ရန်ကုန်စည်ပင်မှ ငှားရမ်းထားသော မြေနှင့်နေရာငှားရမ်းခများ အလွန်နည်းပါးနေဟု ဆို

ရန်ကုန်စည်ပင်မှ ငှားရမ်းထားသော မြေနှင့်နေရာငှားရမ်းခများ အလွန်နည်းပါးနေဟု ဆို

ရန်ကုန်၊ဒီဇင်ဘာ၁၃ ။          ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း စည်ပင်သာယာရေးကော်မတီမှ မြေနှင့်အဆောက်အဦငှားရမ်းပေးထားမှုတွင် ငှားရမ်းခများမှာ အလွန်နည်းပါးနေသည်များတွေ့ရ၍ စီစစ်သင့်ကြောင်း ဒဂုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး (၂၃)ကြိမ်မြောက်၌ အကြံပြုပြောကြားခဲ့သည်။

မေးခွန်းများအပြီးတွင် ရန်ကုန်တိုင်းဒေသကြီး ၂၀၁၈ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆)လတာ အသုံးစရိတ်နှင့် ပတ်သတ်၍ လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးရာတွင် ယခုကဲ့သို့ တင်ပြခဲ့ခြင်း ဖြစ်သည်။

စည်ပင်သာယာရေးကော်မတီမှ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်းရှိ လုပ်ငန်းရှင်များသို့ နှစ်ရှည် ငှားရမ်းမှု များတွင် စုစုပေါင်း ၈၈.၀၄ ဧက ငှားရမ်းထားပြီး တစ်နှစ်လျှင် ကျပ်သိန်း၃၀၃၀ ဖြင့် ငှားရမ်းထားသည်။
သို့သော် အဆိုပါရငွေများထဲမှ ကောက်ခံနေသည့်နူန်းထားတချို့မှာ နှစ်ရှည်ငှားရမ်းမှုအတွက် နည်းပါး နေသေးသည်ဟု ဦးကျော်ဇေယျက ဆိုသည်။

ပြည်သူ့ဥယျာဉ်အတွင်း ဧက ရ၆.၃၆ ကို သဘာဝဥယျာဉ်ကမ္ဘာကုမ္ပဏီသို့ ၂၀၀၉ ခုနှစ်မှ ၂၀၃၄ ခုနှစ်အထိ တစ်နှစ်လျှင် ကျပ်သိန်း၂၅၀၀ဖြင့် စည်ပင်သာယာရေးကော်မတီမှ ငှားရမ်းပေးထားသည်။

"ကျွန်တော့်ရဲ့မဲဆန္ဒနယ်ဖြစ်တဲ့အတွက် စုံစမ်းကြည့်တဲ့အခါမှာ စားသောက်ဆိုင်တစ်ခုလျှင် ပေ ၆၀ ပတ်လည် ပေါ်မှာပြန်ပြီးတော့ကြည့်ရင် သဘာဝဥယျာဉ်ကမ္ဘာကငှားတဲ့အခါမှာ တစ်လကို သိန်း ၅၀ တိတိပေးရပါတယ်။ အဲဒီတော့ဒီအဆောက်အဦ ၄၊ ၅လုံးနဲ့ပဲ သူကျေသွားပြီ ။ ဒါလေးတွေဟာ မဖြစ်သင့်တဲ့ဟာလေးတွေပါ။ လွန်စွာနည်းနေပါသေးကြောင်း တင်ပြလိုပါတယ်"ဟု ဒဂုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။

ထို့အပြင် ရုပ်ရှင်ရုံ(၁၄)ရုံနှင့် ဆိုင်ခန်းများငှားခမှ တစ်လလျှင် (၁၃၅)သိန်းသာ ရရှိနေသည်ကိုတွေ့ရှိခဲ့ရပြီး လွှတ်တော်၌ မေးခွန်းမေးမြန်းခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သြဂုတ်လ(၃၀)ရက်နေ့တွင် ရုပ်ရှင်ရုံများကို တစ်လ(၂၄၁)သိန်းနှင့် ဆိုင်ခန်းများကို တစ်လ(၃၀.၅၃၁)သိန်းသို့ တိုးမြှင့်ခဲ့သည်။
ထို့အတွက် (၆)လလျှင် ကျပ်(၁၆၁.၉)သန်းရရှိသင့်ပြီး သာမန်ရငွေ၌ (၁၀၅.၈၁၉)သန်းဟု ဖော်ပြနေသဖြင့် (၅၇.၁)သန်းလျော့နည်းနေသည်ဟု ထောက်ပြပြောဆိုခဲ့သည်။

ရုပ်ရှင်ရုံများထဲ၌လည်း သမ္မတရုံမှ နာမည်ကြီးဇာတ်ကားတစ်ကားအတွက် တစ်ပတ်ကို သိန်း(၅၀၀)ရရှိပြီး တစ်လလျှင်အနည်းဆုံး သိန်း(၈၀၀)ရရှိနေသည်ကို တွေ့ရကြောင်း ဦးကျော်ဇေယျက ပြောသည်။

"သမ္မတရုံတစ်ရုံဟာ ဘယ်ကားဖြစ်ဖြစ်ည့ံတဲ့ကားဖြစ်ဖြစ်တင်လို့ရှိရင် သူ့အတွက်ကျန်တာ တစ်လကို သိန်း(၁၀၀၀)လောက်ကျန်မယ် ။ ဝန်ထမ်းခနဲ့ဝန်ဆောင်မှုခ သိန်း(၃၀၀)လောက်နုတ် သိန်း(၅၀၀)ကျန်တယ်။ သိန်း(၅၀၀)အသားတင်ကို ကျွန်တော်တို့ကိုပေးတော့ (၅၁)သိန်းပဲရမယ် ။ ဒါလေးကျပြန်လည်စီစစ်သင့်ပါတယ် အလွန်ပဲရင်နာစရာလည်းကောင်းပါတယ်"ဟု ဒဂုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။

မြောက်ဥက္ကလာရှိ မင်းရန်အောင်ရုပ်ရှင်ရုံနေရာ၌လည်း ရုပ်ရှင်ရုံမရှိတော့သော်လည်း ဆိုင်ခန်း(၆၇)ခန်းအတွက် တစ်လ ၄သိန်း ရသောင်းသာ ရရှိနေသည်။

သမ္မတ၊ ရှေ့ဆောင်၊ နေပြည်တော်ရုပ်ရှင်ရုံများရှိ ဆိုင်ခန်း(၃)ခုံမှလည်း သုံးခန်းပေါင်း တစ်လ ၁သိန်း ၃သောင်း ၄ထောင်ကျပ်ရရှိနေသည်။ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အတွက် ဝင်ငွေအများဆုံးကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ရရှိနေပြီး သုံးစွဲသည့်ငွေအများဆုံးမှာလည်း ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့်အဆိုပါစည်ပင်မှပင်ဖြစ်နေသည်ဟု ဒဂုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျမှ ဆိုသည်။

၂၀၁၅-၂၀၁၆ခုနှစ်ဘဏ္ဍာနှစ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သာမန်ရငွေကျပ်သန်း၂၁၁၂၄.၁၁၂ရရှိခဲ့ပြီး ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်တွင် ၁၉၃၅၃.၂၅၇သန်း၊ ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်၌ ၂၂၆၈၉.၁၁၅သန်းရရှိခဲ့သည်။

စည်ပင်သာယာရေးကော်မတီမှ ၄င်းသာမန်ရငွေများကို မြေနှင့်ဆိုင်ခန်းငှားရမ်းခ၊ အဆောက်အဦ၊ အနှေးယာဉ်၊ ယာဉ်ယန္တယားများနှင့် ကြေငြာဆိုင်းဘုတ်များငှားရမ်းခ စသည်တို့မှ ရရှိခဲ့ခြင်းဖြစ်သည်။

အခွန်ရငွေ ၁၆၅၉၆.၉၇၈ကျပ်သန်း၊ သာမန်ရငွေ ၁၃၀၃၀၃.၁၄၀ကျပ်သန်း၊ ငွေလုံးငွေရင်းရငွေ ၁၆၁၅၄.၇၅၈ကျပ်သန်း၊ ကြွေးမြှီရငွေ ၄၆၁၈၈.၀၈၉ကျပ်သန်း စုစုပေါင်းရငွေ ၂၁၂၂၄၂.၉၆၅ကျပ်သန်းဖြစ်သည်။

၄င်းတို့ထဲရှိ ရငွေစာရင်းတွင် ပြည်ထောင်စုမှအခွန်ဝစုခွဲဝေပေးသည့် ရငွေမှာ ၆၃၈၀၆.၀၀၆ကျပ်သန်းနှင့် တိုင်းဒေသကြီးလိုငွေအတွက် ပြည်ထောင်စုမှထောက်ပံ့ငွေ ၂၀၈၄၇.၆၇ကျပ်သန်းဖြစ်ပြီး စုစုပေါင်း ၈၄၆၅၃.၆၈၂ကျပ်သန်း ပါဝင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly