မြန်မာကုမ္ပဏီများဥပဒေသစ်က နိုင်ငံ၏ စီးပွားရေးအသွင်ပြောင်းလဲမှုကို အားပေးမည်

မြန်မာကုမ္ပဏီများဥပဒေသစ်က နိုင်ငံ၏ စီးပွားရေးအသွင်ပြောင်းလဲမှုကို အားပေးမည်

ဒီဇင်ဘာလ ၆ ရက်နေ့တွင်ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတ ဦးထင်ကျော်က လက်မှတ်ရေးထိုးအတည်ပြုခဲ့သော မြန်မာကုမ္ပဏီများအက်ဥပဒေသစ်သည် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁) ရက်နေ့၌ စတင်ကျင့်သုံးမည်ဖြစ်ရာ အဆိုပါ ဥပဒေအသစ်သည် မြန်မာ့စီးပွားရေးအသွင်ပြောင်းခြင်းကို အားပေးကူညီနိုင်မည်ဖြစ်လျက် ပြည်တွင်းစီးပွားရေးလုပ်ငန်းများအနေနှင့်   နိုင်ငံခြားသားလုပ်ငန်းရှင်များနှင့် ပေါင်းစပ်လုပ်ကိုင်ရာတွင် ပိုမိုအဆင်ပြေလာမည်ဖြစ်သည်ဟု ဥပဒေမူကြမ်းကို ရေးဆွဲခဲ့သော ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန-DICA ၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးအောင်နိုင်ဦးက ဆိုသည်။

ဦးအောင်နိုင်ဦးက “ဒီကုမ္ပဏီဥပဒေသည် Informal Sector ပေါ့၊ မှတ်ပုံမတင်ပဲ လုပ်နေတဲ့ လုပ်ငန်းအများကြီးကို မှတ်ပုံတင်တဲ့ ကဏ္ဍကို ရောက်လာအောင် ဒီဥပဒေက လမ်းကြောင်းထွင်ပေးထားတယ်၊ မှတ်ပုံတင်တဲ့အခါ လွယ်လွယ်ကူကူ မှတ်ပုံတင်လို့ရ အောင် လုပ်ပေးထားတယ်၊ ဒါ့အပြင် လိုအပ်လို့ရှိရင် သူတို့က သူတို့ရဲ့ နိုင်ငံခြားမိတ်ဘက်တွေ ပေါင်းပြီး အခွင့်အလမ်းတွေ ယူလို့ရအောင် ဒီဥပဒေက ဖန်တီးပေးထားတယ်ပေါ့”ဟု ဆိုသည်။

၁၉၁၄ ခုနှစ်က ပြဌာန်းခဲ့သော မြန်မာကုမ္ပဏီများအက်ဥပဒေအဟောင်းကို အာရှဖွံ့ဖြိုးရေးဘဏ်-ADB ၏ နည်းပညာအကူအညီဖြင့် နိုင်ငံတကာ စံနှုန်းများနှင့်အညီ ပြင်ဆင်ရေးဆွဲခဲ့ရာ ၂၀၁၇ ခုနှစ်၊ နို၀င်ဘာလအတွင်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပြီး ဒီဇင်ဘာလ ၆ ရက်နေ့က သမ္မတဦးထင်ကျော် လက်မှတ်ရေးထိုးခဲ့သည်။

“မြန်မာကုမ္ပဏီအက်ဥပဒေအသစ်ဟာ နိုင်ငံစီးပွားရေးဝန်းကျင်ကောင်းကို ဖန်းတီးပေးနိုင်မယ့် အရေးပါတဲ့ အခြေခံအုတ် မြစ်ဖြစ်ပါတယ်။ ဥပဒေအသစ်ကို နိုင်ငံတကာက ကုမ္ပဏီဖွဲ့စည်းပုံတွေ၊ မှတ်ပုံတင်လုပ်ငန်းစဉ်စတဲ့ အကောင်းဆုံးအလေ့အကျင့်တွေကို ခံယူထားပါတယ်” ဟု အာရှဖွံ့ဖြိုးရေးဘဏ်-ADB ၏ အရှေ့တောင်အာရှ၊ဘဏ္ဍာရေးနှင့် ကုန်သွယ်ရေး- အများပြည်သူစီမံခန့်ခွဲရေးဌာန၏ ညွှန်ကြားရေးမှူးဖြစ်သူ Kelly Bird -ကယ်လီ ဘတ်က ဒီဇင်ဘာလ ၁၃ ရက်နေ့ ရန်ကုန် မြို့၌ ကျင်းပပြုလုပ်သော မြန်မာကုမ္ပဏီများအက်ဥပဒေမိတ်ဆက်ရှင်းလင်းသည့် အခမ်းအနားတွင် ပြောဆိုခဲ့သည်။

အဆိုပါ မြန်မာကုမ္ပဏီများအက်ဥပဒေသစ်သည် ၂၀၁၇ ခုနှစ်၊ မတ်လအကုန်က ပြဌာန်းခဲ့ပြီးဖြစ်သော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ထွက်ရှိပြီး ၈ လအကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

“နိုင်ငံ့စီးပွားရေးနဲ့ ပတ်သတ်တဲ့ စည်းမျဉ်းဥပဒေတွေကို အားကောင်းလာအောင်၊ အလေ့အကျင့်ကောင်းတွေ ရလာအောင် ကျွန်တော်တို့က လုပ်နေတာပါ။ အခုအစိုးရသစ်လက်ထက်မှာ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ကို ပြဌာန်းတယ်။ အခု ကျင့်သုံး တယ်၊တိုင်းဒေသကြီးအစိုးရအားလုံးက ချောချောမွေ့မွေ့နဲ့ လုပ်ကိုင်နေတယ်။ အခု ကုမ္ပဏီဥပဒေထွက်လာပြီ၊ ၂၀၁၈ မှာ ကျင့်သုံးမယ်၊နိုင်ငံခြားသားတွေ ပေါင်းဖက်လုပ်ကိုင်ဖို့ အခွင့်အရေးတွေ အများကြီးပေးထားတယ်။ အဲဒိတော့ စည်းမျဉ်းမူဘောင်တွေက အရင့်အရင် နှစ်တွေထက်စာရင် ပိုပိုကောင်းလာတာပေါ့၊ ကောင်းလာတော့ ရင်းနှီးမြှုပ်နှံသူတွေ ပိုပြီးယုံကြည်စိတ်ချမှုရှိတာပေါ့” ဟု DICA ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။

ဥပဒေသစ်အရ အထင်ရှားဆုံး အပြောင်းအလဲတစ်ခုအနေနှင့် နိုင်ငံခြားကုမ္ပဏီကို အဓိပ္ပာယ်ဖွင့်ဆိုမှု ပြောင်းလဲလိုက် ခြင်းဖြစ်သည်။

၁၉၁၄ ခုနှစ်က ပြဌာန်းခဲ့သော မြန်မာကုမ္ပဏီများအက်ဥပဒေတွင်မူ နိုင်ငံခြားသားရှယ်ယာဝေစု ၁ ရာခိုင်နှုန်းပါ၀င်သည့် ကုမ္ပဏီဆိုလျှင်တောင်မှ နိုင်ငံခြားသားကုမ္ပဏီအဖြစ် အမျိုးအစားခွဲခြားထားခြင်းဖြစ်သည်။

မြန်မာကုမ္ပဏီများအက်ဥပဒေသစ်တွင်မူ ပြည်တွင်းကုမ္ပဏီသို့ နိုင်ငံခြားသားပိုင်ဆိုင်မှုကို ၃၅ ရာခိုင်နှုန်းအထိတိုးမြှှုင့် ရင်းနှီးမြှုပ်နှံနိုင်ရန် ခွင့်ပြုထားပြီး အဓိပ္ပာယ်ဖွင့်ဆိုမှုကိုလည်း ပြည်တွင်းကုမ္ပဏီအဖြစ်သာ သတ်မှတ်ထားသည်။

အဆိုပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးမြှင့်သတ်မှတ်ခြင်းနှင့်ပတ်သတ်၍ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါက်တာဖုန်းဝင်း က နိုင်ငံခြားသားနှင့် နိုင်ငံသားလုပ်ငန်းရှင်များ ပေါင်းစပ်လုပ်နေရသော အကျိုးတူလုပ်ငန်းများတွင် လုပ်ထုံး၊ လုပ်နည်းနှင့် အခွန်ကိစ္စများအပေါ် စိုးရိမ်ပူပန်မှုများကြောင့် ဖြစ်ပေါ်လျက်ရှိသည့် တရားမဝင် စာချုပ်၊စာတမ်း၊ စာရင်းဇယား ပြသနာများ ကို လျော့ကျသွားမည်ဟု မဇ္စျိမကို ပြောသည်။

၎င်းက ဆက်လက်ပြီး “အခုက ကျွန်တော်တို့က တရားဝင်ပေါင်းခွင့်ရသွားပြီဆိုတော့ တရားဝင်လုပ်မယ်၊ နိုင်ငံခြားသား ကလည်း သူတို့ လိုသလောက်ပေါ့နော်၊ ၂၀ ရာခိုင်နှုန်းဖြစ်ဖြစ်၊ ၃၀ ရာခိုင်နှုန်းဖြစ်ဖြစ်၊ ၃၅ ရာခိုင်နှုန်းဖြစ်ဖြစ် ၀င်ပြီးတော့ တရားဝင် ပါ၀င်ခွင့်ရသွားတော့ ကျွန်တော်တို့က ဒီလုပ်ထုံးလုပ်နည်းတွေ မရှုပ်တော့ဘူးပေါ့၊ ဆိုတော့ ဥပဒေရေးရာအရလည်း ပိုကောင်းသွားတယ်။ ဒီငွေရေးကြေးရေးဆိုင်ရာအရလည်း ပိုကောင်းသွားတယ်၊ အခွန်တွေဘာတွေ၊ ကုမ္ပဏီစည်းကမ်းတွေ ကို လိုက်နာတဲ့အခါမှာလည်း အားလုံးက တရားဝင်ဖြစ်သွားတယ်”ဟု မြန်မာကုမ္ပဏီများအက်ဥပဒေသစ်အရ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုတိုးမြှင့်လိုက်ခြင်းအပေါ် သူ၏ အမြင်ကို ပြောပြသည်။

ထိုသို့ မြန်မာ့စီးပွားရေးကဏ္ဍ၌ ပွင့်လင်းမြင်သာမှုများ ဥပဒေကြောင်းတရားအရ ပိုမို ရှိလာမည့်အပြင် နိုင်ငံ့စီးပွားရေး၏ အဓိကမောင်းနှင်အားဖြစ်ပြီး ၁၀၀ ရာခိုင်နှုန်းနီးပါး လည်ပတ်နေသည့် အသေးစား၊အလတ်စားစီးပွားရေးလုပ်ငန်းများ-SME များအနေနှင့် နိုင်ငံခြားသားများနှင့် ပေါင်းစပ်လုပ်ကိုင်ခြင်းဖြင့် နည်းပညာနှင့် စျေးကွက်ရရှိရန် များစွာအခွင့်အလမ်းရရှိမည် ဖြစ်ကြောင်း မင်္ဂလာမြန်မာလူမှုစီးပွားရေးလုပ်ငန်း၏ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာဖုန်းဝင်းက ဆိုသည်။

ကျွန်တော်တု်ိ့က နှစ်ပေါင်း ၅၀ လောက် ဆိုရှယ်လစ်စနစ်အပါအဝင် စီးပွားရေးပိတ်ဆို့မှုဒဏ်ကို ခံလာခဲ့ရတာကြောင့် အမှန်အတိုင်းဝန်ခံရရင် နိုင်ငံခြားသားပါမှ နိုင်ငံတကာစျေးကွက်နဲ့ နိုင်ငံတကာနည်းပညာကို ရနိုင်မယ်။ အဲဒါကတော့ ပိုပြီး အရေးကြီးတယ်ထင်တယ်။ ဒီဥပဒေ ဖြစ်ပေါ်လာတာကြောင့် နည်းပညာနဲ့ စျေးကွက်ရဖို့အတွက် ပိုလွယ် သွားတယ်လို့ ကျွန်တော်ထင်တယ်”ဟု မဇ္စျိမကို ပြောသည်။

မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသောကုမ္ပဏီ ၆၀၀၀၀ (ခြောက်သောင်း) ၀န်းကျင်ခန့်သည် ဥပဒေသစ် စတင်ကျင့်သုံးမည့် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှ စတင်ကာ ခြောက်လအတွင်း အသစ်ပြန်လည်မှတ်ပုံတင်ရမည်ဖြစ်ကာ အဆိုပါကုမ္ပဏီများအနေနှင့် အစအဆုံးပြန်လည် လုပ်ကိုင်စရာမလိုဘဲ Electronic Platform ပေါ်သို့ ရောက်ရှိအောင် ပြန်လည် လုပ်ကိုင်ရခြင်းဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။

တစ်ဆက်တည်းမှာပင် ကုမ္ပဏီအသစ်များအနေနှင့်လည်း အွန်လိုင်းမှတစ်ဆင့် ကုမ္ပဏီမှတ်ပုံတင်နိုင်သလို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးများသို့   လျှောက်ထားမှတ်ပုံတင်နိုင်မည်ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန-ညွှန်ကြားရေးမှူးဖြစ်သူ ဦးအောင်နိုင်ဦးက “မှတ်ပုံတင်ပြီး တရားဝင်လုပ်ငန်းတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ နိုင်ငံသားကုမ္ပဏီတွေက ဥပမာ- သူတို့က ပို့ကုန်၊သွင်းကုန်လုပ်လို့မရဘူး၊ ကုမ္ပဏီမဟုတ်လို့၊ ကုမ္ပဏီထောင် လိုက်ရင် ပို့ကုန်၊ သွင်းကုန် လုပ်လို့ရသွားမယ်” ဟု ပြောသည်။

မြန်မာကုမ္ပဏီများအက်ဥပဒေသစ်အရ ပြည်တွင်းစီးပွားရေးလုပ်ငန်းကဏ္ဍများတွင် နိုင်ငံသားများနှင့် ပေါင်းဖက်လုပ်ကိုင်မှုကို တိုးမြှင့်လိုက်ရုံသာမက ယခင်က ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ ကန့်သတ်ချက်များကိုပါ ဖြေလျှော့လမ်းဖွင့်ပေးလိုက်ပြီဖြစ်သည်။

ဥပမာအနေနှင့် လွန်ခဲ့သည့် အချိန်တစ်နှစ်ခွဲကျော်အချိန်ကတည်း ဖွင့်လှစ်ခဲ့သော မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ငွေကြေးအရင်းအနှီးစျေးကွက်ဖြစ်သည့် ရန်ကုန်စတော့အိတ်ချိန်း-YSX တွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက် နိုင်တော့မည်ဖြစ်သည်။

“စတော့စျေးကွက်က ၃၅ ရာခိုင်နှုန်း တောင်းဆိုနေတာကြာပြီ။ အစောကြီးကတည်းက ဒီဥပဒေကို မြန်မြန်လုပ်ပေးပါဆိုတာမျိုးကို SECM-ငွေကြေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ကြီးကြပ်ရေးကော်မရှင်က တောင်းဆိုနေတာဖြစ်တယ်။ အဲဒိတော့ ကျွန်တော်တို့ ဒါကို အခုလုပ်ပေးနို်င်တာဖြစ်တဲ့အတွက် မြန်မာနို်င်ငံရဲ့ စတော့စျေးကွက်ကြီး ဖွံ့ဖြိုးမှုအတွက်ပေါ့ တော်တော်ကြီးကို အထောက်အကူဖြစ်လိမ့်မယ်လို့ မြင်ပါတယ်” ဟု ဦးအောင်နို်င်ဦးက ဖြည့်စွပ်ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required