ရိုက်တာသတင်းထောက်များ ဖမ်းဆီးခံရမှု မြန်မာဂျာနယ်လစ်အသင်းအဖွဲ့များက သဘောထား ကြေညာချက်ထုတ်ပြန်

ရိုက်တာသတင်းထောက်များ ဖမ်းဆီးခံရမှု မြန်မာဂျာနယ်လစ်အသင်းအဖွဲ့များက သဘောထား ကြေညာချက်ထုတ်ပြန်

 

ရန်ကုန်အခြေစိုက် ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရမှုနဲ့ပတ်သက်လို့ မြန်မာဂျာနယ် လစ်အသင်းအဖွဲ့များက ကြေညာချက်တစ်စောင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ရန်ကုန်အခြေစိုက် ရိုက်တာသတင်းဌာနမှ ကိုဝလုံး (ခ) သက်ဦးမောင်နဲ့ ကိုကျော်စိုးဦး (ခ) မိုးအောင် တို့ကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ နဲ့ ဒီဇင်ဘာ ၁၂ ရက်က ဖမ်းဆီးထားလိုက်ခြင်း ဖြစ်ပါတယ်။

ယခု ကြေညာချက်ကို မြန်မာ ဂျာနယ်လစ်များ အသင်း၊ မြန်မာ ဂျာနယ်လစ် ကွန်ရက်၊ မြန်မာ ဂျာနယ်လစ် သမဂ္ဂ၊ Burma News International ၊ မြန်မာ အမျိုးသမီး ဂျာနယ်လစ်များ အသင်း၊ မြန်မာ မီဒီယာ ရှေ့နေများ ကွန်ရက်၊ မြေလတ် ဂျာနယ်လစ် ကွန်ရက်၊ မြန်မာ ဂျာနယ်လစ် ကွန်ရက် (ဧရာဝတီ) ၊ လာရှိုး သတင်းထောက်များ အဖွဲ့၊ မြန်မာ ဂျာနယ်လစ် ကွန်ရက် (မုံရွာ)၊ တောင်ကြီး ဂျာနယ်လစ်များအသင်းနဲ့ အာရကန် ဂျာနယ်လစ်များအသင်းတို့က ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

" တိကျမှန်ကန်တဲ့ သတင်းတွေ ဖော်ထုတ်တင်ဆက်နိုင်ဖို့အတွက် သတင်းထောက်တွေမှာ သတင်းရင်းမြစ်တွေ ဆီရှိရာ သွားရောက်ခွင့်၊ အဆိုပါသတင်းတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မေးခွန်းထုတ်ခွင့်၊ စုဆောင်းနိုင်ခွင့် တို့ ရှိတယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်" ဆိုပြီး ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စုဆောင်းရရှိထားတဲ့ တစ်ချို့ အချက်အလက်တွေဟာ နိုင်ငံတော်လုံခြံုရေးကို ခြိမ်းခြောက်နိုင်တာကြောင့် အများဆီ ဖြန့်ချီမှု မပြုလုပ်သင့်ဘူးဆိုတာကို ကျွန်တော်တို့ လက်ခံထားပေမယ့် ခုလို သတင်းထောက်တွေကို အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်တယ်လို့ စွပ်စွဲတာဟာ သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ် ခြိမ််းခြောက်ထိပါးနေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၁၉၂၃ ခုနှစ်ကတည်းက ရေးဆွဲပြဌာန်းထားခဲ့တဲ့ ခေတ်မမီတော့တဲ့ ယခု အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ အောက်မှာ သတင်းထောက်တွေကို ဖမ်းဆီးတာဟာ ဒီမိုကရေစီ အစိုးရရဲ့ ပုံရိပ်ကို မှေးမှိန်စေတဲ့ လုပ်ရပ် တစ်ခုဟု ရှုမြင်ကြောင်းလည်း မီဒီယာအဖွဲ့အစည်းတွေက သဘောထားထုတ်ပြန်ပါတယ်။

ယင်းအပြင် ယခုလို သတင်းထောက်နှစ်ဦးကို ဖမ်းဆီးခြင်းဟာ လက်ရှိကာလမှာ ရခိုင်ကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတကာမီဒီယာအသိုင်းအဝိုင်းရဲ့ ပြင်းထန်တဲ့ ပြစ်တင်မှုတွေအောက်မှာ ရောက်နေတဲ့ မြန်မာအစိုးရရဲ့ ဂုဏ်သိက္ခာအပေါ် ထပ်မံထိခိုက်သွားစေနိုင်တယ်လို့လည်း ယင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အလားတူ ထိန်းသိမ်းခံ သတင်းထောက်တွေကို ၎င်းတို့ရဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့် မပေးဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေသည့်အပေါ် များစွာစိုးရိမ်ကြောင်း၊ ၎င်းတို့တွေရဲ့ အခြေခံအခွင့်အရေးတွေ ချိုးဖောက်ခံရမှုအပေါ် စိုးရိမ်ကြောင်း ထုတ်ပြန်သွားပါတယ်။

ယခု ဖြစ်စဉ်နဲ့ပတ်သက်လို့ အာဏာပိုင်တွေဘက်က ပွင့်လင်းမြင်သာမှု အပြည့်နဲ့ ဖြေရှင်းချက်ထုတ်ပေးဖို့နဲ့ သတင်းထောက်တွေကိုလည်း တတ်နိုင်သမျှ အမြန်ဆုံး ပြန်လွှတ်ပေးဖို့တောင်းဆိုကြောင်း ယင်းသဘောထားထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required