လသာ ၁၇ လမ်းနှင့် ၁၈ လမ်းကြားအမှိုက်ပုံတွင် မွေးကင်းစ ကလေးငယ်တစ်ဦး လာရောက်စွန့်ပစ်ထား

လသာ ၁၇ လမ်းနှင့် ၁၈ လမ်းကြားအမှိုက်ပုံတွင် မွေးကင်းစ ကလေးငယ်တစ်ဦး လာရောက်စွန့်ပစ်ထား
ဓာတ်ပုံ- Kyaw Kyaw Archive

 

ရန်ကုန်၊ ဒီဇင်ဘာလ ၁၂ ။                 ။ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ ၂ ရပ်ကွက်၊ ၁၇ လမ်းနှင့် ၁၈ လမ်းကြားရှိ အမှိုက်ပုံတွင် ချက်ကြိုးတန်း လန်းနှင့် ကလေးငယ်တစ်ဦးအား လာရောက်စွန့်ပစ်ထားကြောင်း လသာမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းဟန်က မဇ္စျိမသို့ ပြောသည်။

အဆိုပါ မွေးကင်းစမိန်းကလေးငယ်အား ဒီဇင်ဘာလ ၁၁ ရက်နေ့၊ ညနေ ၅ နာရီခန့်အချိန်တွင် အနီးပတ်ဝန်း ကျင်ရှိ အမျိုးသမီးတစ်ဦးက ကလေးငိုသံကြား၍ ၁၇ လမ်းနှင့် ၁၈ လမ်းကြားရှိ ရေဆိုးမြောင်းအနီး အမှိုက်ပုံ အတွင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ရပ်မိရပ်ဖများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူမှုအထောက်အကူပြုအဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှှင့် တာဝန်ရှိ သူများက ကလေးငယ်အား ရန်ကုန်ကလေးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကာ ဆေးဝါး ကုသမှုများပေးနေကြောင်း သိရသည်။

“ အဲ့နားက အမျိုးသမီးတစ်ဦးက အသံကြားတော့ နောက်ဖေးထွက်ကြည့်လိုက်တော့ ၁၇ လမ်းနဲ့ ၁၈ လမ်းကြား ထဲက အမှိုက်ပုံထဲမှာ ချက်ကြိုးတန်းလန်းလေးနဲ့ အဲ့ဒီကလေးလေးကို တွေ့တာပေါ့။ ဒါနဲ့ အဲ့ဒီမှာ ရှိတဲ့ ရပ်မိရပ်ဖ တွေရော၊ NLD က အဖွဲ့ဝင်တွေရော ကလေးဆေးရုံကို ပို့ပေးခဲ့တာပေါ့”ဟု ဦးကျော်မင်းဟန်က ပြောသည်။

အဆိုပါကလေးငယ်မှာ ပါးတွင် အနည်းငယ်ပွန်းသွားရုံမှ လွဲ၍ လက်ရှိတွင် ကျန်းမာရေးအခြေအနေ ကောင်းမွန် နေပြီဖြစ်ကြောင်း ကလေးငယ်အား ကူညီပေးခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူမှုအထောက်အကူ ပြုအဖွဲ့ အဖွဲ့ဝင် ဦးကျိုလိုင်းက မဇ္စျိမသို့ ပြောသည်။

“ ကလေးကိုတွေ့တော့ အညစ်အကြေးတွေ ဆေးပေးဖို့တောင် အချိန်မရဘူး။ ချက်ချင်းတွေ့တဲ့ ကားသမားတစ် ယောက်ကို အကူအညီတောင်းပြီး ကလေးဆေးရုံကို ပို့ပေးလိုက်တယ်။ ကလေးက ပါးမှာ နည်းနည်း ပွန်းသွား တာက လွဲရင် ကျန်းမာရေးကောင်းနေပါပြီ။ ကလေးက ချီလိုက်တာနဲ့ အငိုတိတ်သွားတယ်ဗျ”ဟု ဦးကျိုလိုင်းက ပြောသည်။

လက်ရှိတွင် အဆိုပါ ကလေးငယ်အား ရန်ကုန်ကလေးဆေးရုံတွင် ဆေးကုမှုပေးနေပြီး နောက်ပိုင်း တွင် စွန့်ပစ် ခံရသော ကလေးငယ်ဖြစ်သည့်အတွက် အစိုးရပိုင်းမှ တာဝန်ယူသွားမည့် အခြေအနေ ရှိကြောင်း တိုင်းဒေသ ကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းဟန်ပြောပြချက်အရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly