တုပ်ကွေးဆေး ဝယ်ယူမှု၌ ဖိလစ်ပိုင်သမ္မတဟောင်းက ချမ်းသာအောင် အမြတ်ထုတ်ခဲ့ဟု ဆို

တုပ်ကွေးဆေး ဝယ်ယူမှု၌ ဖိလစ်ပိုင်သမ္မတဟောင်းက ချမ်းသာအောင် အမြတ်ထုတ်ခဲ့ဟု ဆို

မနီလာ၊ ဒီဇင်ဘာ ၁၄ ။             ။ ဖိလစ်ပိုင်နိုင်ငံတွင် အရှုပ်တော်ပုံတစ်ရပ်အဖြစ် ပေါ်ပေါက်နေသည့် ယခင်အစိုးရဟောင်း လက်ထက် တုပ်ကွေးဆေးများ ဝယ်ယူခဲ့မှုအရှုပ်တော်ပုံနှင့် ပတ်သက်ပြီး လက်ရှိ အစိုးရက ဒုတိယမြောက်နေ့အဖြစ် ကြားနာစစ်ဆေးလျက်ရှိသည်။

ထိုသို့ ကြားနာစစ်ဆေးမှုတွင် သမ္မတဟောင်း အကွီနိုက နိုင်ငံတော်အတွက် တုပ်ကွေးဆေးများ ဝယ်ယူမှုတွင် ကိုယ်ကျိုးချမ်းသာအောင် အမြတ်ထုတ်ခဲ့မှုဖြင့်ပါ စစ်ဆေးကြားနာပေးရန် ဖိလစ်ပိုင် NGO တစ်ခုက ဒီဇင်ဘာ ၁၄ ရက်တွင် တောင်းဆိုလိုက်သည်။

အထက်ပါ ကြားနာမှုသို့ တက်ရောက်လာရသည့် သမ္မတဟောင်း အကွီနိုနှင့်တစ်ကွ အခြားသော ကက်ဘိနက်အဖွဲ့ဝင်များသည် Dengvaxia တုပ်ကွေးဆေး ဝယ်ယူမှုတွင် ပီဆိုသန်းပေါင်းများစွာကို အမြတ်ထုတ် ရယူပြီး မသမာသောနည်းလမ်းဖြင့် ချမ်းသာကြီးပွားလာကြကြောင်း ရာဇဝတ်မှုနှင့် အကျင့်ပျက်ခြစားမှု ဆန့်ကျင့်ရေး စေတနာ့ဝန်ထမ်းများအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ဆိုကြောင်း ဖိလစ်ပိုင်နယူးအေဂျင်စီက ဖော်ပြသည်။

အဆိုပါ တုပ်ကွေးဆေး အဝယ်တော် အရှုပ်တော်ပုံသည် ယင်းဆေးအား ထုတ်လုပ်သည့် Sanofi Pasteur ကုမ္မဏီကြီးက ယခင်ရောဂါ မကူးစက်ခံရဖူးသူများတွင် ရောဂါပိုမိုဆိုးဝါးခြင်း ဖြစ်စေနိုင်၍ အနီးကပ်စောင့်ကြည့်သင့်ကြောင်း နိုဝင်ဘာလအတွင်းက ထုတ်ပြန်ခဲ့ရာမှ သံသယဖြင့် စွဲဆိုမှုများ ရှိလာကာ ဆေးဝါးများကို ပြန်သိမ်းခြင်းအထိ အရှုပ်တော်ပုံ ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။ Sanofi Pasteur က ထုတ်သည့် Dengvaxia တုပ်ကွေးဆေးသည် ကမ္ဘာပေါ်တွင် ပထမဆုံး လိုင်စင်ရ တုပ်ကွေးဆေးလည်း ဖြစ်သည်။

ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာနက တုပ်ကွေးအန္တရာယ်မြင့်မားသော နယ်မြေများမှ ကလေးငယ်ပေါင်း ရှစ်သိန်းအထိကို ယင်းဆေးဝါး ထိုးနှံပေးမည့် ကျန်းမာရေးစီမံကိန်းကြီးကိုလည်း ရပ်ဆိုင်းလိုက်ရသည်။

ဒီဇင်ဘာ ၁၄ ရက် ကြားနာမှုသို့ ဖိလစ်ပိုင်အစိုးရအဖွဲ့ဝင် အရာကြီးများ၊ သမ္မတဟောင်း အကွီနို၊ Sanofi Pasteur မှ အာရှ-ပစိဖိတ်ရေးရာအကြီးအကဲနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ယခု တုပ်ကွေးဆေး ပြဿနာရပ်နှင့် ပတ်သက်ပြီး တာဝန်ရှိသူ အားလုံးကို အရေးယူဖော်ထုတ်ရန် သမ္မတဒူတာတေးက ပြောလိုက်ပြီးနောက် သမ္မတဟောင်း အကွီနိုကိုပါ ခေါ်ယူကြားနာခြင်း ဖြစ်သည်။

နိုင်ငံအနေဖြင့် Dengvaxia ဆေးအတွက် ထုတ်လုပ်သည့် ပြင်သစ်ကုမ္ပဏီဖြစ်သော Sanofi Pasteur အား ပေးခဲ့ရသည့် ပီဆို ၃ ဒဿမ ၅ သန်းကို ပြန်လည်တောင်းယူရမည် ဖြစ်သကဲ့သို့ ပြင်းထန်သည့် တုပ်ကွေးဒဏ် ခံစားရနိုင်သော ကလေးငယ်များအား ကုသစရိတ်နှင့် ဆေးရုံကုန်ကျစရိတ်များကိုပါ လျော်ကြေးအဖြစ် ပြန်လည်တောင်းရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဖရန်စစ်ကိုက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required