လဲတဲ့အပိုင်းမှာရှိတဲ့ အောင်မြင်မှုနှုန်းကနည်းနည်းကျသွားတဲ့သဘောရှိတယ်။ ဒါကြောင်မိုလို့ဆေးပြီး ၆ လလောက်အတွင်းမှာလဲနိုင်ရင် အကောင်းဆုံးပဲလို့ ထင်တယ်။ ဒါတောင်မှ သူတို့နိုင်ငံတွေမှာစောင့်နေရတာတချို့ဆိုရင် နှစ်နဲ့ချီပြီးတော့ ကြာတာပေါ့။ သူတို့ကျတော့ ပိုပြီးတော ့အလှူရှင်ဆီကရတဲ့အခါ သေတဲ့လူတွေဆီကနေခွဲတမ်းနဲ့ ရတဲ့အခါ အကြာကြီးစောင့်ရတယ်ပေါ့။ တစ်ချို့တွေကတော့ ဘာခေါ်လဲဆိုရင် ကြိုပြီးလဲတယ်ဆိုတာတစ်မျိုးရှိပါတယ်။ နိုင်ငံခြားမှာပေါ့ ကျောက်ကပ်ကိုမဆေးဘဲနဲ့ တစ်ခါတည်းတန်းလဲလိုက်တဲ့ သဘောပေါ့ အဲဒီလိုဟာမျိုးတွေလည်းရှိပါတယ်။

မေး။   ။ ကျောက်ကပ်လဲတယ်ဆိုရင် လဲတဲ့လူနဲ့ ကျောက်ကပ်လှူတဲ့လူကရော မျှတရဲ့လား။ မျှတရဲ့လားဆိုတာကျောက်ကပ်မကောင်းလို့ လဲချင်တယ်ဆိုရင် အလှူရှင်ကရောအရန်သင့်ရှိလားဘယ်လိုဆက်သွယ်ရလဲ။

ဖြေ။    ။ အဲဒါက ကျွန်တော်တို့ဆီမှာတော့ ဆွေမျိုးအရင်းချာပေါ့ မောင်မှမအရင်းအချာမိဘသားသမီးပဲ ကျွန်တော်တို့ကခွင့်ပြုတယ်ပေါ့။ လောလောဆယ်တော့ ကျောက်ကပ်ဥပဒေကိုလည်း ပြင်ဆင်ဖို့ လွှတ်တော်အထိတင်ပြထားပါတယ်။ တချို့တိုင်းပြည်တွေမှာတော့ လင်မယားအချင်းချင်းယောကျ်ားကနေမိန်းမမိန်းမကနေယောကျ်ားခွင့်ပြုတယ်။ တစ်ဝမ်းကွဲတွေ ခွင့်ပြုတယ် ဦးလေးတို့ အဒေါ်တို့ ခွင့်ပြုတယ်ပေါ့။ သူစိမ်းကနေပေးတယ်ဆိုတာကလည်းအဓိက ပြဿနာကဘာလဲဆိုရင် မသမာမှုတွေပေါ့နော် ကျောက်ကပ် အရောင်းအဝယ်တွေလုပ်တယ် စသဖြင့်ပေါ့လေ။ ဒီလိုဟာမျိုးတွေ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတကာသဘောတူထားတဲ့ သဘောတူချက်တွေ ကျွန်တော်တို့ မြန်မာနိုင်ငံအပါဝင်အပေါ့ အဲဒါတွေကြောင့် သူစိမ်းတွေဆီကနေသိပ်ပြီးတော့ ခွင့်မပြုဘူး။ သို့သော်လည်းကိုယ်ကသဘောရိုးနဲ့ စေတနာသန့်သန့်နဲ့သူလှူချင်ပါတယ်ဆိုပေမယ့် မသိနိုင်တဲ့ အကြောင်းအရာတွေ အများကြီးရှိတဲ့အခါ လက်တလောမှာတော့ ဒီမှာခွင့်မပြုသေးဘူးပေါ့။ တချို့တွေ လုပ်နေကြတာတွေတော့ ရှိတယ်။ ဒါပေမယ့် တကယ်တမ်းပြောရရင် တရားမဝင်ဘူးပေါ့။ အဲဒီတော့ ပေးတဲ့လူမှာတော့ ဘာဖြစ်နိုင်လဲဆိုရင်တော့ ပုံမှန်အားဖြင့် ကျွန်တော်တို့ကသူ့ကိုလည်းသေသေချာချာစစ်ဆေးပြီးတော့မှ စိတ်ချရတယ်ဆိုတော့မှ ကျွန်တော်တို့ကသေသေချာချာလက်ခံတယ်ပေါ့။ ၂ အချက်ကတော့ ကျွန်တော်တို့ကပေးတဲ့လူကိုလည်းပေးပြီးတော့ ကောင်းသွားတယ်ဆိုပေမယ့် သူ့မှာတစ်လုံးတည်းကျန်တဲ့အတွက်ကြောင့် သူ့ကိုတော့ ရေရှည် ဂရုစိုက်ဖို့တော့ လိုပါတယ်။ သူ့မှာကအရန်မရှိတော့ဘူးပေါ့နော်။ အဲဒီတော့ သူကတော့ အနေအထိုင် ဆင်ခြင်ဖို့တော့ လိုပါတယ်။ ပုံမှန် တစ်နှစ်တစ်ခါလောက်တော့ ပြန်ပြန်ပြီးတော့ စမ်းသပ်စစ်ဆေးတာတွေ လုပ်တာတော့ ပိုကောင်းပါတယ်။

မေး။   ။ တခြားအစားထိုးလဲလှယ်ပေးတဲ့လူရော လှူလိုက်တဲ့လူရောဘယ်လိုမျိုး ပြုမူနေထိုင်ရမလဲ။

ဖြေ။    ။ သူတို့ကတော့ ပုံမှန်ပဲနေလို့ရပါတယ်။ ကျွန်တော်တို့ကတော့ သူ့ရဲ့ ကျောက်ကပ်ကတော ့ကောင်းနေရမယ်။ သူ့မှာတခြားကူးစက်တဲ့ရောဂါတွေမရှိဘူး။ ကျန်တဲ့ ကျန်းမာရေးအထွေထွေ ကောင်းတယ်ဆိုတဲ့လူမျိုးကို ကျွန်တော်တို့ကယူတာပေါ့နော်။ အဲဒီအတွက်ကြောင့် သူကပုံမှန်သက်တမ်းစေ့နီးပါးလောက်လည်းနေလို့ရတယ်ပေါ့နော်။ အထူးထွေတော့မဟုတ်ဘူးဒါပေမယ့် သူ့မှာကျောက်ကပ် တစ်လုံးပဲကျန်တော့တဲ့အတွက်ကြောင့် ကျောက်ကပ်ကိုထိခို်က်နိုင်တဲ့ အစားအသောက်မျိုးတွေ သတိထားရမယ်။ နောက်တစ်ခါ ဆေးဝါးတွေ သုံးတာပဲဖြစ်ဖြစ် သတိထားရမယ်ပေါ့နော်။ နောက် တခြားရောဂါတွေ ဝင်လာတယ်ဆိုရင်လည်းကိုယ်ကသက်ဆိုင်ရာနားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပုံမှန်ပြသပြီးတော့ နေထိုင်သင့်တယ်ပေါ့။

မေး။   ။ ဆီးလမး်ကြောင်းကျဥး်လို့ Operation လုပ်ဖူးပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကပါ။ အခုတော့ ရေများများသောက်ပါတယ်။ တခါတခါ ခါးနောက်ပိုင်းကအောင့်ပြီးနာတတ်ပါတယ်။ ဆေးသွားစစ်တော့လည်းပုံမှန်ပဲပြောလို့ ဘယ်လိုဆက်လက်နေထိုင်ပြုမူသင့်ပါသလဲရှင်းပြပေးပါဦး ။

ဖြေ။    ။ သွေးစစ်တာပုံမှန်ပဲဆိုရင်တော့ သိပ်ပြီးတော့ ပြဿနာမရှိဘူးပေါ့နော်။ သို့သော် ဆီိးလမ်းကြောင်းကျဉ်းတဲ့အတွက်ကြောင့် ဆီးမှာလည်းဒုက္ခပေးနိုင်တယ်ပေါ့နော်။ အဲဒါကခဏခဏသွားလို့ အားမရဘူးညှစ်နေရတယ်  ဆီးကနည်းနည်းပဲထွက်တယ်ဆိုတာမျိုးတကယ်လို့ သူကပုံမှန်လည်းသွားနေတယ် သူ့ရဲ့ အဖြေကလည်းကောင်းနေတယ်ဆိုရင်တော့ သိပ်ပြီးစိတ်ပူစရာမရှိပါဘူး။ ခါးနာတာကတော့ တခြားအကြောင်းကြောင်းကြောင့်လည်း ဖြစ်နိုင်တယ်။ လိုအပ်လို့ရှိရင်တော့ TVဓာတ်မှန်လေး ပြန်ကြည့်ပေါ့လေ။ ကိုယ် မူလဖြစ်တဲ့ရောဂါနဲ့ နောက်ဖြစ်တဲ့ဟာနဲ့ တခြားစီပဲ ဖြစ်ရင်လည်း ဖြစ်နိုင်တယ်ပေါ့နော်။

မေး။   ။ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတွေအတွက် အကြံပေးလိုတာရှိရင် နောက်ဆုံးအနေနဲ့ ပြောပေးပါဦး ။

ဖြေ။    ။ ဟုတ်ကဲ့ပါ။ အဓိကကတော့ ကျွန်တော်တို့ အမြဲတမ်းလည်းပြောပြောနေသလိုပေါ့ ဘယ်အရာပဲဖြစ်ဖြစ် မျှမျှတတနေထိုင်ဖို့ကအရေးကြီးပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ဆီးနဲ့ ကျောက်ကပ် အပိုင်းမှာလည်းရေလေးပုံမှန်သောက်မယ် ဆီးသွားချင်တာကအောင့်မထားဖို့ နောက်တစ်ခုကဆီးပူတယ်ကျဉ်တယ် အောင့်တယ် သွေးပါတယ် အနည်ပါတယ် ကိုယ်တွေလက်တွေ ဖောတယ် အစားအသောက်ပျက်တယ် မောတယ်ဆိုလို့ရှိရင် သက်ဆိုင်ရာနားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တစ်ယောက်ယောက်နဲ့ ပြသပြီးစမ်းသပ်စစ်ဆေးမှု ခံယူဖို့ပေါ့ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ အများစုမှာစိတ်မကောင်းစရာတွေ့ရတာကတော်တော်လေးနောက်ကျမှ ကျွန်တေ်ာတို့လက်ထဲကိုရောက်လာတဲ့အခါမှာ ကျွန်တော်တို့ဘက်ကကျောက်ကပ်ဆေးရုံလွှဲရုံကလွဲပြီးဘာမှ လုပ်လို့မရဘူးဆိုတဲ့ အနေအထားမျိုးလေးတွေ ဖြစ်လာတာတွေ့ရတယ်။ ဆိုတော့ စောစောသိတယ်ဆိုရင်တော့ ရောဂါကိုပျောက်အောင် မကုတာတောင်မှ ကျွန်တော်တို့အနေနဲ့ သူ့ကိုသက်သက်သာသာနဲ့ အဆင်ပြေအောင် ထိန်းထားပေးနိုင်တဲ့ သဘောမျိုးလေးတွေ ရှိတဲ့အတွက်ကြောင့် ဒါလေးတွေကိုတော့ အများပြည်သူအနေနဲ့ နားလည်သဘောပေါက်ပြီးတော့ ကိုယ့်ရဲ့ကျန်းမာရေးပေါ့ ကျွန်တော်တို့တိုင်းပြည်မှာတော့ တခြာ းအနောက်နိုင်ငံတွေနဲ့ ကွာခြားတဲ့အပိုင်းကတစ်နေ့တစ်ခါ ကျွန်တော်တို့ကပုံမှန်ဆေးစစ်တယ်ဆိုတာ ကျွန်တော်တို့ဆီမှာကကုန်ကျစရိတ်ကလည်းရှိတယ် တော်ရုံတန်ရုံလူကလည်းမလုပ်နိုင်ဘူးလုပ်နိုင်တဲ့လူကလည်းလုပ်ရကောင်းမှန်းမသိးဘူးပေါ့။ လုပ်လို့ရှိရင် ဘယ်လိုအကျိုးအမြတ်တွေ ရနို်င်တယ်ဆိုတာကိုလည်းသဘောမပေါက်တဲ့အတွက်ကြောင့် ဒါလေးကိုတော့ အားလုံးမဟုတ်တောင်မှ ကိုယ်နိုင်သလောက် ပုံမှန်လေးစစ်ဆေးသွားတာကတော့ ကိုယ့်အတွက် ရေရှည်မှာအကျိုးရှိမယ်လို့ ယူဆပါတယ်။   ။

ကျောက်ကပ်ပျက်စီးစေသော အစားအစာများ (အပိုင်း ၁)ကို အောက်ပါလင့်တွင် ကြည့်ရှုနိုင်ပါသည် - http://mizzimaburmese.com/article/34707

ကျောက်ကပ်ပျက်စီးစေသော အစားအစာများ (အပိုင်း ၂ )ကို အောက်ပါလင့်တွင် ကြည့်ရှုနိုင်ပါသည် -http://mizzimaburmese.com/article/35111

ကျောက်ကပ်ပျက်စီးစေသော အစားအစာများ (အပိုင်း ၃ )ကို အောက်ပါလင့်တွင် ကြည့်ရှုနိုင်ပါသည် - http://mizzimaburmese.com/article/35183

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required