ပန်ဆယ်လိုအား အမှုဖွင့်ထားခြင်းကို တိုင်ကြားသူက သတင်းစာရှင်းလင်းပွဲ လုပ်မည်

ပန်ဆယ်လိုအား အမှုဖွင့်ထားခြင်းကို တိုင်ကြားသူက သတင်းစာရှင်းလင်းပွဲ လုပ်မည်

ရန်ကုန် ဒီဇင်ဘာ ၁၃ ။           ။  လူမှုကွန်ရက်စာမျက်နှာတွင် လူသိများသည့် ပန်ဆယ်လို အကောင့်ပိုင်ရှင်ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အရေးယူပေးရန် တာမွေ မြို့မရဲစခန်းတွင် တိုင်ကြားခဲ့ပြီး၊ ယင်းကိစ္စနှင့် ပတ်သက်၍တိုင်ကြားသူဘက်က သတင်းစာရှင်းလင်းပွဲပြုလုပ်ရန် ရှိ ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်နေ့က ရဲစခန်းက အမှု လက်ခံခဲ့ပြီး၊ အချက် ၃ ချက်ဖြင့် တိုင်ကြားခဲ့သည် ဟု ပန်ဆယ်လိုအား အမှုဖွင့်တိုင်ကြားသူ ဦးမောင် မောင်တာက ယနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့က မဇ္ဈိမ သို့ ပြောသည်။

"၁၂ ရက်နေ့က အမှုဖွင့်လိုက်တာပါ၊ ရဲကလည်း လက်ခံထားပါတယ်၊ ကာကွယ်ရေးဦးစီးချုပ်၊ ဆရာတော် ဝီရသူနဲ့ ရမ္မာဝတီဆရာတော်ဦးဣန္ဒက ကိစ္စတွေနဲ့ ပတ်သက်ပြီး အမှုဖွင့်တာပါ၊ ၁၆ ရက် နေ့ကျရင် သင်္ဃန်းကျွန်းမြို့နယ်မှာ သတင်းစာရှင်း လင်းပွဲ လုပ်မယ်၊ အဲဒီကျရင် အကျယ်တဝင့် ရှင်း လင်းသွားမှာပါ" ဟု ဦးမောင်မောင်တာက ပြော သည်။

ဒေါ်အိမ့်ပိုးဥ (ခေါ်) ပန်ဆယ်လိုသည် ၂၈-၁၂- ၂ဝ၁၇ ရက်တွင် မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့ (လမင်းသာ-၂) စားသောက်ဆိုင်၌ သံဃာတစ်ပါး က ဆေးသောက်ရန်အတွက် ရေနွေးဝင်ရောက် တောင်းသည်ကို ဆိုင်ရှင်နှင့် အပေါင်းအပါးတို့က နှိပ်စက်ညှဉ်းပန်းမှုနှင့်ပတ်သက်၍ ဗုဒ္ဓဘာသာ သာသနာကို ပျက်စီးစေလိုသော၊ ဖျက်ဆီးလိုသော သဘောသက်ရောက်သည့်ရေးသားချက်များအား ၄င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား၍ နိုင်ငံတစ်ဝန်းရှိ ဗုဒ္ဓဘာသာဝင်များ စိတ်နှလုံးညှိုး နွမ်းစေရန် ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြပါရှိသည်။

လှိုင်သာယာမြို့နယ်နေသူ ဦးမောင်မောင်တာက ၄င်း၏ တိုင်ကြားစာတွင် ဆက်လက်၍ တိုင်ကြားခံရသူသည် ဗုဒ္ဓဘာသာ သာသနာ၏ သုတဗုဒ္ဓခေါ်ဆိုအပ်သော ဆရာတော် ဦးဝီရသူ(ခ)ဦးဝိစိတ္တ(ဘိဝံသ) အားလည်း ကြိမ်ဖန်များစွာ စော်ကားရေးသားခြင်းများရှိခဲ့ ကြောင်း၊ ထို့ပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်အား နိုင်ငံတကာမှ အကြည်အညိုပျက်လောက်သည်အထိ ရေးသား စော်ကားခဲ့ခြင်းများရှိခဲ့သည့်အတွက် အရေးယူ ဆောင်ရွက်ပေးရန် ဖော်ပြခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ တာမွေ မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ အမှုဖွင့်ထားသည်မှန်ကန် ကြောင်း၊ စုံစမ်းစစ်ဆေးမှုများယခုမပြုလုပ်ရသေး ကြောင်း တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။

အမှုဖွင့် တိုင်ကြားခံရမှုနှင့်ပတ်သက်၍ ပန်ဆယ်လို ကလည်း "ရင်ဆိုင်ဖို့ အဆင်သင့်ရှိပါတယ်၊ ကျွန်မ ရေးထားတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး ယုံ ကြည်မှု အပြည့်အဝရှိပါတယ်၊ ကျွန်မ ရေးတာနဲ့ ပတ်သက်ပြီး ဖြေရှင်းသွားဖို့ အဆင်သင့်ရှိပါတယ် ဟု ဒီဇင်ဘာလ ၁၂ နေ့ ညပိုင်းက သူမ၏ လူမှုကွန် ယက်စာမျက်နှာမှ Live လွှင့်၍ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly