Myanmar Media 7 က ရိုက်ကူးသည့် မှော်ကျောက်စာ ရုပ်ရှင် ဇာတ်ကားကြီး စက်တင်ဘာတွင် ဆင်ဆာ တင်မည်

Myanmar Media 7 က ရိုက်ကူးသည့် မှော်ကျောက်စာ ရုပ်ရှင် ဇာတ်ကားကြီး စက်တင်ဘာတွင် ဆင်ဆာ တင်မည်

ရန်ကုန် ၊ သြဂုတ် ၂၀ ။        ။ Myanmar Media 7 က စီစဉ် ရိုက်ကူးသည့် မှော်ကျောက်စာ ရုပ်ရှင် ဇာတ်ကားကြီးကို စက်တင် ဘာလထဲတွင် ဆင်ဆာ တင်မည် ဖြစ်ပြီး ဆင်ဆာ ကျပါက ရုံတင်ရက် တန်းစီကာ ပြသရန် စီစဉ် သွားမည် ဖြစ်ကြောင်း Myanmar Media 7 မှ ကိုဝေမင်းမောင်က မဇ္ဈိမကို ပြောသည်။

မှော်ကျောက်စာ ရုပ်ရှင် ဇာတ်ကားကြီးသည် Myanmar Media 7 မှ ပထမဆုံး ရိုက်ကူး သည့် ရုပ်ရှင် ဇာတ်ကား ဖြစ်ပြီး မှော်ဖြစ်ရပ်မှန် ကို အခြေခံကာ ခေတ် နှစ်ခေတ် ကို ပုံဖော် ရိုက်ကူး ထားသည့် ရုပ်ရှင် ဇာတ်ကား ဖြစ် သည်။

Myanmar Media 7 မှ ကိုဝေမင်းမောင်က  "ဒီ ဇာတ်ကားက အကုန်ပြီးပြီ နေပြီ။ စက်တင်ဘာ လထဲမှာ ဆင်ဆာ တင်မယ်။ ဆင်ဆာ တင်ပြီးရင်တော့ ရုံတင် ပြသမှာပါ။ ပြီးရင် နောက်လကျရင် ဒုတိယ မြောက် ရုပ်ရှင် ဇာတ်ကားကြီး ရိုက်မယ်" ဟု ပြောသည်။

ယင်းဇာတ်ကားကို ဝတ္ထု ခူးခူး ၊ ဇာတ်ညွှန်း အင်ကြင်းဟန်နှင့် မြင့်ဦးဦးမြင့် တို့က ရေးသားထားပြီး  ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးပုံဖော်ပြီး သရုပ်ဆောင်များ အဖြစ် သူထူးစံ ၊ မြင့်မြတ် ၊ ထွန်းထွန်း ၊ ဖြိုးငွေစိုး ၊ ရွှေမှုံရတီ ၊ မေမြင့်မိုရ် တို့ ပါဝင်ထားကြသည်။ အဆိုပါ ဇာတ်ကား တွင် ပါဝင်ကြသည့် သရုပ်ဆောင်များ အားလုံးသည် အနုပညာကြေး မယူပဲ အခမဲ့ ဝင်ရောက် ရိုက်ကူး ကြခြင်း ဖြစ်သည်။

မှော်ကျောက်စာ ရုပ်ရှင် ဇာတ်ကားတွင် ဝစ္စေရ ဘုရင် အဖြစ် သူထူးစံ က သရုပ်ဆောင်ပြီး၊ ဝစ္စေရ ဘုရင်၏ ညီတော် အဖြစ် မြင့်မြတ် ၊ ဝစ္စေရဘုရင် လူယုံတော် စစ်သူကြီး အဖြစ် ထွန်းထွန်း ၊ မှော်ဆရာ အဖြစ် ဖြိုးငွေစိုး ၊ မှော်ဆရာမအဖြစ် ရွှေမှုံရတီ ၊ စက္ကဝ ဘုရင်ကြီး၏ သမီးတော် အဖြစ် မေမြင့်မိုရ် က သရုပ်ဆောင် ထားသည်။ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ကျောင်းလာတက်သူ နှစ်ဦး အဖြစ် ထိုင်း သရုပ်ဆောင် နှစ်ဦး ဖြစ်သည့် လွန်းနှင့်မေ တို့က ပါဝင် ထားသည်။

မှော်ကျောက်စာ ရုပ်ရှင် ဇာတ်ကား၏ အသံ ၊ ကာလာ ၊ 3D Annimation အပိုင်းကို ထိုင်းနိုင်ငံရှိ Kantana JK ကုမ္ပဏီတွင် သွားရောက် လုပ်ဆောင် ထားသည်။

မှော်ကျောက်စာ ရုပ်ရှင် ဇာတ်ကားကိုရန်ကုန်မြို့ရှိ အင်းယားကန်ဘောင်၊ ရန်ကုန်တက္ကသိုလ်နယ်မြေ၊ သာကေတမြို့နယ် နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့တွင် ဇာတ်ဝင်ခန်း အချို့ရိုက်ကူး ခဲ့သည်။ခေတ်ဟောင်း ကာလ ဇာတ်ဝင်ခန်းများကို တောင်ငူ ဆင်စခန်းတွင် ဆင်အကောင်ရေ (၆၆) ကောင် ဖြင့် ရိုက်ကူး ထားသည်။

Myanmar Media 7 မှ ဒုတိယ အကြိမ်မြောက် ရိုက်ကူးမည့် " ဝိညာဉ်စိမ်း " ရုပ်ရှင် ဇာတ်ကားကို စက်တင်ဘာ ၁၀ရက်တွင် ပုပ္ပါး၌ သွားရောက် ရိုက်ကူးမည် ဖြစ်ပြီး ဒါရိုက်တာ ဝင်းထွန်းထွန်း မှ ရိုက်ကူး ပုံဖော်မည် ဖြစ်ကာ သရုပ်ဆောင်များ အဖြစ် ကျော်သူ ၊ ရန်အောင် ၊ မင်းမော်ကွန်း ၊ ကျော်ကျော်ဗို မြင့်မြတ် ၊ ဟိန်းဝေယံ ၊ စိုးမြတ်သူဇာ ၊ ဇော်ဦး ၊ မေတ္တာ ၊ ဇော်ဝင်းနိုင် ၊ ဂွမ်းပုံကြီး ၊ Kညီ တို့ဖြင့် ရိုက်ကူးမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required