အယ်လ်ဘားမားပြည်နယ် အမတ်နေရာ ရွေးကောက်ပွဲ ဒီမိုကရက်တစ်ကိုယ်စားလှယ် အနိုင်ရမှု ထရမ့်အတွက် ထိုးနှက်ချက် ဖြစ်လာ

အယ်လ်ဘားမားပြည်နယ် အမတ်နေရာ ရွေးကောက်ပွဲ ဒီမိုကရက်တစ်ကိုယ်စားလှယ် အနိုင်ရမှု ထရမ့်အတွက် ထိုးနှက်ချက် ဖြစ်လာ

ဒီဇင်ဘာ ၁၃ ။            ။ အမေရိကန်နိုင်ငံ အယ်လ်ဘားမားပြည်နယ်က အထက်လွှတ်တော် အမတ်တစ်နေရာ ရွေးကောက်ပွဲမှာတော့ ဒီမိုကရက်တစ် ကိုယ်စားလှယ် ဒေါင် ဂျံုးစ်က ပြိုင်ဘက် ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်ကို ကျော်ဖြတ်အနိုင်ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရတဲ့ ယင်း ဆိနိတ်အမတ်နေရာ ရွေးကောက်ပွဲမှာတော့ ဒီမိုကရက်တစ်ဘက်က ကိုယ်စားလှယ် ဂျုံးစ် က သမ္မတ ထရမ့် ထောက်ခံထားတဲ့ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် ရွိုင်း မိုးအပေါ် အနိုင်ရသွားခဲ့ပါတယ်။

ကွန်ဆာတေးဗစ်တွေ လွှမ်းမိုးထားတဲ့ ယင်းပြည်နယ်မှာ ယခုလို ဒီမိုကရက်တစ်ဘက်က အနိုင်ရသွားခဲ့မှုက ယခုအခါ သမ္မတ ဒေါ်နယ်ထရမ့်အတွက်ကတော့ ဆိုးရွားတဲ့ ထိုးနှက်ချက်တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

 ရီပတ်ဘလစ်ကန်ဘက်က ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ် ရွိုင်း မိုးကတော့ ယခု ရွေးကောက်ပွဲ မတိုင်ခင် လိင်ပိုင်းဆိုင်ရာ မတော်တလျော်ကျူးလွန်မှုတွေရှိထားတယ်ဆိုတဲ့ စွဲချက်တွေနဲ့ ရင်ဆိုင်ထားခဲ့ရပေမယ့် သမ္မတ ထရမ့်ရဲ့ ထောက်ခံမှုကိုအပြည့်အဝ ရထားခဲ့သူလည်း ဖြစ်ပါတယ်။

မဲရေတွက်မှု ၉၉ ရာခိုင်နှုန်း အပြီးမှာတော့ ဂျုံးစ်က မဲရာခိုင်နှုန်း ၅၀ ဒသမ ၀ ရာခိုင်နှုန်းရပြီး တစ်ဘက်မှာ မိုးကတော့ ၄၈ ဒသမ ၄  ရာခိုင်နှုန်းပဲ ရခဲ့တယ်လို့ သိရပါတယ်။

ယခင် အယ်လ်ဘားမား အထက်လွှတ်တော် အမတ်ဖြစ်တဲ့ ဂျက်ဖ် ဆက်ရှင် ရှေ့နေချုပ် ဖြစ်သွားတဲ့နောက် လစ်လပ်နေတဲ့ နေရာကို ပြည်နယ်မဲဆန္ဒရှင်တွေက ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။

ယခုလို အယ်လ်ဘားမား  အထက်လွှတ်တော်အမတ်ရွေးကောက်ပွဲမှာ  အနိုင်ရသွားခဲ့တဲ့ ဒီမိုကရက်တစ်ကိုယ်စားလှယ် ဂျံုးစ်ကို ထရမ့်က ဂုဏ်ပြုစကား ဆိုပေးသွားခဲ့ပါတယ်။

ယခုလို ဒီမိုကရက်တစ်ဘက်က အနိုင်ရသွားခဲ့ခြင်းနဲ့အတူ ဆိနိတ်လွှတ်တော်မှာ ရီပတ်ဘလစ်ကန်ဘက်က ၅၁ ဦး၊ ဒီမိုကရက်တစ်ဘက်က ၄၉ ရှိသွားပြီ ဖြစ်တာကြောင့် ရီပတ်ဘလစ်ကန်တွေရဲ့ အသာရမှုက ကျဉ်းမြောင်းသွားခဲ့ပြီ ဖြစ်သလို ထရမ့်အတွက်လည်း ပိုမိုအကျပ်ရိုက်သွားစေခဲ့ပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required