မြွေတွေရဲ့ ကျုးကျော်တာ ခံနေရတဲ့ ဘန်ကောက်မြို့တော်

မြွေတွေရဲ့ ကျုးကျော်တာ ခံနေရတဲ့ ဘန်ကောက်မြို့တော်

ဘန်ကောက်၊ ဒီဇင်ဘာ ၁၃ ။           ။ ထိုင်းနိုင်ငံ မီးသတ်သမားတွေအနေနဲ့ မီးလောင်တဲ့ သတင်းကြားရတာထက် ပိုတဲ့ ဖုန်းခေါ်ဆိုမှု သတင်းတွေကတော့ ဘန်ကောက်က အိမ်တွေထဲ မြွေတွေ
ထိတ်လန့်စရာကောင်းလောက်အောင် စုပြုံဝင်ရောက်နေလို့ ဖုန်းဆက်ပြီး လှမ်း လှမ်း အကြောင်းကြားလို့ သွားရောက်ဖမ်းဆီးပေးနေရတဲ့ အဖြစ်ပါတယ်။ ဒီ အခြေအနေကြောင့်ပဲ ဘန်ကောက်မီးသတ်သမားတွေဟာ မြွေဖမ်းနည်းတောင် သင်ရတဲ့ အဆင့်ထိကို ရောက်ခဲ့ပါတော့တယ်။

ဒီဇင်ဘာ ၁၃ ရက်မှာ အသက် ၄၇ နှစ်ရှိ မီးသတ်သမား ဖန်ယိုဟာ သံသတ္တုလှောင်အိမ်က မြွေဖမ်းတံနဲ့ ပလတ်စတစ်ဘူးတွေကို ပြင်ဆင်နေပါတယ်။ မြွေတွေ အိမ်ထဲ ရောက်နေပါတဲ့ဆိုတဲ့ အရေးပေါ်ဖုန်းခေါ်ဆိုလာရင် အသင့်ဖြစ်နေအောင်အတွက်ပါ။

ဒီလို ဖုန်းခေါ်မှုမျိုးကြောင့်ပဲ ဒီဇင်ဘာ ၁၂ ရက်က သွားရောက်ခဲ့ရာမှာ ဖန်ယိုအနေနဲ့ ဘန်ကောက်က အိမ်တစ်လုံးထောင့်မှာ စပါးအုံးမြွေတစ်ကောင်ကို တွေ့ရှိ ဖမ်းဆီးပေးခဲ့ရပါသေးတယ်။

ဘန်ကောက်မီးသတ်အဖွဲ့ရဲ့ မြွေသွားသွားဖမ်းပေးနေရတဲ့ အဖြစ်ဟာ ဘန်ကောက်မြို့တော်ကို မြွေတွေကျုးကျော်နေပြီဆိုပြီးတောင် သုံးနှုန်းခေါ်ဝေါ် ဖြစ်စေတော့တဲ့အထိပါပဲ။

၂၀၁၆ ခုနှစ်အတွင်းက အိမ်ထဲ မြွေဝင်အောင်းနေလို့ မီးသတ်ကို ဖုန်းခေါ်မှုပေါင်းဟာ သုံးသောင်းနီးပါးအထိ ရှိခဲ့ကြောင်း ဖန်ယိုက ပြောပါတယ်။ “ခုအချိန်မှာ သီတင်းတစ်ပတ်မှာ အိမ်ထဲ မြွေဝင်လို့ ဖုန်းခေါ်ကြတာက နှစ်ထောင်က သုံးထောင်လောက်ရှိနေတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းကတော့ တစ်နှစ်လုံး သုံးသောင်းနီးပါး ရှိခဲ့တာ ဖြစ်တယ်။”ဆိုပြီး ဖန်ယိုက ဆိုပါတယ်။

“ဖမ်းပေးခဲ့သမျှမှာ ခုနစ်ရာခိုင်နှုန်းလောက်ဟာ စပါးအုံးမြွေတွေပါ။ စပါးအုံးတွေဟာ တိရစ္ဆာန်ကာကွယ်ရေး ဥပဒေမှာ ကာကွယ်မှုပေးထားတဲ့ စာရင်းဝင်မို့ ကျွန်တော်တို့က ဖမ်းပြီးရင် အမျိုးသားဥယျာဉ်ဌာနနှင့် တောရိုင်းတိရစ္ဆာန်ဌာနကို ပေးပို့တာ ဖြစ်ပါတယ်။”လို့လည်း ၎င်းက ဆိုပါတယ်။

“ကျန် ဖမ်းမိမြွေတွေကတော့ မြွေဟောက်နဲ့ အဆိပ်ရှိအခြားမြွေတွေပဲ ဖြစ်ပါတယ်။ ဒီအကောင်တွေကိုတော့ အဆိပ်ဖြေဆေး ထုတ်လုပ်ရေးအတွက် ထိုင်းကြက်ခြေနီအသင်းဆီ ပို့ပါတယ်။”လို့ ဖန်ယိုက ပြောပါတယ်။

မြို့တော် မှာ ခုလို အိမ်တွေထဲ မြွေဝင်ရောက်လို့ ဖမ်းရတဲ့ အရေအတွက်ဟာ မြင့်တက်လာနေကြောင်းကို မီးသတ်ဌာနက အတည်ပြုထားပါတယ်။ ၂၀၁၄ ခုနှစ်မှာ ဖမ်းဆီးပေးခဲ့ရတဲ့ အရေအတွက်ဟာ ၁၆၉၂၀ ကောင်ရေရှိခဲ့ပြီး ၂၀၁၅ နဲ့ ၂၀၁၆ မှာ ၂၄၅၅၉ ကောင်ရေနဲ့ ၂၉၉၁၉ ကောင်ရေ အသီးသီး ဖမ်းဆီးပေးခဲ့ရတယ် ဆိုပါတယ်။

ခုနှစ်မှာတော့ ပထမငါးလအတွင်းမှတင် ဖမ်းဆီးပေးထားရတဲ့ ကောင်ရေဟာ ၁၀၂၄၆ ကောင်ရေ ရှိနေတယ်လို့ ဘန်ကောက်မီးသတ်ဌာနက ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags