အထည်ချုပ်လုပ်သားများ အခြေခံအချက်အလက် စစ်တမ်းကောက်လေ့လာမှု အစီရင်ခံစာထုတ်ပြန်

အထည်ချုပ်လုပ်သားများ အခြေခံအချက်အလက် စစ်တမ်းကောက်လေ့လာမှု အစီရင်ခံစာထုတ်ပြန်

ဒီဇင်ဘာ ၁၃ ။          ။ မြန်မာနိုင်ငံမှာရှိတဲ့ အထည်ချုပ်စက်ရုံက အလုပ်သမားတွေရဲ့ ဘဝကို အခြေခံစစ်တမ်း ကောက်ယူထားတဲ့ ရန်ကုန်မြို့ အထည်ချုပ်လုပ်ငန်းကဏ္ဍရှိ လုပ်သားများနှင့် ပတ်သက်သည့် အခြေခံအချက်အလက် စစ်တမ်းကောက်လေ့လာမှု ဆိုတဲ့ သုတေသနအစီရင်ခံစာ တစ်စောင်ကို ပညာအလင်းပွင့်မြန်မာ သုတေသနဖောင်ဒေးရှင်း အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်၊

ဒီသုတေသန အစီရင်ခံစာနဲ့ ပတ်သက်ပြီးတော့ အလုပ်ရုံဆွေးနွေးပွဲကိုတော့ ဒီဇင်ဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့ Green Hill ဟိုတယ်မှာ ပြုလုပ်ခဲ့တာလည် ဖြစ်ပါတယ်။
ဒီစစ်တမ်းထဲမှာ ပါဝင်တဲ့ အကြောင်းအရာတွေကိုတော့ ပညာအလင်းပွင့်မြန်မာသုတေသနဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက အခုလို ပြောပြခဲ့ပါတယ်။

" ဒီအခြေခံစစ်တမ်းထဲမှာ ဘာတွေပါလဲဆိုတော့ သူတို့ရဲ့ အသက်အရွယ် ကျားမ ဘယ်နေရာကနေ ရွှေ့ပြောင်းလာတာလဲ၊ နောက်တစ်ခုက သူတို့ ဘယ်လိုအလုပ်ရရှိခဲ့သလဲ လက်ရှိရရှိတဲ့ လခတွေ အသုံးငွေတွေ စုဆောင်းငွေတွေ စတာရယ်၊ နောက်တစ်ပိုင်းက သူတို့ သမဂ္ဂတွေနဲ့ ချိတ်ဆက်နေတဲ့ အနေအထားပေါ့နော်၊ နောက်တစ်ခုက မိုဘိုင်းနည်းပညာကို သူတို့ချိတ်ဆက်နိုင်ဖို့ အသုံးပြုနိုင်ဖို့ ဘယ်လိုအနေအထား ရှိတယ် ဆိုတာကို လေ့လာပါတယ် "လို့ မအေးလဲ့ထွန်း ( ပညာအလင်းပွင့် မြန်မာသုတေသန ဖောင်ဒေးရှင်း၊ ကျားမရေးရာ ပရိုဂရမ်မန်နေဂျာ)က ပြောပါတယ်။

ဒီသုသေတန စစ်တမ်းနဲ့ ပတ်သက်ပြီးတော့ အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်လာတဲ့ အလုပ်သမား အချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့က မခခကတော့ သုတေသနစစ်တမ်းအပေါ်မှာ သူရဲ့အမြင်ကိုလည်း အခုလို ထောက်ပြသွားပါတယ်။

" ဒီနေ့ Research မှာကျတော့ ကျွန်မမြင်မိတာလေးက သူတို့အနေနဲ့ နည်းပညာ အချက်အလက် ကောက်ယူမှုဆိုင်ရာမှာ အရမ်းအားကောင်းတယ်၊ ဒါပေမယ့် ကျွန်မတို့က ဘာတွေ လိုအပ်နေလဲဆိုတော့ သူတို့က အခြေခံစစ်တမ်းကောက်ယူမှုလို့ ပြောရင် အလုပ်သမားတွေနဲ့ သက်ဆိုင်တဲ့ တကယ့်အခြေခံစစ်တမ်းတွေကို ကောက်ယူရမှာ အခုကကျတော့ အလုပ်သမားတွေရဲ့ အပေါ်ယံအလွှာ စစ်တမ်းကောက်ယူမှု အခြေအနေပဲ ဖြစ်နေတယ်ဆိုတာတော့ ကျွန်မ ခုနတုန်းကလည်း အပြုသဘောဆောင် ပြောသွားတယ်ပေါ့နော် "လို့ အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့မှ မခခက ပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ အထည်ချုပ်ကဏ္ဍဟာ အလုပ်သမား ၃ သိန်းကျော်ကို အလုပ်ပေးနိုင်တဲ့ ကဏ္ဍတစ်ခု ဖြစ်နေပြီး အမျိုးသမီး ၉၄ ရာခိုင်နှုန်း ဝင်ရောက်လုပ်ကိုင်နေတဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်၊ အမျိုးသမီးတွေ အများဆုံးလုပ်ကိုင်နေတဲ့ အထည်ချုပ်လုပ်ငန်းတွေမှာ လုပ်ခလစာ ပြဿနာ၊ အလုပ်ချိန်များနေတဲ့ ပြဿနာ၊ လုံခြံုရေး ပြသနာ၊ ကျန်းမာရေးပြဿနာ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာ စတာတွေကို အများဆုံး ကြံုတွေ့နေရပြီး အကျိုးခံစားခွင့်တွေ နည်းပါးတယ်လို့ ပညာအလင်းပွင့်မြန်မာသုတေသန ဖောင်ဒေးရှင်းမှ ကျားမရေးရာ ပရိုဂရမ် မန်နေဂျာက သုံးသပ်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly