ရွှေမန်းတောင်ဂေါက်ကွင်း အထပ်မြင့်ဟိုတယ်စီမံကိန်းမှာ ပတ်ဝန်းကျင်အား အနှောက်အယှက်မဖြစ်ဟု စီမံ/ဘဏ္ဍာဝန်ကြီးပြော

ရွှေမန်းတောင်ဂေါက်ကွင်း အထပ်မြင့်ဟိုတယ်စီမံကိန်းမှာ ပတ်ဝန်းကျင်အား အနှောက်အယှက်မဖြစ်ဟု စီမံ/ဘဏ္ဍာဝန်ကြီးပြော
 (ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)ရွှေမန်းတောင် ဂေါက်ကွင်းပုံ

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်အနီး ရွှေမန်းတောင်ဂေါက်ကွင်းအတွင်း တည်ဆောက် နေသည့် အထပ်မြင့် ဟိုတယ်စီမံကိန်းနှင့် ပတ်သက်ပြီး အဆိုပါနေရာသည် ရှေးဟောင်းနယ်မြေမဟုတ်ဘဲ သဘာဝပတ်ဝန်းကျင်အား အနှောက်အယှက်မဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံ/ဘဏ္ဍာဝန်ကြီး ဦးမြတ်သူက ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၁၃ ရက်၊နံနက် ၁၀ နာရီက ပြုလုပ်သည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး(သတ္တမနေ့)တွင် အောင်မြေသာစံမြို့နယ်၊မဲဆန္ဒနယ် အမှတ်(၁)မှလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညီမင်းဟန်၏ မေးမြန်းချက်အား ၀န်ကြီးက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

" အထပ်မြင့်ဟိုတယ်စီမံကိန်းနဲ့ ပတ်သက်ပြီး မြေတိုင်းတာမှုများလုပ်ရာမှာ မန္တလေးတောင်ရဲ့အမြင့်ဟာ ပင်လယ်ရေမျက်နှာပြင်ထက် ရ၇၇ပေရှိပါတယ်။ အခုဆောက်မယ့် ဟိုတယ်ဟာ ပင်လယ်ရေမျက်ပြင်ထက် ၃၀၂ပေသာရှိတာမို့လို့ မြင်ကွင်းထိခိုက်ပျက်စီးမှုမရှိပါဘူး။ အဲဒီနေရာသည် ရှေးဟောင်းသတ်မှတ်နယ်မြေတွင် မပါဝင်သလို၊ သဘာဝပတ်ဝန်းကျင်အဟန့်အတားနှင့်အနှောက်အယှက်မဖြစ်ပေါ်ပါဘူး။"ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံ/ဘဏ္ဍာဝန်ကြီး ဦးမြတ်သူက ပြောသည်။

မန္တလေးတောင်အနီး ရွှေမန်းတောင်ဂေါက်ကွင်းအတွင်း တည်ဆောက်နေသည့် အထပ်မြင့် ဟိုတယ် စီမံကိန်း အား ပြန်လည်စီစစ်၍ နိုင်ငံတကာ အဆင့်မီ အထပ်နိမ့်ဟိုတယ်စီမံကိန်း အဖြစ် ပြောင်းလဲဆောင်ရွက်ပေး နိုင်ရန်အတွက် အောင်မြေသာစံမြို့နယ်၊မဲဆန္ဒနယ် အမှတ်(၁)မှလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညီမင်းဟန်က ယနေ့ ဒီဇင်ဘာလ ၁၃ ရက်၊နံနက် ၁၀ နာရီက ပြုလုပ်သည့် ဒုတိယအကြိမ် မန္တလေးတိုင်း ဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး(သတ္တမနေ့)တွင် မေးမြန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အထပ်မြင့် ဟိုတယ် စီမံကိန်းမှာ ရ ထပ်အမြင့်ရှိ အဆောက်အဦ ဖြစ်ပြီး မန္တလေးတောင်အနီး တည်ရှိ နေသဖြင့် စီးပွားရေး လူမှုရေးဆန်သည့် အဆောက်အဦများ မဆောက်လုပ်ရန် တင်ပြခြင်း ဖြစ်သည်ဟု ဒေါက်တာညီမင်းဟန်ကပြောသည်။

"ယခုဆောက်လုပ်မည့် အောင်မြေသာစံမြို့နယ်၊ဥပုသ်တော်ရပ်ကွက်၊အကွက် ၄၁၆ ၊ဦးပိုင် ၃၃ မြေကွက်က ဒီခေတ်ကာလတော့ သာသနာ့မြေမဟုတ်တော့ပေမယ့်လည်း တောင်ပေါ်သာသနာ့နယ်မြေနှင့် ထိစပ်မှုတွေ ရှိနေပါတယ်။ ဆက်စပ်မှုတွေရှိနေပါတယ်။ ဘေးပတ်ဝန်းကျင်မှှာဆိုလိုရှိရင်လည်း ဘုန်းတော်ကြီးကျောင်းတွေ သာသနိက အဆောက်အဦတွေ သမိုင်းအမွေအနှစ်တွေရှိနေပါတယ်။ဒါကြောင့်မို့ မန္တလေးတောင်တော် သာသနာ့နယ်မြေနှင့်ထိစပ်နေတဲ့ ပတ်ဝန်းကျင်နေရာတွေမှာ အထပ်မြင့်အဆောက်အဦတွေ၊ ဟိုတယ် အဆောက်အဦတွေနဲ့ စီးပွားရေး လူမှုရေးဆန်သည့် အဆောက်အဦများ မဆောက်လုပ်ရန် လွှတ်တော်သို့ တင်ပြခြင်းဖြစ်သည်"ဟု ဒေါက်တာညီမင်းဟန်ကပြောသည်။

ဆက်လက်၍ ဒေါက်တာညီမင်းဟန်က"ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာ အဆင့်မီဟိုတယ်တစ်လုံး တည်ဆောက်မည်ဟုသာ သိရှိခဲ့ရပြီး ဘယ်လိုအဆောက်အဦး၊ ဘယ်လိုအမျိုးစားဖြစ်တယ်ဆိုတာကိုတော့ မသိရပါဘူး။ လွန်ခဲ့တဲ့ နှစ်လလောက်ကမှ မန္တလေးနေ့စဉ်သတင်းစာမှာ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာချက်ကို တွေ့ရှိမှသာ အထပ်မြင့် ရ ထပ်ရှိတဲ့ RC အဆောက်အအုံဆိုတာကို သိရှိခဲ့ရပါတယ်။"ဟု ဒေါက်တာ ညီမင်းဟန်က ပြောသည်။

ဆက်လက်၍ ၎င်းက " အခုလိုမျိုး အဆင့်မြင့် အထပ်မြင့်အဆောက်အဦတွေ ဆောက်လုပ်ခွင့်ပေးလိုက်မယ် ဆိုရင် အခြားလူတစ်ဦးကလည်း ဒီလိုမျိုးအဆောက်အဦ ဆက်လက်ပြီးတော့ အသီးသီးက ဆောက်လုပ် လာကြမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကြာလာသည်နှင့်အမျှ သာသနာ့နယ်မြေ၊ ရှေးဟောင်း အမွေအနှစ် နယ်မြေ တောင်တော်ကြီးအဖြစ်ကနေ နောက်ပိုင်း တောင်ပေါ်ရပ်ကွက်၊တောင်ပေါ်ရွာ ဖြစ်လာမှာကို စိုးရိမ်စရာ ကောင်းပါတယ်"ဟု ထပ်မံပြောသည်။

၎င်း အထပ်မြင့်ဟိုတယ်စီမံကိန်းအား တောင်တော်အုပ်ချုပ်ရေးဆရာတော်များ၊ အနီးပတ်ဝန်းကျင် ဘုန်းကြီးကျောင်းများမှ ဆရာတော်များနှင့်တောင်တော်ဂေါပကအဖွဲ့ကလည်း လက်မှတ်ထိုး ကန့်ကွက်လျှက် ရှိကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required