ယခင်စာပေညီလာခံနှင့် လွတ်လပ်မှုခြင်း များစွာကွာခြားသည်ဟု ပြန်ကြားရေးဝန်ကြီး ပြော

ယခင်စာပေညီလာခံနှင့် လွတ်လပ်မှုခြင်း များစွာကွာခြားသည်ဟု ပြန်ကြားရေးဝန်ကြီး ပြော

ရန်ကုန် ဒီဇင်ဘာ ၁၂ ။           ။ ၂၀၁၇ စာပေညီလာခံသည် ၁၉၆၂ ခုနှစ်က ကျင်းပခဲ့သည့် တစ်ပါတီစနစ်ဖြင့်အုပ်ချုပ်ရန်ပြင်ဆင်နေသည့် အစိုးရလက်ထက်က ညီလာခံနှင့်ကွာခြားပြီး စာပေသမားများ လွတ်လပ်စွာကျင်းပခွင့်ရသည့် ညီလာခံ ဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားသည်။

ယနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့၊ ညနေပိုင်းက ရန်ကုန် မြို့၊ မြို့တော်ခန်းမရှေ့တွင် စတင်ဖွင့်လှစ်ခဲ့သည့် ၂၀၁၇ စာပေညီလာခံဖွင့်ပွဲအခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

"၁၉၆၂ ညီလာခံသည် တိုင်းပြည်ကို တစ်ပါတီစနစ် နဲ့အုပ်ချုပ်ဖို့ ပြင်ဆင်နေတဲ့ အစိုးရ တစ်ရပ်အောက်မှာ စီစဉ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်၊ အဲဒီတုန်းက အစိုးရအနေနဲ့ တိုင်းပြည်မှာရှိတဲ့ လယ်သမား၊ အလုပ်သမား၊ အနုပညာရှင်၊ အတတ်ပညာရှင် စတဲ့ အင်အားစုအသီးသီးကို ကိုယ်စားပြုတဲ့ လူထု လူတန်းစားအဖွဲ့အစည်းတွေ တစ်ခုချင်းဆီကို မိမိရဲ့ အောက်မှာ စုရုံးဖွဲ့စည်းဖို့ ရည်ရွယ်ဆောင်ရွက်တဲ့ နေရာမှာ ကနဦး အစီစဉ်တစ်ရပ်အနေ နဲ့ အဲဒီအချိန် က စာပေညီလာခံကို ကျင်းပခဲ့တာဖြစ်ပါတယ်၊ ဒီကနေ့ ၂၀၁၇ ညီလာခံကတော့ လွတ်လပ်သော စာပေ၊ လွတ်လပ်သောအသံဆိုတဲ့ဆောင်ပုဒ်နဲ့ အညီ လွတ်လပ်စွာ စာပေသမားများကိုယ်တိုင် ဦးစီးပြီး ကျင်းပ တဲ့ ညီလာခံဖြစ်တယ်ဆိုတာကို အလေးအနက် ကျွန်တော်ပြောချင်ပါတယ်" ဟု ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်က ပြောသည်။

ထို့ပြင် အာဏာရှင်စနစ်အောက်မှ ဒီမိုကရေစီနိုင်ငံ တစ်ခု ပြောင်းလဲကြိုးပမ်းခဲ့မှုသမိုင်းတွင် စာပေ သမိုင်းသည်လည်း ကဏ္ဍတစ်ခုအဖြစ်ပါဝင်ခဲ့သည် ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းကလည်း ပြောကြားခဲ့သည်။

"ကျွန်တော်တို့နိုင်ငံဟာ အာဏာရှင်စနစ်အောက်က နေ ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်ဖို့အတွက် ရုန်းကန် ကြိုးပမ်းခဲ့မှုမှာ ဒီသမိုင်းနဲ့အတူ စာပေသမိုင်းဟာ လည်း တည်ရှိခဲ့တာဖြစ်ပါတယ်၊ စာပေဟာ လူ့ဘဝ ကို အများကြီးပြောင်းလဲစေနိုင်ခဲ့ပါတယ်၊ စာပေ အက္ခရာတွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ သမိုင်းကြောင်း တွေကို ပေါ်ထွန်းနိုင်သလို ဒီအက္ခရာတွေရဲ့ ပညတ် တွေ၊ ပရမတ်တွေဟာ အလွန်အင်မတန်ကျယ်ဝန်း ပါတယ်" ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

၂၀၁၇ စာပေညီလာခံဖွင့်ပွဲအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လည်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။

ယင်း စာပေညီလာခံကို မြန်မာနိုင်ငံရှိ စာပေအဖွဲ့အစည်း ၁၁ ခုတို့ ပူးပေါင်း၍ ကျင်းပခြင်းဖြစ်ပြီး၊ ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ Myanmar Convention Center တွင် ဒီဇင်ဘာလ ၁၃ ၊ ၁၄ ၊ ၁၅ ရက်နေ့များတွင် ဆွေးနွေးပွဲ များ ဆက်တိုက် ကျင်းပပြုလုပ်သွား မည်ဖြစ်သည်။ ဖွင့်ပွဲမတိုင်မီ ဒီဇင်ဘာလ ၈ ရက်မှ ယနေ့ ဒီဇင်ဘာ ၁၂ ရက်အထိလည်း စာပေ ညီလာခံလှုံ့ဆော်ရေး လှုပ်ရှားမှုများပြုလုပ်ခဲ့သည်။

ယင်းစာပေညီလာခံတွင် အမျိုးသားစာပေဆုရွေး ချယ်ရေးစနစ်နှင့် ပုံစံတိုးတက်ရေးဆိုင်ရာများ၊ ရသ စာပေ ပေါ်ထွန်းရေးအတွက် ဆောင်ရွက်မည့် အကြောင်းအရာများ၊ နေရာအခက်အခဲများနှင့် ရင်ဆိုင်နေရသည့် စာအုပ်ဆိုင်ကိစ္စများ၊ ထုတ်ဝေပြီး စာအုပ်များ နေရာအနှံ့ သယ်ယူပို့ဆောင်စရိတ် လျှော့ချပေးရေး ဆိုင်ရာများကိုလည်း ဆွေးနွေးသွား မည်ဖြစ်သည်။

ညီလာခံ ဆွေးနွေးပွဲမှ ရလဒ်များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတို့ကို တင်ပြသွားမည် ဖြစ် ကြောင်း သိရသည်။

၂၀၁၇ စာပေညီလာခံဖွင့်ပွဲအခမ်းအနားကို ပြန်ကြားရေးပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် စာပေ အနုပညာရှင်များ တက်ရောက်ခဲ့ကြသည်။

အမျိုးသားစာပေညီလာခံကို ၁၉၆၂ ခုနှစ်က နောက် ဆုံးကျင်းပခဲ့ပြီးနောက် ယခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရလက်ထက်တွင် မြန်မာ နိုင်ငံက စာပေအဖွဲ့အစည်း (၁၀)ဖွဲ့က ကျပ်သိန်း ၂၀၀၀ အကုန်ကျ ခံ၍ နှစ်ပေါင်း (၅၅)နှစ်အကြာ ပထမဆုံး ပြန်လည်ပြုလုပ်ခွင့်ရခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly