သတင်းထောက် ၂ ဦး သမာရိုးကျမဟုတ်သော ဖမ်းဆီးခံရခြင်းဟု အမေရိကန်သံရုံးထုတ်ပြန်

သတင်းထောက် ၂ ဦး သမာရိုးကျမဟုတ်သော ဖမ်းဆီးခံရခြင်းဟု အမေရိကန်သံရုံးထုတ်ပြန်

ဒီဇင်ဘာ ၁၃ ။            ။  မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေနှင့်အရေးယူခံရသော  ရန်ကုန်အခြေစိုက် ရိုက်တာသတင်းဌာနမှ သတင်းထောက် ၂ ဦးနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တွင် ရဲအရာရှိများနှင့် တွေ့ဆုံရန် ဖိတ်ကြားခံရပြီးနောက် သမားရိုးကျမဟုတ်သော ဖမ်းဆီးခြင်းခံရသည့်အကြောင်း ကြားသိရသည့်အတွက် အမေရိကန်သံရုံးအနေဖြင့်များစွာ စိုးရိမ်မကင်းဖြစ်မိကြောင်း ယနေ့ ဒီဇင်ဘာလ ၁၃ ရက် ပိုင်းတွင် အမေရိကန်သံရုံးမှ ထုတ်ပြန်လိုက်သည်။

ရန်ကုန်အခြေစိုက် ရိုက်တာသတင်းဌာနမှ ကိုဝလုံး (ခ) သက်ဦးမောင်မောင် နှင့် ကိုကျော်စိုးဦး (ခ) မိုးအောင် တို့ ၂ ဦးအား ထောက်ကြန့်နယ်မြေရဲစခန်း (ပ) ၁၂၉၈/၂၀၁၇၊ ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ-၃ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ၎င်းတို့နှင့်အတူ ဒုတိယရဲမှူး မိုးရန်နိုင် နှင့် ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့ ၂ ဦးအား အဆိုပါ ပုဒ်မနှင့် အရေးယူထားကြောင်း သတင်းနှင့်ပြန်ကြားရေး ဌာနမှ ထုတ်ပြန်ဖော်ပြထားသည်။

 “ ရိုက်တာသတင်းဌာနအတွက် သတင်းလိုက်ပေးသည့်သတင်းထောက်နှစ်ဦးသည် ယမန်နေ့ညက ရန်ကုန်မြို့တွင် ရဲအရာရှိများနှင့် တွေ့ဆုံရန် ဖိတ်ကြားခံရပြီးနောက် သမားရိုးကျမဟုတ်သော ဖမ်းဆီးခြင်းခံရသည့်အကြောင်း ကြားသိရသည့်အတွက် အမေရိကန်သံရုံးအနေဖြင့်များစွာ စိုးရိမ်မကင်း ဖြစ်မိပါသည်။ ဒီမိုကရေစီတစ်ရပ် အောင်မြင်စေရေးအတွက် သတင်းထောက်များအနေဖြင့် လွတ်လပ်စွာ သတင်းရယူရေးသားနိုင်ရန် လိုအပ်ပါသည်။ မြန်မာအစိုးရအနေဖြင့် ယခုဖမ်းဆီးမှုများအကြောင်း ရှင်းပြပေးရန်နှင့် (သက်ဆိုင်သူများကို) သတင်းထောက်များနှင့် တွေ့ဆုံခွင့်ပေးရန် မိမိတို့ တိုက်တွန်းပါသည်” ဟု အမေရိကန်သံရုံးမှ ထုတ်ပြန်သည်။

အဆိုပါ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ သည် ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်ပြီး “ စွပ်စွဲခံရသူက နိုင်ငံလုံခြံုရေးကို ဖြစ်စေ၊ အကျိုးကိုဖြစ်စေ ထိခိုက်စေရန် ရည်ရွယ်ချက်ကို ထင်ရှားအောင် သက်သေပြရန်မလို။ ထိုသို့ ထိခိုက်စေမည့်ပုံပေါ်လျှင် ထိခိုက်စေသည့်ရည်ရွယ်ချက်ဖြင့် ပြုလုပ်သည်ဟု မှတ်ယူနိုင်ပြီး ပြစ်မှုထင်ရှားစီရင်နိုင်သည် ” ဟု ပြစ်မှုဆိုင်ရာ အထူးဥပဒေများ အပိုင်း (၂ )၊ အခန်း (၆) တွင် ပုဒ်မ ၃ အတွက် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly