ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် မူဝါဒအကြံပြုချက်စာအုပ် ထပ်မံထုတ်ဝေ

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် မူဝါဒအကြံပြုချက်စာအုပ် ထပ်မံထုတ်ဝေ

ရန်ကုန်၊ဒီဇင်ဘာ၁၂  ။                     ။ ၂၁ ရာစု ပင်လုံညီလာခံနှင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေးနိုင်ရန် ဖက်ဒရယ်် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံသင့်သောကဏ္ဍများအား မူဝါဒအလိုက် အကြံပြုထားသည့်စာအုပ်အား ဒုတိယအကြိမ် ထုတ်ဝေခဲ့ကြောင်း စည်းလုံးညီညွှတ်သော တိုင်းရင်းသား လူမျိုးများမဟာမိတ် (UNA) ၏ အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းညွှန့်လွင်က ပြောသည်။

"ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံသင့်သောကဏ္ဍအလိုက် မူဝါဒ အကြံပြုချက်များ" စာအုပ်မိတ်ဆက်ပွဲကို ယနေ့ ဒီဇင်ဘာလ ၁၂ရက် ရန်ကုန်မြို့ Green Hill ဟိုတယ်၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

"ဒီနေ့ မြန်မာနိုင်ငံမှာဆိုရင် အားလုံးလည်းသိကြတဲ့အတိုင်းပဲ။ မူဝါဒနဲ့ပတ်သက်လာလို့ရှိရင် အားနည်းချက်တွေ အများကြီးရှိပါတယ်။ တော်တော်လေးလည်း အားနည်းပါတယ်။ ဒါတွေကို အမျိုးသားအဆင့်ညီလာခံတွေမှာ ထည့်သွင်းစဉ်းစားပြီးတော့ ကောင်းမွန်တိကျတဲ့အဖြေ မြန်မာနိုင်ငံအတွက်အကျိုးရှိမယ့်အဖြေ မူဝါဒတွေ ဖြစ်လာနိုင်အောင် အထောက်အကူပြု ကြိုးစားခြင်းဖြစ်ပါတယ်"ဟု  စိုင်းညွှန့်လွင်က ဆိုသည်။

နိုင်ငံရေးအဖွဲ့အစည်း၊ အစိုးရအဖွဲ့အစည်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ မူဝါဒရေးဆွဲ တင်ပြရာ တွင် သုတေသနလုပ်ဆောင်ရန်၊ ကွင်းဆင်းလေ့လာရန် အချိန်အကုန်မခံနိုင်သည့်အတွက် ယခုကဲ့သို့ စာအုပ် ထုတ်ဝေပေးထားခြင်းဖြစ်သည်ဟု သိရသည်။

"ဖက်ဒရယ် ဖက်ဒရယ်ဆိုပြီးတော့ပြောရင် ယေဘုယျဆန်လွန်းတယ်။ ဘယ်ဟာက အာဏာခွဲဝေမှု Defection Of Power ဘယ်အာဏာကို ပြည်နယ်မှာ ထားမလဲ၊ ဘယ်အာဏာကို ဗဟို ဒါမှမဟုတ် ပြည်နယ်မှာ ထားမလဲဆိုတာဟာ Substance ဘယ်ဟာလဲ။ အဲဒါက ပြောဖို့လိုတယ်။ အဲဒီလိုပြောမှပဲ နိုင်ငံရေးဆွေးနွေးပွဲက ရှေ့တိုးလို့ရမယ်။ အဲဒီလိုပဲ သုံးသပ်ပါတယ်" ဟု တိုင်းရင်းသားလူမျိုးများရေးရာစင်တာ၏ အလုပ်အမှုဆောင်ဒါရိုက်တာ ဇိုသုန်းမှုန်က ပြောသည်။

၄င်းဖက်ဒရယ်မူကြမ်း အကြံပြုချက်စာအုပ်အား ၂၀၁၅ ခုနှစ်မှစတင်ကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လူထုအခြေပြအဖွဲ့အစည်းများ၊ အခြေခံ လူတန်းစား ကိုယ်စား ပါဝင်သူများဖြင့် ကွင်းဆင်း ဆွေးနွေးကာ နှစ်နှစ်ကြာ အချိန်ယူလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဒုတိယအကြိမ်တွင် ကဏ္ဍ ၁၁ ခုပါဝင်လာပြီး ပထမအကြိမ်၌ ကဏ္ဍ ၉ ခုအတွက် ထုတ်ဝေထားခြင်းဖြစ်သည်။

အဆိုပါစာအုပ်၌ စိုက်ပျိုးရေး၊ ပညာရေး၊ ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများနျင့်ဒုက္ခသည်များ၊ ကျန်းမာ ရေး၊ လူသားခြင်းစာနာထောက်ထားရေး၊ မြေယာ၊ သဘာဝသယံဇာတ၊ အခွန်ကောက်ခြင်း၊ ကုန်သွယ်ရေး နှင့်ရင်းနှီးမြှုပ်နှံမှု၊ သစ်တောနှင့်ပတ်ဝန်းကျင်၊ စွမ်းအင် စသည့် ကဏ္ဍ ၁၁ ခုအတွက် အကြံပြုမူဝါဒများကို ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required