နယ်လိုင်စင်ကားများ အရည်ကြိုမပို့မီ ရန်ကုန်လိုင်စင်ပြောင်းကာ ၀င်ရောက်နေမှုကို တိုင်းအစိုးရ အရေးယူမည်

နယ်လိုင်စင်ကားများ အရည်ကြိုမပို့မီ ရန်ကုန်လိုင်စင်ပြောင်းကာ ၀င်ရောက်နေမှုကို တိုင်းအစိုးရ အရေးယူမည်

ရန်ကုန်၊ဒီဇင်ဘာ ၁၃ ။               ။ နယ်လိုင်စင်ကားများ အရည်ကြိုမပို့မီ ရန်ကုန်လိုင်စင်ပြောင်းကာ တရားမဝင် ၀င်ရောက်နေမှုကို စီစစ်အရေးယူ သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း လျှပ်စစ်၊စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာ ကျော်က ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး  ၂၃ ရက်မြောက် နေ့၌ ပြောကြားခဲ့သည်။

"နယ်အရည်ကျိုကားများအား ရန်ကုန်လိပ်စာဖြင့် စလစ်ထုတ်ပေးနေသဖြင့် နယ်ကားများရန်ကုန်သို့ တရားမဝင် ဝင်ရောက်နေသည့်ကိစ္စကို စီစစ်ပေးရန်" မင်္ဂလာတောင်ညွှန့်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်က မေးမြန်းခဲ့သည်။

အဆိုပါမေးမြန်းမြန်းမှုကို စီစစ်အရေးယူသွားမည်ဟု ရန်ကုန်တိုင်း လျှပ်စစ်၊စက်မှု လက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြန်လည်ဖြေကြားခဲ့သည်။

"တချို့တချို့သော ကိုယ်ကျိုးစီးပွားရှာလိုသူများက သူတို့အချင်းချင်း တိတ်တိတ်ဆိတ်ဆိတ် ပူးပေါင်းပြီးတော့ နယ်မှတ်ပုံတင်ကားကို အရည်ကြိုစက်ရုံသို့မပို့မှီ သက်ဆိုင်ရာပြည်တွင်းအခွန်ဦးစီးဌာနမှ ရန်ကုန်လိပ်စာသို့ အမည်ပြောင်းလဲလိုက်ပါတယ်။ နယ်ကညနမှာ ယာဉ်အိုယာဉ်ဟောင်းအပ်နှံတဲ့ပုံစံ(ယ)လျှောက်ထားတဲ့အခါမှ ရန်ကုန်လိပ်စာသို့ လျှောက်ထားကြောင်း သိရှိရပါတယ်။ ကညနမှလည်း အရည်ကြိုခွင့်ကို မြင်းခြံ အရည်ကြို စက်ရုံသို့ ရန်ကုန်လိပ်စာနဲ့အရည်ကြိုခွင့်ပြုလိုက်တဲ့အတွက်ကြောင့်မို့လို့ ကားတွေဟာ ရန်ကုန်လိပ်စာနဲ့ ပြန်ဝင်ရောက်လာပါတယ်"ဟု မင်္ဂလာတောင်ညွှန့်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က တင်ပြခဲ့သည်။

ကိုယ်ပိုင်မော်တော်ယာဉ်များတင်မကဘဲ တက္ကစီများပါ ရန်ကုန်သို့ ယခုနည်းလမ်းဖြင့်ဝင်ရောက်ရှိနေသည်ဟု ဦးရန်အောင်က ဆိုသည်။

"လွှတ်တော်ကိုယ်စားလှယ်ကြီးအမိန့် ရှိသလိုပဲ တခြားပြည်နယ်တိုင်းယာဉ်အိုယာဉ်ဟောင်းတွေအပ်နှံတာကို ရန်ကုန်တိုင်းလိပ်စာဖြင့်ထုတ်ယူနေကြောင်းကို စလစ်ထုတ်ယူနေသည့်အချို့သောကိစ္စရပ်တွေရှိနေတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့မေးခွန်းကို ရရှိပြီးတဲ့အချိန်ကစပြီးတော့ စီစစ်ဆောင်ရွက်လျက်ရှိပါတယ်"ဟု ဒေါ်နီလာကျော်က ပြောသည်။

ကားများအရည်ကြိုလက်ခံရာတွင် ပြည်ပမှတင်သွင်းလာသည့်ကားများနှင့် ပြည်တွင်းစက်မှုဇုန်ထုတ်ဟူ၍ နှစ်မျိုးရှိပြီး အရည်ကြိုသည့်နေရာမှာလည်း ရန်ကုန်လိပ်စာဖြင့်ကားများအား သီလဝါသို့အပ်နှံရပြီး နယ်လိုင်စင်ကားများမှာ မြင်းခြံအရည်ကြိုသို့ အပ်နှံရခြင်း ဖြစ်သည်။

ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် နယ်မှတ်ပုံတင်ကားများအား ရန်ကုန်မှတ်ပုံတင်အဖြစ် လိပ်စာပြောင်းလဲဆောင်ရွက်ပေးခြင်းကို ယခုနှစ် ၂၀၁၇ ဧပြီလမှစတင်ကာ ရပ်ဆိုင်းထားပြီးဖြစ်သည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရန်ကုန်မြို့ရှိ ၁၉၉၆ခုနှစ် ၁၉၉၇နှင့် ၁၉၉၈ခုနှစ် မော်လ်ဒယ်ဘတ်စ်ကားများကိုမူ နိုဝင်ဘာ၂၀ရက်နေ့နောက်ဆုံးထား အရည်ကြိုသို့အပ်နှံရန် လက်ခံနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required