မြောက်ကိုရီးယားတို့နှင့်ဆွေးနွေးရန် အမေရိကန်ဘက်မှအသင့်ဟု တေလာဆန်ပြောကြား

မြောက်ကိုရီးယားတို့နှင့်ဆွေးနွေးရန် အမေရိကန်ဘက်မှအသင့်ဟု တေလာဆန်ပြောကြား

 

၀ါရှင်တန်၊ အမေရိကန်၊ ဒီဇင်ဘာ ၁၃ ။                          ။ မြောက်ကိုရီးယားတို့၏ နျူကလီးယားလက်နက်ဖျက်သိမ်းရေးအတွက် ကြိုတင်သတ်မှတ်ချက်များမရှိပဲ ဆွေးနွေးမှုများစတင်ရန် အမေရိကန်ပြည်ထောင်စုဘက်မှ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်က အင်္ဂါနေ့၌ ပြောကြားခဲ့သည်။

“ကြိုတင်သတ်မှတ်ချက်တွေမပါပဲနဲ့ ပထမဦးဆုံးအစည်းအဝေးပြုလုပ်ဖို့ ကျနော်တို့အဆင်သင့်ဖြစ်နေပါပြီ” ဟု တေလာဆန်က ၀ါရှင်တန်၌ကျင်းပသည့် အတ္တလန်တိတ်ကောင်စီပေါ်လစီဖိုရမ်၌ ပြောကြားခဲ့သည်။

“ဒီအတိုင်းပဲတွေ့ဆုံပြီး ရာသီဥတုအကြောင်းတို့ဘာတို့ ခင်ဗျားတို့ပြောချင်မယ်ဆိုရင် ပြောကြည့်ရအောင်။ ခင်ဗျားတို့ဆန္ဒရှိမယ်ဆိုရင် လေးထောင့်စားပွဲနဲ့ပဲဖြစ်ဖြစ်၊ စားပွဲဝိုင်းနဲ့ပဲဖြစ်ဖြစ်   ဆွေးနွေးပွဲပြုလုပ်လို့ရပါတယ်။ အနည်းဆုံးတော့ ကျနော်တို့ မျက်နှာချင်းဆိုင် ထိုင်ပြီးဆွေးနွေးဖြစ်ဖို့လိုပါတယ်။ အဲ့ဒီနောက်မှာတော့ ကျနော်တို့ ရှေ့ဆက်လုပ်ဆောင်သွားဖို့ လမ်းပြမြေပုံတစ်ခု ရေးဆွဲရပါမယ်” ဟု တေလာဆန်က ပြောခဲ့သည်။

အမေရိကန်တာဝန်ရှိသူများက ကင်ဂျံုအမ်းအစိုးရအနေဖြင့် ၄င်းတို့၏လက်နက်တိုက်ကို စွန့်လွှတ်ပစ်ရမည်ဟု တစ်လျှောက်လုံးတောင်းဆိုနေခဲ့ပြီးနောက်တွင် တေလာဆန်၏ယခုလိုပြောဆိုမှုကို ကြည့်ချင်းအားဖြင့် အမေရိကန်တို့၏ရပ်တည်ချက်သည် ပျော့ပြောင်းလာပုံရကြောင်း သိရသည်။

ယင်းသို့ပြောဆိုနေသော်လည်း တေလာဆန်က အမေရိကန်ဦးဆောင်ပြီး မြောက်ကိုရီးယားအပေါ် စီးပွားရေး အရနှင့် သံတမန်ရေးအရ ဒဏ်ခတ်ပိတ်ဆို့မည့်အစီအစဉ်ကို ဆက်လက်အကောင်ထည်ဖော်သွားမည်ဟု အခိုင်အမာပြောဆိုခဲ့သည်။

၀ါရှင်တန်အစိုးရသည် နျူကလီးယားလက်နက်ပိုင်ဆိုင်ထားသည့် မြောက်ကိုရီးယားတို့ကို လက်မခံနိုင်ကြောင်း နှင့် ၄င်းတို့၏နျူကလီးယားလက်နက်များ အမေရိကန်ကမ်းရိုးတန်းအထိရောက်မလာနိုင်မှာ သေချာအောင် သမ္မတဒေါ်နယ်ထရမ့်က ဆောင်ရွက်သွားလိုကြောင်း တေလာဆန်က ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required