ဆားဝက်ခြံကို ဘယ်လိုဖယ်ရှားမလဲ

ဆားဝက်ခြံကို ဘယ်လိုဖယ်ရှားမလဲ

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

ဆားဝက်ခြံတွေက တော်တေ်ာလေးကိုအလှပျက်စေတဲ့အရာတစ်ခုလို့ဆိုလို့ရပါတယ်။မျက်နှာပေါ်မှာဆားဝက်ခြံတွေရှိနေရင် စိတ်ကသိကအောင့်ဖြစ်သလို အသားကိုယားယံတာမျိုးလည်းဖြစ်စေနိုင်ပါတယ်။ ဆားဝက်ခြံက အမျိုးသားရော အမျိုးသမီးတွေမှာပါဖြစ်တတ်ပါတယ်။ ဒီတစ်ခေါက်ကတော့ ဆားဝက်ခြံ ဘယ်လိုဖြစ်လာတာလဲဆိုတာကနေ စလို့ ဘယ်လိုလုပ်ရင် သက်သာစေမလဲဆိုတာအထိ ဖတ်မိသမျှကို ပြန်လည်ဝေမျှပေးချင်ပါတယ်။

ဆားဝက်ခြံဆိုတာ

နားလည်အလွယ်ဆုံးဖြစ်အောင်ပြောပြရရင် ဆားဝက်ခြံဆိုတာက မျက်နှာပေါ်က ချွေးပေါက်တွေထဲမှာ အဆီပိုတွေနဲ့ မျက်နှာအရေပြားပေါ်က ဆဲလ်သေတွေ ပိတ်ဆို့ရာကနေဖြစ်လာတဲ့အရာတွေပါ။ ဆားဝက်ခြံကလည်း ဝက်ခြံအမျိုးအစားတစ်ခုပါပဲ။ များသောအားဖြင့်ကတော့ မျက်နှာမှာအဖြစ်များပါတယ်။ ကျော၊ ရင်ဘတ် နဲ့ ပုခုံးတွေမျာလည်း ဆားဝက်ခြံတွေဖြစ်တတ်ပါတယ်။ တချို့ဆိုရင် နားတွေထဲမှာတောင်ဖြစ်တာမျိုးတွေ့ဖူးပါတယ်။

ဆားဝက်ခြံက ဘာလို့အနက်ရောင်ဖြစ်နေရတာလဲ

ညစ်ပတ်ဖုန်မှုန့်တွေနဲ့ အဆီတွေထိတွေ့တာကြောင့် အနက်ရောင်ဖြစ်သွားတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ မဟုတ်ပါဘူး။ အရေပြားအတွင်းပိုင်းက အဆီနဲ့ ပြင်ပလေထုထဲက အောက်ဆီဂျင်တို့ထိတွေ့မိတာကြောင့် အနက်ရောင်အဖြစ်ပြောင်းလဲသွားတာပါ။

ဘယ်သူတွေမှာ ဆားဝက်ခြံဖြစ်နိုင်သလဲ

ဆယ်ကျော်သက်တွေမှာ အဖြစ်များပါတယ်။ အရွယ်ရောက်ပြီးသူတွေမှာလည်း ဆားဝက်ခြံတွေဖြစ်တတ်ပါတယ်။ ဆယ်ကျော်သက်တွေရဲ့ မျက်နှာပြင်ပေါ်မှာတော့ ဆားဝက်ခြံက အဖြစ်အများဆုံးပါပဲ။ နဖူးနဲ့ နဖူးတဝိုက်မှာပိုအဖြစ်များပါတယ်။

ဆားဝက်ခြံမဖြစ်အောင်ဘယ်လိုကာကွယ်မလဲ

အဆီများတဲ ့အသားအရေ ထိန်းသိမ်းမှုပစ္စည်းတွေကိုရှောင်ရှားပေးပါ။ ရေကိုအခြေခံပြီးထုတ်ထားတဲ့ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေကိုပဲ အဓိကထားရွေးချယ်ပေးပါ။ မိတ်ကပ်လိမ်းတတ်တဲ့သူတွေဆိုရင်လည်း အစိုဓာတ်ထိန်းခရင်မ်ပါပြီးသား မိတ်ကပ်ကိုရွေး ချယ်ပါ။ ဒီလိုလုပ်တာက မျက်နှာပေါ်က ဆားဝက်ခြံတွေရော အခြားသောဝက်ခြံတွေကိုပါ သက်သာစေပါလိမ့်မယ်။

ဆားဝက်ခြံတွေက သန့်ရှင်းမှုအားနည်းလိုပဖြစ်တာမျိုးမဟုတ်ပေမယ့်လည်း မျက်နှာကို သန့်စင်အောင်ထားပေးမယ်ဆိုရင် ဆားဝက်ခြံဖြစ်တာကို သက်သာစေမှာပါ။ ဆားဝက်ခြံရှိနေတဲ့ နေရာတွေကို ဆပ်ပြာအပျော့စားလေးသုံးပြီး တစ်နေ့ကို နှစ်ကြိမ်သန့်စင်ပေးပါ။ ဆားဝက်ခြံရှိတဲ့ နေရာတွေကို ကြမ်းကြမ်းတမ်းတမ်း မပွတ်တိုက်ပါနဲ့ အရေပြားကျိန်းစပ်တာမျိုးဖြစ်တတ်လို့ပါ။

နောက်ထပ် ဆားဝက်ခြံပျောက်အောင်လုပ်ရမှာတစ်ခုက မျက်နှာကို တစ်ပတ်ကို နှစ်ကြိမ်လောက်ပေါင်းတင်ပေးဖို့ပါ။ မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားဖို့လည်း မမေ့ပါနဲ့။ မျက်နှာပေါ်ကဆဲလ်သေတွကို ဖယ်ရှားတာက မျက်နှာအသားအရေကို အာဟာရဓာတ်စုပ်ယူနိုင်စွမ်းမြင့်တက်စေပြီး ချွေးပေါက်တွေကိုလည်း ပွင့်စေနိုင်ပါတယ်။

ဆေးလိပ်သောက်သုံးတာနဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ နေထိုင်မှုပုံစံအချို့ကလည်း  ဆားဝက်ခြံတွေကိုဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်နေတယ်ဆိုရင် ဆေးလိပ်ဖြတ်ကြည့်လိုက်ပါ။ အသားအရေပိုကောင်းလာပါလိမ့်မယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေစားသုံးပေးခြင်းကလည်း အသားအရေကိုကောင်းမွန်အောင် အားဖြည့်ပေးပါလိမ့်မယ်။

ဆားဝက်ခြံဖယ်ရှားနိုင်မယ့် နည်းလမ်း ၃ ခု

တော်တော်များများကတော့ ဆားဝက်ခြံကို မညှစ်ထုတ်ရဘူးဆိုတဲ့အချက်ကို လက်သင့်ခံထားကြပါတယ်။ ဘက်တီးရီးယားတွေ ဝင်ရောက်နိုင်တာကြောင့်ပါ။ ဆားဝက်ခြံတွေကို ညှစ်ထုတ်လိုက်လို့ အနာထဲကိုဘက်တီးရီးယားတွေဝင်သွားမယ်ဆိုရင် မျက်နှာမှာ အမာရွတ်တွေဖြစ်ကျန်ခဲ့နိုင်ပါတယ်။

ဆားဝက်ခြံဖယ်ထုတ်တဲ့ ကိရိယာကိုအသုံးပြုပေးပါ – ဆားဝက်ခြံညှစ်တဲ့ကိရိယာက သတ္တုနဲ့လုပ်ထားပြီး အစွန်းတစ်ဖက်မှာ  ဆားဝက်ခြံကို ညှစ်ထုတ်လို့ရတဲ့ အပေါက်သေးသေးလေးပါတတ်ပါတယ်။ သတိပြုစရာတစ်ချက်ကတော့ ဆားကြ်ခြံကိုမညှစ်ထုတ်ခင်မှာ ဆားဝက်ခြံညှစ်ထုတ်ဖို့အသုံးပြုမယ့် ကိရိယာကို ပိုးသေစေဖို့အတွက် အရက်ပြန်သုတ်ပေးဖို့ပါ။ လက်ချောင်းတွေကို အသုံးမပြုတာကြောင့် ပိုးဝင်နိုင်ခြေ နည်းသွားပါလိမ့်မယ်။

ဆားဝက်ခြံ ကပ်ခွာသုံးပေးလို့ရပါတယ် – ဆားဝက်ခြံတွေက များသောအားဖြင့်တော့ မျက်နှာရဲ့ T-zone မှာအဖြစ်များပါတယ်။ ဆားဝက်ခြံ ကပ်ခွာကို ဆားဝက်ခြံဖြစ်တဲ့နေရာတွေမှာ မိနစ်အနည်းငယ်လောက်ကပ်ထားပေးပြီး ပြန်ခွာလိုက်ပါ ဆားဝက်ခြံတွေရော ချွေးပေါက်ထဲမှာ ပိတ်ဆို့နေတဲ့အရာတွေပါ ပါသွားပါလိမ့်မယ်။

တတ်သိနားလည်သူတွေနဲ့ ပြသပေးပါ – ဆားဝက်ခြံတွေကို ဖယ်ရှားချင်နေတယ်ဆိုရင်တော့ မျက်နှာအလှအပဆိုင်ရာတတ်သိနားလည် သူတွေနဲ့တိုင်ပင်ပြီး ဖယ်ရှားတာက အကောင်းဆုံးပါ။ အလှပြင်ဆိုင်တွေမှာ လွယ်လင့်တကူ လုပ်လိုက်တာတွေက ပိုးဝင်တာမျိုးဖြစ်တတ်တာကြောင့် ဖြစ်နိုင်ရင်တော့ အလှအပဆိုင်ရာ ဆေးခန်းတွေမှာ ပြသကြည့်ဖို့အကြံပြုချင်ပါတယ်။ အရေပြားဆိုင်ရာကျွမ်းကျင်တဲ့ဆရာဝန်တွေကသာ ဆားဝက်ခြံ သက်သာစေဖို့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ ဆေးတွေကို ညွှန်းပေးနိုင်မှာပါ။
ဆားဝက်ခြံ သက်သာစေဖို့ လုပ်ဆောင်သင့်တဲ့ အလေ့အထများ

ဆားဝက်ခြံတွေကို မဆိတ်ဆွပါနဲ့ – လက်ချောင်းတွေနဲ့ ဆားဝက်ခြံတွေကို ညှစ်ထုတ်တာက ချွေးပေါက်တွေကို ညစ်ပတ်တာတွေ နဲ့ ပိုးဝင်တာတွေဖြစ်စေနိုင်ပါတယ်။  ဆားဝက်ခြံတွေကို ဆိတ်ဆွတာက ပိုးဝင်ကူးစက်တာတွေကိုဖြစ်စေပြီး အရေပြားရောင်ရမ်းတာနဲ့ ဆားဝက်ခြံတွေကို ပိုဆိုးစေတာမျိုးတွေကိုဖြစ်စေနိုင်ပါတယ်။ အဆိုးဆုံးဖြစ်နိုင်တာတစ်ခုက မျက်နှာပေါ်မှာ အမာရွတ်တွေကျန်ခဲ့စေနိုင်တာပါ။

အပြင်းစား ဓာတုပစ္စည်းတွေပါဝင်နေတဲ့ ဆဲသေလ်ဖယ်ရှားတဲ့ အလှကုန်တွေမသုံးပါနဲ့ –  တုံ့ပြန်လွယ်တဲ့အသားအရေပိုင်ဆိုင်ထား မယ်ဆိုရင် အပြင်းစား ဆဲသေလ်သေဖယ်ရှားပေးတဲ့ အသားအရေသုံးအလှကုန်တွေက ဆားဝက်ခြံကို ပိုဆိုးစေနိုင်တာ နဲ့ အရေပြားကျိန်းစပ်တာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ လက်ရှိသုံးနေတဲ့ ဆဲလ်သေဖယ်ရှားတဲ့အသားအရေသုံး ပစ္စည်းကိုအသုံးပြုတာကြောင့် အသားအရေမှာနာကျင်တာမျိုး ခံစားရမယ်ဆိုရင် ဆက်မသုံးဖို့ အကြံပြုပါရစေ။ ဓာတုပစ္စည်းပါဝင်မှုနည်းပြီး သဘာဝပစ္စည်းတွေကိုအခြေခံထားတဲ့ ဆဲလ်သေဖယ်ရှားပေးတဲ့ အသားအရေသုံးပစ္စည်းကိုပြောင်းသုံးပေးပါ။

တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပေးပါ – မနက်ပိုင်းမှာတစ်ကြိမ် ညမအိပ်ခင်တစ်ကြိမ် အနည်းဆုံး ၂ ကြိမ်တော့ မျက်နှာကို သေသေချာချာသစ်ပေးပါ။ ပြီးရင်တော့ မျက်နှာမှာ ဆားဝက်ခြံဖြစ်တာသက်သာစေဖို့ အစိုဓာတ်ထိန်းခရင်မ်တစ်မျိုးမျိုးလူးပေးဖို့ မမေ့ပါနဲ့။ မျက်နှာပေါ်မှာ အဆီများရင်ဆားဝက်ခြံပိုဖြစ်နိုင်တာကြောင့် ဖြစ်နိုင်ရင်ရေကိုအခြေခံပြီးထုတ်ထားတဲ့ အစိုဓာတ်ထိန်းခရင်မ်ကိုပဲ အသုံးပြုပေးပါ။

ခေါင်းအုံးစွပ်ကို လျှော်ပေးပါ – ခေါင်းအုံးစွပ်မှာ အိပ်နေတဲ့အခါ မျက်နှာကနေ ထွက်လာတဲ့ အဆီတွေနဲ့ ဆဲလ်သေတွေက ခေါင်းအုံးစွပ်မှာ ကပ်ညှိနေနိုင်တာကြောင့် အနည်းဆုံး တစ်ပတ်တစ်ကြိမ်တော့ ခေါင်းအုံးစွပ်လဲပေးပါ။

မျက်နှာကို လက်နဲ့မထိပါနဲ့ – မျက်နှာပေါ်က ဆားဝက်ခြံတွေ၊ ဝက်ခြံတွေကို လက်နဲ့ထိတွေ့တာ၊ဆိတ်ဆွတာတွေက လက်က ဘက်တီးရီးယားတွေကို မျက်နှာပေါ်ကိုကူးစက်တာမျိုးတွေကိုဖြစ်ပေါ်စေပြီး ဝက်ခြံတွေကိုပိုမိုဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲမှာ လက်ကအညစ်ပတ်ဆုံး အစိတ်အပိုင်းတွေဖြစ်နေတတ်ပြီး ဆားဝက်ခြံတွေကို ဖြစ်စေရတဲ့အကြောင်းအရင်းတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ မျက်နှာကိုလက်နဲ့မကြာခဏထိတွေ့တာမျိုးကိုရှောင်ပါ။ မလိုအပ်ဘဲမျက်နှာကို လက်နဲ့မကိုင်ပါနဲ့။

ဒီနည်းလေးတွေအတိုင်း လိုက်လုပ်ကြည့်ရင်း စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အပြင် လှပမှုကိုပါထိခိုက်စေတဲ့ ဆားဝက်ခြံလေးတွေကို ဘိုင့်ဘိုင့်လို့နှုတ်ဆက်လိုက်ကြရအောင်ပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly