ဇီးဖြူသီးကရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

ဇီးဖြူသီးကရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

Goose Berry (ဇီးဖြူသီး)
(ဇီးဖြူသီး) Gooseberry

ဇီးဖြူသီးကို ဖျော်ရည်လုပ်သောက်တာ၊ကြော်စားတာ၊ထောင်းစားတာမျိုးတွေရှိပါတယ်။ ဆေးဖက်ဝင်တဲ့အသီးတစ်မျိုးလို့လည်း ဆိုကြပါတယ်။ ဇီးဖြူသီးမှာ ဗီတာမင် စီ နဲ့ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေကြွယ်ဝစွာ ပါဝင်ပါတယ်။ ဇီးဖြူသီးကိုနေ့စဉ်မှန်မှန်စားသုံးမယ်ဆိုရင် သက်ရှည်ကျန်းမာစေမယ်လို့လည်းဆိုပါတယ်။ ဇီးဖြူသီးရဲ့ ကျန်းမာရေးအပေါ်ဘယ်လို အကျိုးပြုတာလဲဆိုတာကို သိရှိနိုင်စေဖို့ ရှာဖွေသိရှိထားတာလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ဇီးဖြူသီးကရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

မျိုးပွားစနစ်ကို ကောင်းမွန်စေခြင်း

ဇီးဖြူသီးက မျိုးပွားမှုဆိုင်ရာ တစ်ရှုးတွေအပါအဝင် ခန္ဓာကိုယ်ရဲ့ တစ်ရှုး ရ မျိုးကို အားဖြည့်ပေးပါတယ်။ ဇီးဖြူသီးက အမျိုးသား မျိုးပွားအင်္ဂါ စနစ်ကိုရော အမျိုးသမီး မျိုးပွားအင်္ဂါစနစ်တွေကိုပါ ကောင်းမွန်အောင်ထောက်ပ့့ံပေးပါတယ်။ အမျိုးသားတွေမှာ သုတ်ပိုးရဲ့အရည်အသွေးကိုကောင်းမွန်စေပါတယ်။

အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေခြင်း

ဇီးဖြူသီးရဲ့အဆီအနှစ်က အရိုးတွေကိုပျက်စီးစေနိုင်တဲ့ဆဲလ်တွေဖြစ်တဲ့ osteoclasts ဆဲလ်တွေရဲ့ လုပ်ဆောင်မှုကိုနှေးကွေးစေနိုင်တာကိုတွေ့ရှိရပါတယ်။ ဇီးဖြူသီးမှာ ရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် လေးဖက်နာဝေဒနာသည်တွေမှာ အရိုးအဆစ်တွေ ရောင်ရမ်းနာကျင်တာတွေကို သက်သာစေပါတယ်။

အမြင်အာရုံကြည်လင်စေခြင်း

ဇီးဖြူသီးက မျက်လုံးကျန်းမာရေးကိုလည်းကောင်းမွန်စေပါတယ်။ အသက်အရွယ်ကြီးရင့်လာတာကြောင့်ဖြစ်ပေါ်ခံစားရတဲ့ အမြင်အာရုံ ဆုံးရှုံးမှုမဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။ ဇီးဖြူသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကမျက်ကြည်လွှာကို oxidative stress တွေကြောင့်ပျက်စီးမှုကနေ ကာကွယ်ပေးပြီး ရေတိမ်ဖြစ်နိုင်ခြေကိုလည်းလျှော့ချပေးပါတယ်။ ဇီးဖြူသီးကိုရေစိမ်ပြီး စိမ်ထားတဲ့အရည်နဲ့ မျက်စဉ်းခပ်ပေးရင် အမြင်အာရုံကိုကြည်လင်စေမှာဖြစ်ပါတယ်။

စိတ်ဖိစီးမှုကိုသက်သာစေခြင်း

ဇီးဖြူသီးက စိတ်ဖိစီးမှုကိုလျော့ပါးစေပြီး အိပ်ပျော်စေပါတယ်။ ဦးရေပြားကို ဇီးဖြူသီးအဆီလူးပြီးနှိပ်နယ်ပေးပါက အိပ်ပျော်စေမှာဖြစ်သလို ခေါင်းကိုက်တာကကိုလည်းသက်သာစေပါတယ်။ ရေမချိုးခင်မှာ ဇီးဖြူသီး အဆီကိုဦးရေပြားမှာလိမ်းပေးမယ်ဆိုရင် ကြက်မျက်သင့်တာနဲ့ မအိမသာဖြစ်တာတွေကို သက်သာစေမှာဖြစ်ပါတယ်။

စိတ်ကျန်းမာရေးကောင်းမွန်စေခြင်း

ဇီးဖြူသီးက သွေးလည်ပတ်မှုကိုကောင်းမွန်စေတာကြောင့် အာရုံကြောကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ ဇီးဖြူသီးနေ့တိုင်းစားသုံးပေးမယ်ဆိုရင် သိမြင်မှုစွမ်းရည်ကိုတိုးတက်စေနိုင်သလို အာရုံစိုက်မှုနဲ့မှတ်ဉာဏ်ကိုပိုမိုကောင်းမွန်စေပါတယ်။ free radical တွေကြောင့် အာရုံကြောဆဲလ်တွေပျက်စီးမှုမဖြစ်အောင်ကာကွယ်ပေးပြီး မှတ်ဉာဏ်ချို့ယွင်းခြင်း (dementia)၊ အယ်လ်ဇိုင်းမာရောဂါတွေမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ဇီးဖြူသီးမှာ သံဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့်  အောက်ဆီဂျင်လည်ပတ်မှုကိုတိုးတက်စေပြီး ဦးနှော်က်ပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။

အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေကိုသက်သာစေခြင်း

ဇီးဖြူသီးမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေကို သက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဇီးဖြူသီးမှာပါတဲ့ ဗီတာမင် စီက အအေးမိတာ၊ချောင်းဆိုးတာတွေကို သက်သာစေတဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ ဇီးဖြူသီးက ကိုယ်ခံအားကိုတိုးတက်စေပြီး တုပ်ကွေးဖြစ်တာနဲ့ လည်ချောင်းအတွင်း ပိုးကူးစက်မှုတွေကိုလျော့ပါးစေပါတယ်။ နာတာရှည် ချောင်းဆိုးခြင်း၊ တီဘီရောဂါ (tuberculosis) တွေကိုကုသရာမှာအထောက်အကူပြုနိုင်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါ (Asthma) လက္ခဏာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

ကူးစက်ရောဂါတွေကို တိုက်ဖျက်ပေးနိုင်ခြင်း

ပိုးမွှာေးတွကိုသေစေနိုင်တဲ့ အစွမ်းသတ္တိက ခန္ဓာကိုယ်မှာ ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေကြောင့်ဖြစ်ပေါ်တဲ့ကူးစက်ရောဂါတွေမဖြစ်အောင် တိုက်ထုတ်ရာမှာအထောက်အကူပေးပါတယ်။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကိုတိုးစေနိုင်ပါတယ်။

ကိုယ်အလေးချိန်ကျစေနိုင်ခြင်း

ဇီးဖြူသီးက ခန္ဓာကိုယ်ရဲ့ ဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုဖြစ်စဉ်ကိုမြင့်တင်ပေးပြီး အဆီတွေစုပုံမှုကို လျော့ချပေးနိုင်ပြီး အဆာခံစေနိုင်တာကြောင့်ကိုယ်အလေးချိန်ကိုလျှော့ချရာမှာ အထောက်အကူပြုနိုင်ပါတယ်။

နှလုံးကျန်းမာစေခြင်း

ဇီးဖြူသီးက နှလုံးသွေးကြောစနစ်ကို ကောင်းမွန်စေနိုင်ပါတယ်။ ဇီးဖြူသီးမှာ နှလုံးအတွက်အကျိုးပြုနိုင်တဲ့ အာဟာရဓာတ်တွေပါဝင်တာကြောင့် နှလုံးသွေးကြောပိတ်တာတွေ မဖြစ်အောင် ကာကွယ်ပေးသလို သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောတွေကိုလည်း လျှော့ချပေးပါတယ်။ နှလုံးကြွက်သားတွေကို ကျန်းမာစေပြီး ကိုလက်စထရောကိုလျော့ကျစေတဲ့အပြင်   သွေးမတိုးအောင်လည်း ထိန်းညှိပေးပါတယ်။ ဇီဖြူသီးက အကျိုးပြုကိုလက်စထရောတွေတိုးလာအောင်လည်းလုပ်ဆောင်ပေးပါတယ်။ နှလုံးသွေးကြောတွေထဲမှာ အဆီတွေစုပုံ ပိတ်ဆို့တာမျိုးမဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။

ကင်ဆာတိုက်ထုတ်နိုင်ခြင်း

ဇီးဖြူသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာပါဝင်တာကြောင့် carcinogenic  ဆဲလ်တွေကြီးထွားဖြစ်ပေါ်မှုကို ကန့်သတ်ပေးခြင်းဖြင့် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဇီးဖြူသီးက ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက အန္တရာယ်ရှိတဲ့ free radical တွေကို ကန့်သတ်ထိန်းချုပ်ပေးတာကြောင့် အစာအိမ်(stomach cancer)၊အရေပြား နဲ့အသည်းကင်ဆာ(liver cancer) တွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကင်ဆာကျိတ်တွေကြီးမလာအောင်လည်းထိန်းသိမ်းပေးပါတယ်။ ဇီးဖြူသီးမှာ ကင်ဆာဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို တုံ့ပြန်နိုင်တဲ့ အစွမ်းလည်းရှိပါတယ်။

ဆီးချို

ဇီးဖြူသီးမှာ သကြားဓာတ်ပါဝင်မှုနည်းပြီး အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ဆီးချိုသမားတွေစားသုံးဖို့သင့်တော်ပါတယ်။ ဆီးချိုသမားတွေမှာ သွေးတွင်းသကြားဓာတ်ကိုကျဆင်းစေနိုင်ပါတယ်။ chromium ကြွယ်ဝစွာပါဝင်တာကြောင့် ဆီးချိုသမားတွေအတွက် အထူးသင့်တော်ပါတယ်။ ဇီးဖြူသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းက သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးပြီး chromium ပမာဏကိုကျဆင်းစေပါတယ်။

အစာကြေစေနိုင်စွမ်းရှိခြင်း

ဇီးဖြူသီးက အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အူမကြီးနဲ့ အစာချေအူလမ်းကြောင်းသန့်ရှင်းအောင်လုပ်ဆောင်ပေးပါတယ်။ အစာချေစနစ်ကို အားဖြည့်ပေးပြီး ခန္ဓာကိုယ်ရဲ့ အာဟာရဓာတ်စုပ်ယူနိုင်စွမ်းကို တိုးတက်စေပါတယ်။ ဇီးဖြူသီးရဲ့ ချဉ်ပြီးဖန်တဲ့အရာသာက အစာချေအင်ဇိုင်းတွေထွက်လာအောင်လှုံ့ဆော်ပေးပါတယ်။ အေးမြပြီး ဝမ်းသွားစေနိုင်တဲ့အာနိသင်တွေရှိတာကြောင့် ဝမ်းလျှောတာကိုကုသရာမှာအသုံးပြုနိုင်ပါတယ်။ ဝမ်းချုပ်တာနဲ့ အူမကြီးဆိုင်ရာဝေဒနာတွေကို သက်သာစေနိုင်တဲ့ သဘာဝဆေးတစ်မျိုးပါ။

အရေပြားကိုကျန်းမာစေခြင်း

ဇီးဖြူသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက အရေပြားကို ကြည်လင်ဝင်းပစေပြီး အဆိပ်အတောက်တွေကိုဖယ်ရှားပေးပါတယ်။ ဝက်ခြံတွကိုကင်းစေပြီး ချွေးပေါက်တွေကိုကျဉ်းစေပါတယ်။ အရေပြားမှာဖြစ်တတ်တဲ့ရောဂါတွေမဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။ free radical တွေကြောင့်အရေပြားပျက်စီးတာတွေကိုလျှော့ချပေးပါတယ်။

ဆံသားကိုသန်စွမ်းနက်မှောင်စေခြင်း

ဇီးဖြူသီးမှာ ဗီတာမင် စီ ကြွယ်ဝစွာပါဝင်တာကြောင့် ဆံပင်မကျွတ်အောင်ကာကွယ်ပေးနိုင်သလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကလည်း ဆံပင်ကိုသန်စွမ်းနက်မှောင်စေပါတယ်။ ဆံပင်တွေကိုသန်စေပြီးဗောက်လည်းကင်းစေပါတယ်။ကျန်းမာသန်စွမ်းတဲ့ဆံကေသာကိုပိုင်ဆိုင်နိုင်စေဖို့ ဇီးဖြူသီးကိုအသုံးပြုပေးနိုင်ပါတယ်။

နှာခေါင်းသွေးလျှံတာကိုသက်သာစေခြင်း

နှာခေါင်းသွေးလျှံတဲ့အခါ ဇီးဖြူသီးအရည်ကိုနှာခေါင်းထဲကို အစက်ချပေးမယ်ဆိုရင် နှာခေါင်းသွေးလျှံတာကို သက်သာစေမှာဖြစ်ပါတယ်။

သွားတွေနဲ့လက်သည်းခြေသည်းတွေကို ကျန်းမာစေခြင်း

ဇီးဖြူသီးဖျော်ရည်က သွားတွေနဲ့ လက်သည်းခြေသည်းတွေကို ကျန်းမာသန်စွမ်းစေပါတယ်။

သွေးအားနည်းတာကို သက်သာစေခြင်း

ဇီးဖြူသီးက သံဓာတ်ပါဝင်မှုများတာကြောင့် သွေးဖြူဥပမာဏကိုတိုးစေပြီး သွေးအားနည်းရောဂါမဖြစ်အောင်ကာကွယ်ပေးပါတယ်။

သွေးသန့်စေခြင်း

ဇီးဖြူသီးမှုန့်ကို ပျားရည်နဲ့သောက်ပေးမယ်ဆိုရင်သွေးသန့်စေမှာဖြစ်ပါတယ်။

ကျောက်ကပ်ကျောက်တည်တာကို သက်သာစေခြင်း

ဇီးဖြူသီးအမှုန့်ကို မုန်လာဥအဖြူနဲ့ တွဲဖက်စားပေးတာကကျောက်ကပ်ကျောက်တည်တာကို သက်သာစေနိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုးများ

  •     ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေအနေနဲ့ ဇီးဖြူသီးစားသုံးတဲ့အခါ ဘေးထွက်ဆိုးကျိုးတွေရှိနိုင်တာကြောင့် ဇီးဖြူသီးကိုမစားသုံးသင့်ပါဘူး။
  •     ဇီးဖြူသီးက အချို့သူတွေမှာ သွေးတအားထွက်တာမျိုးဖြစ်စေနိုင်တာကြောင့် Bleeding disorders ရှိတဲ့သူတွေအနေနဲ့ ဇီးဖြူသီး ကို အတိင်အချင့်နဲ့သာစားသုံးသင့်ပါတယ်။
  •     ဇီးဖြူသီးက သွေးတွင်းသကြားဓာတ်ကိုကျဆင်းစေနိုင်တာကြောင့် ဆီးချိုဆေးသောက်သုံးနေရသူတွေအနေနဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှ စားသုံးသင့်ပါတယ်။
  •     ဇီးဖြူသီးက အသည်းရောဂါရှိအခံရှိသူတွေမှာ ရောဂါကိုပိုဆိုးစေနိုင်တာကြောင့် မစားသုံးသင့်ပါဘူး။ ဆရာဝန်ရဲ့ အကြံပြုချက်ကိုတောင်းခံသင့်ပါတယ်။
  •     ဇီးဖြူသီးက ခွဲစိတ်ကုသမှုခံယူနေစဉ်အတွင်းနပြ ခွဲစိတ်ကုသမှုခံယူပြီးချိန်မှာ သွေးထွက်များစေနိုင်တာကြောင့် ခွဲစိတ်မှုမခံယူခင် အနည်းဆုံး ၂ ပတ်လောက်အလိုကတည်းက ဇီးဖြူသီးစားတာကိုရပ်လိုက်ပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly