ဖိလစ်ပိုင်တောင်ပိုင်းကို မာရှယ်လော နောက်တစ်နှစ် ဆက်ထားရန် သမ္မတ ဒူတာတေး အခွင့်အာဏာ ထပ်ရ

ဖိလစ်ပိုင်တောင်ပိုင်းကို မာရှယ်လော နောက်တစ်နှစ် ဆက်ထားရန် သမ္မတ ဒူတာတေး အခွင့်အာဏာ ထပ်ရ

မနီလာ၊ ဒီဇင်ဘာ ၁၃ ။          ။ အာဏာရှင်စနစ် အမြစ်တွယ်လာမည်ဆိုသော တွေးကြောက်နေမှုများကို ဖိလစ်ပို်င်လွှတ်တော်က ဘေးချိတ်လိုက်ခြင်းအဖြစ်  သမ္မတ ဒူတာတေးအား နိုင်ငံတောင်ပိုင်းတွင် မာရှယ်လော ပြဌာန်းနိုင်ခွင့် အခွင့်အာဏာကို ဒီဇင်ဘာ ၁၃ ရက်က ခွင့်ပြုပေးလိုက်ပြီဖြစ်သည်။

တောင်ပိုင်း မန်ဒါနာအိုဒေသတွင် အစ္စလာမ္မစ်စစ်သွေးကြွများကို တိုက်ခိုက်ရေးအတွက် လာမည့်နှစ် ၂၀၁၈ ဒီဇင်ဘာ ၃၁ ရက်အထိ မာရှယ်လော ဆက်လက်ထားရှိရေးကို ဒူတာတေးက ပန်ကြားခဲ့ခြင်း ဖြစ်သည်။

မာရှယ်လောနှင့်အတူ သံသယရှိ သူပုန်များကို အစစ်အဆေးအမေးမြန်းမရှိ ဖမ်းဆီးနိုင်မည့် အခွင့်အာဏာကိုလည်း ဒူတာတေးအား ဆက်လက်ပေးအပ်ရန် အောက်လွှတ်တော်နှင့် အထက်လွှတ်တော်နှစ်ရပ်စလုံးက တစ်ခဲနက်အတည်ပြုလိုက်ခြင်းလည်း ဖြစ်သည်။

“မာရှယ်လော ထပ်တိုးသက်တမ်းနှင့် ရုပ်သိမ်းအမိန့်စာချွန်လွှာ ဆိုင်းငံ့ခြင်းတို့ကို ဒီကနေ့ အတည်ပြုလိုက်ပါတယ်။”ဟု လွှတ်တော်နှစ်ရပ် မဲပေးမှုတွင် ထောက်ခံမဲ ၂၄၀၊ ကန့်ကွက်မဲ ၂၇ မဲ ကြေညာနိုင်ပြီးနောက် လွှတ်တော်ဥက္ကဌဖြစ်သူ ပန်တေးအွန်က ပြောခဲ့သည်။

တောင်ပိုင်း မာရာဝီမြို့ကို အစ္စလာမ္မစ်စစ်သွေးကြွများ စီးနင်းသိမ်းပိုက်ပြီးနောက် ဒူတာတေးသည် မာရှယ်လောနှင့် ဖွဲ့စည်းပုံက အာမခံပေးထားသော ဝရမ်းမဲ့ ဖမ်းဆီးခွင့် မရှိခြင်းအား ဆိုင်းငံ့မိန့်တို့ကို မေလအတွင်းက ပြဌာန်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မာရှယ်လော ကနဦးကာလမှာ ဖွဲ့စည်းပုံအရ ရက် ၆၀ ကန့်သတ်ထားခြင်း ဖြစ်သည်။ သို့သော် စစ်သွေးကြွများက မာရာဝီမြို့အား အစ္စလာမ္မစ်နိုင်ငံတော်ပြုမည်ဟု စွဲဆိုလျက် ဒူူတာတေးသည် မြို့ပြန်လည်သိမ်းပိုက်နိုင်ရေး စီမံခန့်ခွဲနေရစဉ် မာရှယ်လောအား ၂၀၁၇ နှစ်ကုန်ရက်များအထိ ပြဌာန်းကျင့်သုံးနိုင်သည့် အခွင့်အာဏာကို ဇူလိုင်လအတွင်း လွှတ်တော်က ဒူတာတေးအား အတည်ပြု ပေးအပ်ခဲ့ထားခဲ့ခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly