နက္ခတ်ဗေဒပညာရှင် ဦးဇေယျာကိုနှင့်တွေ့ဆုံခြင်း- အပိုင်း( ၃ )

နက္ခတ်ဗေဒပညာရှင် ဦးဇေယျာကိုနှင့်တွေ့ဆုံခြင်း- အပိုင်း( ၃ )
 

 

မေး။  ဒီလို ဗေဒင်ကို အယုံများတဲ့ မြန်မာနိုင်ငံလို နေရာမျိုးမှာ ဆရာက ဘာလို့ နက္ခတ်ဗေဒပညာရပ်ကို ရွေးချယ်ခဲ့တာလဲ။နက္ခတ်ဗေဒပညာရပ်ကို ရွေးချယ်ဖို့ ဘယ်လို အရာတွေက ဆရာ့ကို တွန်းအားပေးခဲ့တာပါလဲ။

ဖြေ။  အဓိကက ကျွန်တော့အသက် ၂၅ -၂၆ မှာ ထောင်ကျတယ်။ထောင်ကျတယ်ဆိုတာ တပ်မတော်အရာရှိ ပုခုံးပေါ်မှာ ရွှေပွင့်တွေ တင်ထားတဲ့ ဘဝကနေ ချက်ချင်းအရာရှိ နောက်နေ့ အကျဉ်းသားဖြစ်တယ်။ဒီလို ကုသိုလ်ကံမျိုးက တော်တော်လည်း ရှားပါးတဲ့ဟာပေါ့။ချက်ချင်းကြီး ရာထူးဘုန်းကံရှိနေတဲ့ လူတစ်ယောက်ကနေ ထောင်ထဲမှာ အကျဉ်းသားအနေနဲ့ ဖြစ်သွားတယ်ဆိုတော့ ထောင်ကျတဲ့အချိန်မှာ အသက်ကလည်း ၂၅ -၂၆ ပဲရှိသေးတယ်။နောက်မှာ ကျန်တဲ့ ဘဝတွေကလည်းအများကြီးပဲ။ဘာလို့ ကိုယ် ဒီလိုဖြစ်တာလဲ။ဒီ ထောင်ကနေ လွတ်မြောက်ရင်ရော ကိုယ့်အနာဂါတ်မှာ ဒီလို ကံကောင်းဖို့ အနေအထားရော ရှိပါဦးမလားပေါ့။ဒါကို သိချင်တော့ လေ့လာတယ်။ လေ့လာတော့ ကျွန်တော်က တပ်မတော်ထဲမှာ တည်မြဲနို်င်တဲ့ ဇာတာထဲမှာ မပါဘူး။ဒါပေမယ့် နက္ခတ်ဗေဒနဲ့ ပတ်သက်ပြီးတော့ နိုင်ငံမှာ အကြီးဆုံး အစိုးရတွေ ၊အကြီးဆုံး မင်းအကြီးအကဲတွေရဲ့ အသုံးပြုမယ့် အတိုင်ပင်ခံပညာရှင် ဖြစ်နိုင်တဲ့ ဇာတာ သွားတွေ့ရတယ်ပေါ့။ အဲဒီတော့ ကျွန်တော်တို့ ထောင်ကျတဲ့ဟာက ကိုယ့်ဘဝကို ဒီလမ်းကြောင်းထဲမှာ သွားဖို့ ပြောင်းလဲပေးတယ် ဆိုတဲ့ ခံယူချက်တစ်ခုသွားဖြစ်တယ်။ ဒီ ထောင်( ရ )နှစ်ကျတဲ့အခါမှာ ထောင်ထဲမှာ( ၅)နှစ် ဒီစာတွေပဲ ကျွန်တော် တောက်လျှောက်ဖတ်ဖြစ်တယ်။ဖတ်ဖြစ်ပြိးတော့ ထောင်ထဲမှာလည်း တပ်မတော်ထဲက ထောင်ကျခဲ့ တဲ့ အရာရှိကြီးတွေ ၊တခြားသော သူဌေးသူကြွယ်တွေ အားလုံး တော်တော်များများကို လေ့လာခွင့်ရခဲ့တယ်။ အပြင်ရောက်လာတဲ့အခါမှာလည်း ဒါနဲ့ပဲ အသက်မွေးဝမ်းကြောင်းပြုတယ်။ အဓိကကတော့ ကိုယ့်ဇာတာမှာ ပါလာတဲ့အကြောင်းအရာကို လွန်ဆန်လို့မရဘူး။ပုံမှန်ပဲ တပ်မတော်ဝင်ပဲ ဘာအကြောင်းကိစ္စမှမရှိ ဗိုလ်မှူးချုပ်ဖြစ်မယ် ဗိုလ်ချုပ်ကြီးဖြစ်မယ် ဒီထက်ကြီးတဲ့ရာထူးတွေ တာဝန်ထမ်းဆောင်ရမယ် ဒါပေမယ့် ကျွန်တော့်ဇာတာမှာက အဲဒီလို ကံပါမလာဘူး။ဒီပညာလမ်းကြောင်းပေါ်မှာ သွားဖို့ ကံပါလာတယ်။အဲဒီတော့ အဓိက ကိုယ့်ဘဝပျက်သွားတဲ့ အခြေအနေကနေ ဒီကျမ်းတွေ စာအုပ်တွေ လေ့လာလိုက်တဲ့အချိန်မှာ အလင်းတစ်ခု အသိတရားတစ်ခု ပွင့်သွားတယ်။အဲဒီအသိတရားအပေါ် အခြေခံပြီးတော့မှ ဒီပညာရပ်တွေ လေ့လာပြီးတော့ ဒီပညာရှင်အဖြစ်နဲ့ပဲ ခိုင်ခိုင်မာမာတည်ဆောက်လာခဲ့တာ အခုဆိုရင် ၂၀၀၆ ကနေ ပညာရှင် အဖြစ် အသက်မွေးတာ( ၁၁ )နှစ်ရှိပြီပေါ့။၂၀၀၀ ပြည့်နှစ်ကတည်းက လေ့လာတာ။ပညာလေ့လာသက်က( ၁၇) နှစ်လောက်ဖြစ်သွားပြီပေါ့။ဒီပညာရပ်နဲ့ ပိုပိုပြီးဆက်သွားဖို့ တွန်းအားတွေ ရလာတာလည်း အများကြီးပဲ။ လောကမှာ ဘာမှ ကြိုမသိနိုင်တဲ့ဟာကို ဓာတ်မီးတစ်လက်လိုပဲ။မှောင်နေတဲ့ လမ်းမကြီးမှာ ဓာတ်မီးတစ်လက် ပါလာသလိုပဲ သိနိုင်တယ်။ဒီပညာရပ်က လူတွေကို အများကြီး ကူညီကယ်တင်နိုင်တယ်။စောင့်ရှောက်လို့ ရတယ်။နောက်တစ်ခုက ကျွန်တော်ကိုယ်တိုင် ခံယူတာက အများကြီး ကုသိုလ်ရတယ်။ကိုယ့်ဆီလာတဲ့ လူတော်တော်များများက ဒုက္ခရောက်လို့ အခက်အခဲဖြစ်လို့ လာကြတာ။ဒီလို အခက်အခဲဖြစ်တဲ့သူတွေကို ကူညီရတာ ဖြစ်တဲ့ အတွက်ကြောင့် ကုသိုလ်လည်းရ ဝမ်းလည်းဝပေါ့။ဒီစကားအတိုင်းဖြစ်တဲ့အတွက်ကြောင့် ဒီပညာရပ်ပေါ်မှာပဲ ခိုင်ခိုင်မာမာ( ၁၇ ) နှစ်ရှိပြီပေါ့။ ရပ်တည်ရှင်သန်ခဲ့တာဖြစ်ပါတယ်။

မေး။  နက္ခတ်ဗေဒ ပညာရှင်အဖြစ်ရပ်တည်တဲ့ ဆရာ့ရဲ့ ရပ်တည်မှုအပေါ်မှာ ဒီ ဆိုရှယ်နက်ဝပ်မှာ အမျိုးမျိုး ပြောဆိုနေကြတာကိုလည်း တွေ့ရပါတယ်။အဲဒီ အပေါ် ဆရာဘယ်လိုများ တုံ့ပြန်ချင်ပါသလဲ။

ဖြေ။  အဓိကကတော့ ကျွန်တော်က တပ်မတော်ကနေ ဒီပညာရှင်အဖြစ်ဖြစ်လာတာပေါ့။ဖြစ်လာတာတောင်မှ ထောင်ကျပြီးမှ ဖြစ်လာတာ။ဒီဘက်မှာ ခေတ်ကာလအရ တပ်မတော်ကဆိုရင် မိုးကျရွှေကိုယ် ဆိုပြီးတော့ အသုံးအနှုန်းတွေနဲ့ပေါ့။ အရပ်ဘက်ဌာန နယ်ပယ်အသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့သူတွေကို ပုတ်ခတ်တဲ့ ခေတ်ပေါ့။တကယ်တော့ ကျွန်တော်တို့က တပ်မတော်သားတစ်ယောက်အနေနဲ့လည်း တပ်မတော်က ကျွန်တော်တို့ကို အဖက်ဖက်ကနေ အရည်အချင်းပြည့်အောင် စံချိန်မီအောင် မွေးထုတ်ပြုစု ပျိုးထောင်ပေးလိုက်တာပဲ။ကျွန်တော်တို့ဆိုလည်း လူငယ်ဘဝ ပျော်ရပါးရမယ့်အချိန် အသက် ၁၅နှစ် ၁၆ နှစ်အရွယ်တည်းက စပြီးတော့ တပ်မတော်ထဲကို ရောက်သွားတယ်။တက္ကသိုလ်ကျောင်းသား ဘဝဆိုတာလည်း ဘာမှမသိဘူး။စည်းကမ်းဘောင်တစ်ခုနဲ့ ပြုစုပျိုးထောင် ပုံသွင်းတာ ခံရတယ်။လုပ်ငန်းခွင်နယ်ပယ်မှာလည်း ဒီလိုပဲ။အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ ကြီးလေးတဲ့ တာဝန်တွေထမ်းဆောင်ရတယ်။ဒီလိုပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘဝပျက် ထောင်ကျ ပြန်ထွက်လာတဲ့အချိန်မှာလည်း ဒီစည်းကမ်းတွေနဲ့ သွားပြီးတော့ ကျွန်တော်တို့ ခု ဖော်ပြပေးနေတဲ့ ပညာရပ်တွေက တပ်မတော်သားပေမယ့် တပ်မတော်အစိုးရဘက်ကနေ လိုက်ပြီးတော့ ရပ်တည်ပြီးတော့ ဖော်ပြပေးနေတာ မဟုတ်ဘူး။ ဥပမာ ပြည်ခိုင်ဖြိုး နဲ့ NLD ပြိုင်မယ့်ဟာ ကျွန်တော် တပ်မတော်သားပေမယ့် ပြည်ခိုင်ဖြိုး  မနိုင်ဘူးဆိုတာကို ရွေးကောက်ပွဲမတိုင်ခင် ၄- ၅ နှစ်လောက်ကတည်းက ကြိုရေးခဲ့တာ။ ဘယ်သူနိုင်လို့ အောင်ပွဲဆီသို့ လှမ်းနိုင်မှာလဲ ဆောင်းပါးနဲ့ NLD ရဲ့ ဒေါ်အောင်ဆန်းစုကြည် သွားပြီးတော့ နေပြည်တော်မှာ ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ NLD ပါတီ အသက်သွင်းတဲ့အချိန် နံနက် ၁၀ နာရီ ၁၀မိနစ် အဲဒီဇာတာခွင် နောက် ပြည်ခိုင်ဖြိုးကနေ ပါတီပြောင်းလိုက်တဲ့ ဇာတာခွင် ဒီဇာတာခွင် နှစ်ခုကို နှိုင်းယှဉ်ပြီးတော့ ပြည်ခိုင်ဖြိုးရဲ့ ကံဇာတာ မှေးမှိန်တဲ့အချိန် ပြည်ခိုင်ဖြိုး ကျဆုံးတဲ့အချိန်ရောက်ပြီဆိုတာ လွန်ခဲ့တဲ့ ၅ နှစ် ၆ နှစ်လောက်ကတည်းက အစောကြီး ဟောကိန်းထုတ်ခဲ့တာ။ဒီပညာရပ်ရဲ့ ရပ်တည်မှုအရမှာ NLD ဘက်ကိုလည်း အလေးပေးပြီးတော့ မရပ်တည်ဘူး။ပြည်ခိုင်ဖြိုးပါတီကိုလည်း အလေးပေးပြီးတော့ မရပ်တည်ဘူး။တပ်မတော်ဘက်မှာလည်း အလေးပေးပြီး မရပ်တည်ဘူး။သုံးပွင့်ဆိုင် ကြားထဲကနေပြီးတော့မှ လွတ်မြောက်တဲ့ နယ်မြေတစ်ခုကနေ ပညာရှင်စစ်စစ်တစ်ဦးအနေနဲ့ပဲ ရပ်တည်ခဲ့တာဖြစ်တယ်။ဒါ့ကြောင့် ပညာရှင်အနေနဲ့ လျှောက်လှမ်းတဲ့ ခရီးလမ်းမှာလည်း ဒီနေ့ ဒီချိန်ထိ ဘယ်အစိုးရပဲတက်တက် လုပ်ငန်းနဲ့ ပတ်သက်တာ အိုးအိမ်နေရာ ယာဉ်နဲ့ ပတ်သက်တာတွေ ဘာတစ်ခုမှ အကူအညီမယူဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ ဖြစ်ပေါ်လာတဲ့ အစိုးရတစ်ခုမှာ အကူအညီသွားယူရင် ဒီပါတီအတွက် အလေးပေးရမယ့်သူ ဖြစ်သွားမယ်။ဒါတွေကိုလည်း ကင်းရှင်းအောင်နေတယ်။ပညာသီးသန့်ပဲ ရပ်တည်တာဖြစ်တယ်။

မေး။   ဒီအင်တာဗျူးနဲ့ ပတ်သက်ပြီးတော့ ဆရာ့အနေနဲ့ ဘာများ ဖြည့်စွက် ပြောချင်ပါသေးသလဲရှင့်။

ဖြေ။  ၂၀၁၈-၂၀၁၉ ကတော့ လက်ရှိ တာဝန်ယူနေတဲ့ NLD အစိုးရရဲ့ Deadline ဏeriod ပေါ့။ Deadline Period ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ မြန်မာ စကားပုံလည်းရှိတယ်။ကံဆိုးတဲ့သူနောက်ကို မိုးလိုက်လို့ ရွာတယ်ဆိုတာ NLD အနေနဲ့ တာဝန်ယူရတဲ့ နှစ်နှစ််အတွင်းမှာ တိုင်းပြည်မှာ သူတို့ရဲ့ ဖန်တီးပုံဖော်မှုတွေ ဆုံးဖြတ်မှုတွေ လွဲမှားတာ ကျွန်တော်တို့ အပြစ်မြင်လို့ မရဘူး။ဒါက အတွေ့အကြံုမရှိတဲ့သူတွေ စပြီး တာဝန်ထမ်းဆောင်တာကိုး။ဒီမှာ ထပ်ပြီးတော့ ဒီလို လွဲမှားပါတယ်ဆိုမှ ဘာသာသာသနာနဲ့ ပတ်သက်ပြီးတော့ ရောထွေးယှက်တင် ဖြစ်ပြီးတော့ ထပ်ပြီးတော့ ပါတီ IMAGE ထိခိုက်တာတွေလည်း အများကြီးပဲ ကျွန်တော်တို့ တွေ့ရတယ်။NLD ရဲ့ မူလရည်မှန်းချက်ကတော့ ဒီလိုကြီး ဖြစ်ချင်မှ ဖြစ်မယ်။သူလည်း အကောင်းဆုံးဖြစ်အောင် ဖန်တီးတာပဲ။အတွေ့အကြံုနည်းတဲ့ အတွက်ကြောင့် သူတို့ရဲ့ဆောင်ရွက်ချက်က လွဲချော်ခဲ့တာတွေရှိတယ်။ ဒီလိုဖြစ်အောင်ကိုလည်း တိုင်းပြည်ကို လွှမ်းမိုးနေတဲ့ ဂြိုလ်နက္ခတ်တွေက မရောက်ရောက်အောင် ချောက်ထဲကို ဆွဲချနေတာ။ဒီအချိန်မှာ ပြည်ခိုင်ဖြိုးပါတီ နို်င်ငံတော်အစိုးရအနေနဲ့ တာဝန်ယူနေတယ်ဆိုရင်လည်း သူ့ကိုလည်း ဒီနက္ခတ်တွေက ချောက်ထဲကို ဆွဲချနေဦးမှာပဲ။ဒီလို ဆွဲချနေမယ့် အချိန်ကာလဖြစ်နေတဲ့ အတွက်ကြောင့် ဖြစ်ပေါ်လာမယ့် အခြေအနေတွေက အများလက်မခံနိုင်တဲ့ အခြေအနေတွေပဲ တောက်လျှောက်ဖြစ်လာနေဦးမှာပဲ။ဖြစ်လာနိုင်မယ့်အခြေအနေမှာ တိုင်းပြည်အတွက် ကတော့ ၂၀၁၈-၂၀၁၉ မှာ Deadline period ပေါ့။အဲဒီမှာမှ နိုင်ငံတော်တာဝန်ရှိတဲ့သူတွေနဲ့ ကျွန်တော်တို့လည်း စာတမ်းတွေနဲ့ တင်ပြထားတာရှိတယ်။တိုင်းပြည်ရဲ့ ပြောင်းလဲမှုကို ဘယ်လို ဆောင်ရွက်ကြမလဲ။ နောက်တစ်ခုက တစ်ဖက်မှာလည်း ကျွန်တော်တို့ပညာရပ်နဲ့တော့ မဆိုင်ဘူးပေါ့။ တိုင်းပြည်တည်ဆောက်မှုမှာ အတွေ့အကြံုရှိတဲ့ လူတွေရဲ့ အားကိုလည်း ယူဖို့လိုတယ်။ ကိုယ့်ရဲ့ အားလည်းပါမယ်၊ အရင်အတွေ့အကြံုရှိတဲ့သူရဲ့အားလည်းပါမယ်၊ပြည်သူရဲ့ အားလည်းပါမယ်ဆိုရင် ၂၀၁၈-၂၀၁၉ ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေး Revolution ကြီးတစ်ခုကို အောင်အောင်မြင်မြင်ကျော်လွှားသွားနိုင်မယ်။.

မေး။ အခု ဆရာ အင်တာဗျူးပေါ်မှာ ဖေ့ဘွတ်ဝေါပို့စ်မှာ ပြောခဲ့တာတွေရောက နိုင်ငံရေးနဲ့လည်း ဆိုင်သလို မြန်မာနိုင်ငံရဲ့ အကြီးဆုံး ခေါင်းဆောင်နဲ့လည်း သက်ဆိုင်နေတာဆိုတော့ ဒီပေါ်မှာ ဆရာ ဘယ်လိုများ အာမခံချက်ပေးနိုင်မှာလဲရှင့်။

ဖြေ။ ကျွန်တော်တို့က ဒီလမ်းကြောင်းပေါ်မှာ တာဝန်ပေးတဲ့နေရာမှာလည်း နက္ခတ်တွေ ဗေဒင်တွေပဲ ဟောဖို့ ပြောဖို့ မဟုတ်ဘူး။train လုပ်ပေးတဲ့ ပုံစံကိုက နို်င်ငံရေးလည်း သိရမယ်၊စီးပွားရေးလည်း သိရမယ် ၊ အုပ်ချုပ်ရေးလည်း သိရမယ် ၊ဂြိုလ်နက္ခတ်တွေကိုလည်း ကျွမ်းကျင်ရမယ်၊ Business လည်း သိရမယ်။ အားလုံးကို သိအောင် စာတွေ အများကြီးဖတ်ခိုင်း ၊လေ့ကျင့်ခန်းတွေအများကြီးလုပ်ခိုင်း ၊သုတေသနတွေ အများကြီး လုပ်ခိုင်းပြီးတော့မှ ကျွန်တော်တို့ကို တာလွှတ်လိုက်တာ။ပြိုင်ပွဲဝင်တဲ့ လမ်းကြောင်းပေါ်မှာ တာထွက်လာတဲ့ အချိန်မှာ ယောင်ဝါးဝါး စမ်းတဝါးဝါး ဘာမှမသိဘဲနဲ့ ပြိုင်ပွဲဝင်လာတဲ့သူတွေ မဟုတ်ဘူး။အဖက်ဖက်ကနေ အားလုံးပြင်ဆင် တည်ဆောက်ပြီးမှ ရှေ့ကို ထွက်လို့ရပြီဆိုတဲ့အချိန်မှ ရဲရဲဝံ့ဝ့့ံ ရင်ကော့ပြီး ထွက်လာတာ။ကျွန်တော်တို့ရဲ့ ဟောကိန်းတွေ ၊ ကျွန်တော်တို့ရဲ့ သုံးသပ်မှုတွေ ၊တင်ပြမှုတွေဟာ မနေ့တနေ့ကမှ ဖြစ်လာတဲ့ ပညာရှင်လည်း မဟုတ်ဘူး။ပညာရှင် Profession အဖြစ်ဆို( ၁၁) နှစ်ရှိပြီ။ ပညာလေ့လာတဲ့ဟာဆိုလည်း ၁၇ နှစ် ၁၈ နှစ်ရှိပြီ ။ဒီချိန်ဟာ ကျွန်တော့်အတွက် အကောင်းဆုံး တည်ဆောက်ထားတဲ့ ဟာတွေကို အကောင်းဆုံး လုပ်ပြခွင့်ရှိတဲ့ အချိန်ဖြစ်နေတယ်။ တစ်စထက် တစ်စလည်း ဟောကိန်းတွေက ပိုမှန်လာတယ်။ ကျွန်တော့ရဲ့ သုံးသပ်ချက်တွေ ပိုပြီး နီးစပ်လာတယ်။ တစ်ခုကတော့ ရာနှုနး်ပြည့်ဖြစ်ဖို့ အခွင့်အလမ်းကို ကျွန်တော်တို့လည်း မျှော်မှန်းမထားဘူး။ကျွန်တော်တို့လည်း ပုထုဇဉ်လူသားတွေဖြစ်တယ်။မိသားစုနဲ့ နေရတာ။လူလောကမှာ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ပြီးတော့ ပုထုဇဉ်တွေ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော့ဟောကိန်းတွေကို ၈၀ရာခိုင်နှုန်းလောက်တော့ အာမခံချက်ပေးပါတယ်။ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကတော့ ပြောင်းလဲမှုရှိနို်င်တယ်။

မေး။ ဟုတ်ကဲ့ပါ။ခုလိုမျိုး သိလိုသမျှကို ဖြေကြားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

ဖြေ။  ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျ။

ခုဆိုရင်တော့ ဆိုရှယ် နက်ဝပ်မှာ လူတော်တော်များများ စိတ်ဝင်စားနေကြတဲ့ နက္ခတ်ပညာရှင် ဆရာဦးဇေယျာကိုရဲ့ ဟောကိန်းနဲ့ ပတ်သက်ပြီးတော့   မေးမြန်းခဲ့တာပဲဖြစ်ပါတယ်။အားလုံးလည်း ကျေနပ်ကြမယ်လို့ မျှော်လင့်မိပါတယ်။  ။

အပိုင်း (၁) အပြည့်အစုံ - http://www.mizzimaburmese.com/article/35039

အပိုင်း(၂) အပြည့်အစုံ - http://www.mizzimaburmese.com/article/35085

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly