မျိုးချစ်စိတ်ဓါတ်နဲ့ လူငယ် - ( ၁ )

မျိုးချစ်စိတ်ဓါတ်နဲ့ လူငယ် - ( ၁ )

အားလုံးသိကြတဲ့အတိုင်း လူငယ်ဆိုတာကတော့ တက်ကြွသူ၊ ဖြူစင်သူ၊ စွန့်စားလိုသူ၊ စူးစမ်းလိုသူဆိုတဲ့ အင်္ဂါရပ်တွေနဲ့ ပြည့်စုံသူဖြစ်ကြပါတယ်။ ဒါက တခြားအရွယ်အပိုင်းအခြားတွေနဲ့   နှိုင်းယှဉ်ပြီးမှ ယေဘုယျ သတ်မှတ်ကြတဲ့သဘောပါ။

လူငယ်ရဲ့သဘောသဘာဝအရ အယူအဆတစ်ခုခုကို လက်ခံကျင့်သုံးတဲ့အခါမှာ အလွယ်တကူ လက်ခံတတ်ပြီး အခိုင်အမာဆွဲကိုင်ထားဖို့လည်း ၀န်မလေးတတ်ကြပါဘူး။ ဥပမာ မျိုးချစ်စိတ်ဓါတ်ဆိုတဲ့ အယူအဆကို လူငယ်တွေဟာ တကယ့်ကို ထက်ထက်သန်သန် ကိုင်ဆွဲလက်ခံတတ်တာ တွေ့ရတတ်ပါတယ်။ လူငယ်တွေဟာ မျိုးချစ်စိတ်ဓါတ်နဲ့ပတ်သက်ရင် တခြားစိတ်ဓါတ်တွေထက်ပိုပြီး စွဲစွဲမြဲမြဲ ပြင်းပြင်းထန်ထန် လက်ခံကျင့်သုံးတတ်ကြပါတယ်။

ကတယ်တော့့ ကမ္ဘာကြီးပေါ်က တိုင်းနိုင်ငံများရဲ့အခြေအနေ၊ လူမျိုးအသီးသီးရဲ့အခြေအနေအရ လူငယ်တွေ မျိုးချစ်စိတ်ဓါတ်ကို ခိုင်ခိုင်မာမာ တက်တက်ကြွကြွ လက်ခံကျင့်သုံးကြတာဟာ ကောင်းပါတယ်။ လိုလည်းလိုအပ်ပါတယ်။

ဒီနေရာမှာ……၊ ကမ္ဘာ့လူမျိုးရေးအခင်းအကျင်းတွေ၊ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းတွေနဲ့  တိုင်းနိုင်ငံအသီးသီးရဲ့ ပထဝီအခင်းအကျင်းတွေအရဆိုရင်တော့ မျိုးချစ်စိတ်ဓါတ်ဆိုတဲ့အယူအဆကို ဒီအတိုင်း မစဉ်းမစား မဆင်မခြင် မသုံးသပ်ပဲ လက်ခံကျင့်သုံးလို့တော့ မဖြစ်ဘူးဆိုတဲ့ အဆိုတစ်ရပ်ကလည်း ရှိလာပါတယ်။ ဒါပေမယ့်လည်း အဲသလို မျိုးချစ်စိတ်ဓါတ် ခွဲခြမ်းစိပ်ဖြာဖို့ဆိုတာက ငယ်ရွယ်တဲ့လူငယ်တွေမပြောနဲ့ အတွေ့အကြံုရင့်ကျက်ပါတယ်ဆိုတဲ့ လူကြီးတွေတောင်မှ လွယ်ကူလှတယ်ရယ်လို့ မပြောနိုင်ပါဘူး။ မျိုးချစ်စိတ်ဓါတ်ဟာ လူမျိုးတစ်မျိုး တိုင်းနိုင်ငံတစ်ခုအတွက် သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ကိစ္စမို့ လူတိုင်းရဲ့နှလုံးသားကို အလွယ်တကူနဲ့ စိမ့်ဝင်ထိုးဖေါက် လွှမ်းမိုးနိုင်တဲ့ အယူအဆဖြစ်တာမို့ ငယ်ရွယ်တဲ့လူငယ်တွေကို ပိုပြီးအလျင်အမြန် ထိုးဖေါက်လွှမ်းမိုးနိုင်ပါတယ်။ ဒါကြောင့်မို့လည်း မျိုးချစ်စိတ်ဓါတ် အဓိပ္ပါယ်ဖွင့်ဆို ခွဲခြမ်းစိပ်ဖြာဖို့ကလည်း တကယ့်ကို အရေးကြီးလှတဲ့ကိစ္စ ဖြစ်လာခဲ့ပါတယ်။ ဘာပြုလို့လည်းဆိုတော့ အဲသလို မျိုးချစ်စိ်တ်ဓါတ် ခွဲခြမ်းစိပ်ဖြာမှုမပြုပဲ သာမာန် မျိုးချစ်စိတ်ဓါတ် သို့မဟုတ် ချို့ယွင်းတဲ့မျိုးချစ်စိတ်ဓါတ် သို့မဟုတ် မှားယွင်းတဲ့မျိုးချစ်စိတ်ဓါတ်ကြောင့် တိုင်းပြည်နဲ့ချီပြီး ပျက်စီးဆုံးရှုံးရတဲ့ သမိုင်းသာဓကတွေက လူ့သမိုင်းမှာ အထင်အရှားရှိနေလို့ပါပဲ။ မှန်ပါတယ်။ တကယ်တော့ မျိုးချစ်စိတ်ဓါတ်လို့ဆိုတိုင်း ကောင်းမွန်တဲ့ မျိုးချစ်စိတ်ဓါတ်ရယ်လို့ မဆိုနိုင်ပါဘူး။ မှားယွင်းတဲ့မျိုးချစ်စိတ်ဓါတ်ဟာ လူမျိုးတစ်မျိုး ကျဆုံးစေဖို့၊ တိုင်းပြည်တစ်ခု ပျက်စီးပျောက်ကွယ်သွားစေဖို့ အပြင်းထန်ဆုံး တွန်းအားဖြစ်တယ်ဆိုတာ သမိုင်းမှာအခိုင်အမာ ရှိပါတယ်။ ဒါကြောင့်မို့ အလွယ်တကူလက်ခံဖို့ အဆင်သင့်ဖြစ်နေတတ်တဲ့လူငယ်တချို့ဟာ အဲဒီမှားယွင်းတဲ့မျိုးချစ်စိတ်ဓါတ်ရဲ့သားကောင်အဖြစ်နဲ့ ဘဝပျက်ကြရတာမျိုးမဖြစ်ရအောင် သို့မဟုတ် မျိုးချစ်စိတ်ဓါတ်ကြောင့်ပဲ တိုင်းပြည်နဲ့လူမျိုး ကာကွယ်ရေးသမားဘဝကနေ တိုင်းပြည်နဲ့လူမျိုးကို ဖျက်ဆီးပစ်မယ့် မျိုးချစ်လူငယ်နွံတွင်း မကျဆင်းရလေအောင် ဘယ်လိုမျိုးချစ်စိတ်ဓါတ်ကိုသာ လက်ခံကျင့်သုံးသင့်တယ်ဆိုတဲ့ အချက်ကို အလေးထား စဉ်းစားကြဖို့ လိုအပ်လာခဲ့ပါတယ်။

မျိုးချစ်စိတ်ဓါတ်ရဲ့မူရင်း အဓိပ္ပါယ်က သွေးစည်းညီညွတ်ခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်းအဓိပါ္ပယ်ဖြစ်ပါတယ်။ ဒါပေမယ့် အားလုံးသိကြတဲ့အတို်င်း အခုဆိုရင် အဲဒီမျိုးချစ်စိတ်ဓါတ်အလံတော်အောက်မှာပဲ လူတွေ ဘာသာရေးအရ၊ လူမျိုးရေးအရ အပြန်အလှန် မယုံမကြည်ဖြစ်ကြရ၊ အမုန်းတရား ကြိီးမားလာကြရတာ အားလုံးအသိဖြစ်ပါတယ်။ အဲသလို ဘာ့ကြောင့်ဖြစ်လာကြရတာလည်း။ ဥပမာ လူမျိုးခြား လက်အောက်ကလွတ်မြောက်ဖို့ကြိုးစားကြစဉ်အချိန်တုန်းက ကျနော်တို့လူမျိုးတွေရဲ့မျိုးချစ်စိတ်ဓါတ်က တိုင်းပြည်ကို ပိုမိုသွေးစည်းစေ၊ လူတွေကို စွန့်လွှတ်အနစ်နာခံလိုစိတ် ပိုပြီးရင့်သန်စေခဲ့ပြီး လက်ရှိအခြေအနေကျတော့ အဲဒီလိုအခြေအနေတွေနဲ့ ဘာ့ကြောင့် ပြောင်းပြန်ဖြစ်လာနေကြရတာလည်း။

လူငယ်တွေဟာ အထက်ကဆိုခဲ့တဲ့အတိုင်း တက်ကြွဖြူစင်သူတွေဖြစ်တဲ့အတွက် မျိုးချစ်စိတ်ဓါတ်လို့ ဆိုလိုက်တာနဲ့တပြိုင်နက် မတ်တပ်ထရပ်ဖို့ ၀န်မလေးတတ်ကြပါဘူး။ ဒါကြောင့် အခုလို ရှုပ်ထွေးပြီး နားလည်ရခက်ခဲတဲ့ မျိုးချစ်စိတ်ဓါတ်ကို မခွဲခြမ်းမစိပ်ဖြာပဲ သည်အတိုင်း လက်ခံလိုက်လို့ မဖြစ်ပါဘူး။ မျိုးချစ်စိတ်ဓါတ်ကို ခွဲခြမ်းစိတ်ဖြာမှုနဲ့ အသေအချာ စစ်ဆေးဆန်ကာချပြီးမှ လက်ခံဖို့ လိုအပ်လာခဲ့ပါတယ်။ အဲ…မှန်ကန်တဲ့ မျိုးချစ်စိတ်ဓါတ် ဟုတ်၏မဟုတ်၏ ဘယ်လိုစီစစ်ကြမလဲ။ မျိုးချစ်စိတ်ဓါတ် စီစစ်နိုင်ဖို့ လူငယ်တွေမှာ ဘယ်လို အသိပညာအခြေခံ ဗဟုသုတရှိရမလဲ။ ဘယ်လို စိတ်ထားနဲ့ ဘယ်လိုရပ်တည်ချက် ထားရမလဲ။

မိမိတို့တိုင်းပြည်ရဲ့ လက်ရှိ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး အခင်းအကျင်းတွေကို မတည်မငြိမ်ဖြစ်ရလေအောင် တွန်းအားပေးတဲ့အချက်အလက်တွေထဲမှာဖြင့် အဲဒီမျိုးချစ်စိတ်ဓါတ်ဆိုတဲ့အရာက အရေးပါတဲ့နေရာက ပါ၀င်နေတာဟာ ဘယ်သူမှမငြင်းနိုင်ပါဘူး။ တိုင်းနိုင်ငံနဲ့လူမျိုးတွေ တည်ငြိမ်စည်းလုံးစေဖို့ဦးတည်ပါတယ်ဆိုတဲ့ မျိုးချစ်စိတ်ဓါတ်က ဘာ့ကြောင့် တိုင်းနိုင်ငံနဲ့လူမျိုးတွေ မတည်မငြိမ် မငြိမ်းမချမ်းစေတဲ့ဘက်ကို တွန်းပို့တဲ့အရာ ဖြစ်လာရသလဲ။

မှားယွင်းတဲ့ မျိုးချစ်စိတ်ဓါတ်ကြောင့် ဂျာမဏီလို ဂျပန်လိုနိုင်ငံတွေဟာ  ကျဆုံးခဲ့ကြရဖူးပါတယ်။ မှားယွင်းတဲ့ မျိုးချစ်စိတ်ဓါတ်ကြောင့် လူငယ် သန်းပေါင်းများစွာ သေတွင်းဆင်းခဲ့ကြရပါတယ်။ မှားယွင်းတဲ့ မျိုးချစ်စိတ်ဓါတ်ကြောင့် ဧကရာဇ်နိုင်ငံတွေ ပြိုလဲကွယ်ပျောက်ရပါတယ်။ ဒါဆိုရင် မှားယွင်းတဲ့မျိုးချစ်ဆိုတာ ဘာလဲ။

တခါ မှားယွင်းတဲ့မျိုးချစ်စိတ်ဓါတ်နဲ့ မှန်ကန်တဲ့မျိုးချစ်စိတ်ဓါတ် ကွဲပြားခြားနားစွာ သိဖို့ဆိုရင် လူငယ်တွေမှာ မဖြစ်မနေ ရှိဖို့လိုအပ်တဲ့အချက်က ဘာလဲ။

နောက်တစ်ပိုင်းမှာ ကျနော်တို့ ထပ်ပြီးဆွေးနွေးပါဦးမယ်။

လူငယ်တွေနဲ့ကျနော်တို့ နောက်တစ်ပတ်မှာ ပြန်ဆုံကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။   ။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly