ဘင်္ဂလားဒေ့ရှ်က ရွှေ့ပြောင်းဝင်ရောက်သူတစ်ဦး နယူးယောက်ရှိ ကားမှတ်တိုင်တွင် အကြမ်းဖက်ဗုံးခွဲမှု ဖြစ်ပွား

ဘင်္ဂလားဒေ့ရှ်က ရွှေ့ပြောင်းဝင်ရောက်သူတစ်ဦး နယူးယောက်ရှိ ကားမှတ်တိုင်တွင် အကြမ်းဖက်ဗုံးခွဲမှု ဖြစ်ပွား

နယူးယောက်၊ ဒီဇင်ဘာ ၁၂ ။          ။ အမေရိကန်နိုင်ငံ နယူးယောက်ရှိ အဓိကဘတ်စ်ကားမှတ်တိုင်ကို ပစ်မှတ်ထားကာ အစွန်းရောက်တိုက်ခိုက်မှုတစ်ရက် ဒီဇင်ဘာ ၁၁ ရက်က ဖြစ်ပွားသည်။

အဆိုပါ အကြမ်းဖက် ဗုံးခွဲမှုတွင် အသေခံဗုံးခွဲရန် ကြံစည်ပုံရသည့် အစွန်းရောက်သမား အပါအဝင် လူလေးဦး ဒဏ်ရာရကြောင်း တာဝန်ရှိသူများက ပြောသည်။

"အစွန်းရောက် တိုက်ခိုက်မှု ကျုးလွန်တဲ့ ဖြစ်ရပ်ပါ။"ဟု နယူးယောက်မြို့တော်ဝန် ဘီလ်ဘလာစီယိုက ပြောပြီး "ကျုးလွန်ဖို့ ကြံစည်သူဟာ သူရည်မှန်းသလို မတိုက်ခိုက်လိုက်နိုင်တာက ဘုရားသခင် ကျေးဇူးပါပဲ။"ဟု ဆိုသည်။

အစွန်းရောက် တိုက်ခိုက်သူသည် အသက် ၂၇ နှစ်ရှိ အကာယတ်အူလက်ရှ်ဆိုသူ ဘင်္ဂလားဒေ့ရှ်မှ ရောက်ရှိလာသည့် ရွှေ့ပြောင်းဝင်ရောက်သူ တစ်ဦးဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

၎င်း၏ ကိုယ်ခန္ဓာတွင် လက်ဖြစ်ပိုက်ဗုံးကို တွဲချည်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အူလက်ရှ်သည် အဆိုပါ ကားမှတ်တိုင်၌ နံနက် ခုနစ်နာရီခွဲခန့်တွင် နည်းပညာနိမ့် လက်ဖြစ်ဗုံးကို ဖောက်ခွဲခြင်းဖြစ်ကာ ၎င်းက အပြင်းအထန် ဒဏ်ရာရပြီး အခြားသူသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နယူးယောက်အုပ်ချုပ်ရေးမှူး အင်ဒရူးကောမိုက သတင်းစာရှင်းလင်းသည်။

အူလက်ရှ်သည် ယခုတိုက်ခိုက်မှုကို အိုင်အက်စ်တို့အတွက် ကျုးလွန်ခြင်း ဖြစ်ပုံရှိသည်ဟုလည်း ၎င်းက ဆိုသည်။

အင်တာနက်မှတစ်ဆင့် ဗုံးလုပ်နည်းများ လမ်းညွှန်အတိုင်း အူလက်ရှ်က ယခုလက်ဖြစ်ဗုံးကို လုပ်ခဲ့ပုံရှိပြီး ဗုံးမှာချို့ယွင်းချွတ်ချော်မှု ရှိခဲ့သည့် လက်ဖြစ်ဗုံးပဲ ဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူများက ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly