ကျောက်ကပ်ပျက်စီးစေသော အစားအစာများ(အပိုင်း၃)

ကျောက်ကပ်ပျက်စီးစေသော အစားအစာများ(အပိုင်း၃)

 

 

မေး။   ။ ကျောက်ကပ်မှာကျောက်တည်တာကဘာကြောင့်လဲ ။

ဖြေ။    ။ ကျောက်ကပ်မှာကျောက်တည်တာကလည်းပြောရတာတော်တော်ခက်ပါတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ကအချို့ အရပ်ဒေသတွေမှာကျောက်ဖြစ်တဲ့နှုန်းပိုများတယ်။ အဓိကဘာလဲဆိုရင်တော့ ရေထဲမှာပါတဲ့ ထုံးဓာတ်ပေ့ါနော်။ အဲဒါကြောင့်မို့ ရေကလည်းရေနွေးကြမ်းခွက်လိုဟာမျိုးထဲမှာထားလိုက်မယ်ဆိုရင် ခဏနေရင် ချိုးကပ်သွားတယ်ပေါ့။ အဲဒါမျိုးဆိုရင်တော့ ဒီရေကိုကျိုသောက်သင့်တယ်။ စစ်ပြီးတော့ သောက်သင့်တယ်ပေါ့နော်။ ထုံးဓာတ်တွေကနည်းနည်းနဲ့ ကြာလာတဲ့အခါမှာကျောက်တည်နိုင်တယ်ပေါ့နော်။ ထုံးဓာတ်ကတော့ အဓိကကျတဲ့ ပြဿနာတစ်ခုပါ။ နောက်တစ်ခုကတော့ ကျောက်ကပ်လမ်းကြောင်းမှာအနာဖြစ်တယ် ဆီးပိုးတွေဝင်တယ် အဲဒီကနေမှ အနာတွေ ဖြစ်လာပြီးရင်လည်းဒဏ်ဖြစ်သွားတဲ့နေရာမှာလည်းသူက ဖြစ်လာနိုင်တယ်ပေါ့နော်။ သူကတော့ သဘောတရားကဆီးလမ်းကြောင်းကသူ့ဟာသူချောချောမွေ့မွေ့လေးသွားနေရာကနေပြီးတော့ တစ်နေရာမှာအနှောင့်အယှက် ဖြစ်လာလို့ရှိရင်လည်းဆီးကအနယ်ထိုင်သွားတာမျိုး ဖြစ်တာပေါ့နော်။ သို့သော်လည်းတချို့လူတွေကတော့ ပိုပြီးကျောက်တည်တတ်တဲ့ သဘောသဘာဝကတော့ ရှိတော့ရှိကြတယ် အစားအသောက် အနေအထိုင် ခုနကပြောတဲ့ ကွမ်းပေါ့ အဲဒါလေးတွေကိုသတိထားသင့်တယ်ပေါ့။

မေး။   ။ ကျောက်ကပ်ပြန်ကောင်းလာအောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ နည်းလမ်းလေးသိချင်ပါတယ် ။

ဖြေ။    ။ ဘယ်လောက်ထိပျက်နေတယ်ဆိုတဲ့အပေါ်မှာမူတည်တာပေါ့နော်။ အဲဒီတော့ ကျွန်တော်တို့ကလုံးဝပျက်သွားတာမဟုတ်ဘဲရုတ်တရက် ကျောက်ကပ်ပျက်သွားတယ်ဆိုရင်တော့ သူကအဲဒါဆိုရင် ကျောက်ကပ်ကပျက်သွားတာမဟုတ်ပဲခဏပဲအလုပ်မလုပ်တာပေါ့။ သူ့ကိုအနားပေးလိုက်ပြီးတော့မှ သူက ပြန်ပြီးတော့ အခြေအနေပေးလာပြီးတော့ ပြန်အလုပ်လုပ်လာပြီဆိုရင် ပြန်ကောင်းသွားတာပေါ့။ ဒါကတော့ တစ်ပိုင်းပေါ့။ တကယ် ကျောက်ကပ်က နှစ်ဖက်စလုံးပျက်ဆီးသွားတယ်ပေါ့ တစ်လုံးတည်းပျက်ရင်တော့ ဘာမှ ပြဿနာမရှိဘူး။ ဒါကြောင့်မို့လည်းလူတွေကကျောက်ကပ်ကိုပေးလို့ရတာပေါ့။ တစ်လုံးကိုသူများပေးလိုက်ပြီေးတာ့ တစ်လုံးတည်းနဲ့ နေလို့ရတယ်ပေါ့။ ဆိုတော့ နှစ်လုံးစလုံးပျက်လာပြီဆိုရင်တော့ ပြန်ကောင်းအောင်လုပ်ဖို့ နည်းလမ်းကတော့ မရှိသေးဘူးပေါ့နော်။ အခုကကျောက်ကပ်ဆေးတယ် အဲဒီနေရာမှာ ကျွန်တော်တို့ကစက်နဲ့ဆေးတာရှိတယ်၊ ဗိုက်ကိုဖောက်ပြီးတော့ ဆေးတာရှိတယ်။ နောက်တစ်ခုကကျောက်ကပ် အစားထိုးလဲလှယ်တာပေါ့။ အခုလောလောဆယ်တော့ ဒီနည်းလမ်းသုံးမျိုးပဲရှိတယ်ပေါ့။

မေး။   ။ ဘယ်လိုလူနာတွေကကျောက်ကပ်အစားထိုးဖို့ လိုတာလဲခင်ဗျာ။

ဖြေ။    ။ ကျွန်တော်တို့ကတကယ်တမ်းပြောရင် နာတာရှည် ကျောက်ကပ် ပျက်ဆီးသွားပြီဘယ်လိုမှ ပြန်မကောင်းနိုင်တော့ဘူးဆိုတဲ့အချိန်မှာခုနက ကျွန်တော်ပြောတဲ့ နည်းလမ်းသုံးခုဟာတစ်ခုပြီးမှ တစ်ခုလုပ်ရမယ်လို့ မဟုတ်ဘူးဒီနည်းလမ်းသုံးခုထဲကဘယ်နည်းလမ်းကကိုယ်နဲ့ သင့်တော်လဲဘယ်နည်းလမ်းကကိုယ်နဲ့ အဆင်ပြေနိုင်သလဲပေါ့။ ဒါပေမယ့် အားလုံးကလက်ခံထားတာကတော့ ကျောက်ကပ်အစားထိုးလဲလှယ်ခြင်းဟာတော့ ဒီသုံးခုထဲမှာအကောင်းဆုံးနည်းလမ်းလို့တော့ ယူဆလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူကကျောက်ကပ်ကိုဆေးတယ်ဆိုတာကတော့ တစ်ပက်ကိုသုံးခါမကလို့ လေးခါပဲဆေးဆေးသူ့ဘက်ကလုပ်ပေးနိုင်တဲ့အလုပ်ကအညစ်အကြေးတွေထုတ်တာရယ် ရေထုတ်ပေးတာရယ် ဒါပဲသူကလုပ်ပေးတယ်။ ကျောက်ကပ်မှာတခြားလုပ်ငန်းတွေ အများကြီးရှိသေးတယ်။ ကျန်တဲ့လုပ်ငန်းတွေမှာကသူကနေထုတ်တဲ့ ဟော်မုန်းတွေရှိတယ်။ သူကနေထုတ်တဲ့ သွေးနီဥတွေခေါ်တဲ့ သွေးနီဥအတွက်ကိုအရေးကြီးတဲ့ ဓာတ်တစ်မျိုးကိုလည်းထုတ်သေးတယ်။ တခြား ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဓာတ်တွေရယ် အရိုးအဆစ်တွေမာဖို့ အရိုးအဆစ်တွေ သန်မာဖို့ဆိုတဲ့ အပိုင်းမှာရှိတဲ့ဟာတွေကိုလည်းကျောက်ကပ်ကထိန်းပေးတယ်။ အဲဒီအပိုင်းတွေကိုကျတော့ ကျွန်တော်တို့ကကျောက်ကပ်ဆေးရုံနဲ့ လုပ်ပေးလို့မရဘူး။ ကျောက်ကပ် အစားထိုးလဲလှယ်တယ်ဆိုတာအသစ်တစ်ခုထည့်ပေးလိုက်တာပဲ။ အဲဒီတော့ ကျွန်တော်တို့ လွယ်လွယ်ပြောရင်တော့ အသစ်က ပြန်စလိုက်တာပေါ့။ အဲဒီအတွက်ကြောင့်မိုလို့ သူကတော့ အားလုံး ပြီးပြည့်စုံတဲ့ အောင်မြင်တဲ့ လဲလှယ်မှုသာရမယ်ဆိုရင် ပြီးပြည့်စုံတဲ့ ကျောက်ကပ်လုပ်ငန်းကိုသူက ပြန်ပြီးတော့ လုပ်တဲ့သဘောရှိပါတယ်။

မေး။   ။ လဲလှယ်တယ်ဆိုတာကအလှူရှင် ရှိရဦးမှာပေါ့နော်။

ဖြေ။    ။ ဟုတ်ပါတယ် ကျွန်တော်တို့ကလဲလှယ်တယ်ဆိုတဲ့နေရာမှာတကယ်တော့ လဲတယ်လဲတယ်လို့ ပြောနေတာအမှန်ကတော့ လဲတာမဟုတ်ဘူး။ ထပ်ထည့်လိုက်တာပေါ့။ သုံးလုံး ဖြစ်သွားတယ်ပေါ့။ အများစုကပေါ့။ ကျွန်တော်တို့က ပြန်မထုတ်ဘူး။ နောက်တစ်နေရာမှာထပ်ထည့်လိုက်တာပေါ့။ ဒါပေမယ့် ထုတ်ရတဲ့ အကြောင်းတွေလည်းရှိတယ်ပေ့ါ။ လူ ၁၀၀ မှာ ၁၀ ယောက်လောက်ကိုတော့ အကြောင်းကြောင်းကြောင့် ထုတ်လိုက်ရတယ်ပေါ့။ ဒါပေမယ့် ကျန်တဲ့ အယောက် ၉၀ လောက်ကထုတ်စရာမလိုဘူးအသစ်တစ်ခုထပ်ထည့်ပေးလိုက်တယ်။ အဲဒီတော့ တချို့က သုံလုံးဖြစ်သွားတယ်။ အဲဒီတော့ ကျွန်တော်တို့ကအစားထိုးထည့်တယ်ဆိုတဲ့နေရာမှာလည်းအလှူရှင်ပေါ့။ နောက်တစ်ခုကသေတဲ့လူဆီကလည်းယူတာရှိတယ်။ အနောက်နိုင်ငံတော်တော်များများမှာတော့ လုပ်တယ်ပေါ့။ ကျွန်တော်တို့ မြန်မာပြည်မှာက ကျွန်တော်တို့ လုပ်နေတယ်ဆိုတာကရှင်နေတဲ့လူဆီကပဲယူတယ်။ နောက်တစ်ခုကဆွေမျိုးအရင်းတွေဆီကပဲယူတယ်။ ဒါကတော့ သတ်မှတ်ထားတဲ့ ဥပဒေအကြောင်းအရာရပေါ့။ အဲဒီတော့ ပေးတယ်ဆိုရင်လည်း ကျွန်တော်တို့ကလိုအပ်တာတွေကိုစမ်းသပ်စစ်ဆေးရတယ်။ ပေးတဲ့သူနဲ့ လက်ခံမယ့်သူကအဆင်ပြေရဲ့လားဆိုတာသွေးတွေ စစ်ရတယ် ဆီးတွေစစ်ရတယ်။ တခြားဟာတွေလည်းအများကြီးလုပ်ရပါတယ်။ လုပ်ပြီးတော့မှ အဆင်ပြေနိုင်ပြီဆိုတော့မှပဲလက်ခံတာပေ့ါ။

မေး။   ။ ကျွန်တော်တို့နိုင်ငံမှာရောဘယ်လောက်ထိအောင်မြင်မှုရနေပြီလဲ။

ဖြေ။    ။ အောင်မြင်ပါတယ်။ ကျွန်တော်တို့အဖွဲ့ကနေပြီးတော့ 1995 ခုနှစ်မှာ မြန်မာပြည်မှာပထမဆုံးအောင်အောင်မြင်မြင်နဲ့ လူနာ ၅ ယောက်ကို ကျွန်တော်တို့ လုပ်ခဲ့ပါတယ်။ ၅ ယောက်မှာလေးယောက်ကအောင်မြင်တယ်။ ၁ ယောက်ကတော့ ပြန်ထုတ်လိုက်ရတယ်။ အဲဒီလေးယောက်ထဲကတစ်ယောက်ကအခုထိအသက်ရှင်နေသေးတယ်။ ဆိုတော့ သူက ၂၂ နှစ်ရှိပြီ။ ကျောက်ကပ်လဲထားတာပေါ့။

မေး။   ။ ကျွန်တော်တို့ဆီမှာကျောက်ကပ်လဲတဲ့ အရေအတွက် စုစုပေါင်းကဘယ်လောက်လောက် ရှိမလဲဆရာ။

ဖြေ။    ။ စုစုပေါင်းကအခုဆိုရင် ၃၀၀ ကျော်လောက် ရှိပါလိမ့်မယ်။ တစ်ပြည်လုံးအတိုင်းအတာနဲ့ပေါ့။ အများဆုံးလုပ်နေတာကတော့ မင်္ဂလာဒုံစစ်ဆေးရုံမှာလုပ်ပါတယ်။ ရန်ကုန် ကုတင် ၅၀၀ ဆေးရုံပေါ့။ နောက် မန္တလေး ပြည်သူ့ဆေးရုံမှာလုပ်ပါတယ်။ အဲဒီသုံးခုမှာတော့ အများဆုံးလက်တွေ့လည်းလုပ်နေတယ်။ ပုံမှန်လည်းလုပ်နေတဲ့ နေရာတွေပေါ့။ တခြားမှာလုပ်တာတွေတော့လည်းရှိပါတယ်။

မေး။   ။ ဘယ်လောက်လောက် အချိန်ယူရမလဲခင်ဗျ။ Operation ဝင်တာရောပေါ့။

ဖြေ။    ။ Operation ဝင်တာကမကြာဘူးခင်ဗျ။ တကယ်တမ်းခွဲတာစိတ်တာကတော့ လုပ်နေကြ ကျွမ်းကျင်ပြီးသားဆရာတွေဆိုလို့ရှိရင် ၁ နာရီခွဲ ၂ နာရီမကြာပါဘူး။ ပြဿနာမရှိဘူးဆိုရင်တော့ တစ်နာရီတစ်နာရီခွဲလောက်နဲ့ ပြီးပါတယ်။ ခွဲတာကတော့ မြန်ပါတယ်။ ပြင်ဆင်ရတဲ့အပိုင်းတွေကတော့ ကြာတယ်။ ခုနက ကျွန်တော်ပြောသလိုပေါ့ လက်သင့်ခံနိုင်လားမခံနိုင်ဘူးလားဒါကိုစမ်းသပ်စစ်ဆေးရတဲ့ တချို့ဟာတွေက ပြည်တွင်းမှာစစ်လို့ရတာရှိသလိုတချို့ဟာတွေကအခုချိန်ထိတော့ နိုင်ငံခြားကိုပို့ပြီးတော့ စစ်ရတာတွေလည်းရှိပါတယ်။

မေး။   ။ဘယ်လိုအခြေအနေမျိုးမှာကျောက်ကပ် လဲလှယ်လိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကဘယ်လိုအခြေအနေမျိုးမှာလဲလှယ်လို့ မရဘူးလဲခင်ဗျ။

ဖြေ။    ။ ဟုတ်ပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ကကန့်သတ်ချက်တွေပေါ့ ကျွန်တော်တို့ကမလဲသင့်ဘူးလို့ ဆိုတာတွေပေါ့ အဓိကကန့်သတ်ချက်ကတော့ သိပ်အများကြီးမရှိဘူး။ အခုကတော့ ကျွန်တော်တို့ကလက်ရှိလဲမယ့်အချိန်မှာ ကျွန်တော်တို့ကရောဂါပိုးတစ်ခုခုလတ်တလောဝင်နေတာမဖြစ်ရဘူး။ ပိုးတစ်ခုဝင်နေတယ် အဲဒီပိုးကလည်းမပျောက်သေးဘူးပေါ့ ပျောက်သွားပြီးရင်တော့ ကျွန်တော်တို့ကလုပ်လို့ရတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ကလဲပြီးလို့ရှိရင် ကိုယ်ခံအားကျတဲ့ဆေးတွေ သုံးတော့မှာ ဖြစ်တဲ့အခါကျတော့ အဲဒီဆေးတွေကကိုယ်ခံအားကိုကျစေတဲ့အတွက်ကြောင့်မိုလို့ တကယ်လို့သာကိုယ်ထဲမှာရောဂါပိုးတစ်ခုခုရှိနေပြီဆိုရင် ဒီရောဂါပိုးကထကြွသွားပြီးအသက်ပါ ဆုံးပါးသွားနိုင်တယ်ပေါ့နော်။ တကယ်လို့ သူကလွန်ခဲ့တဲ့ ၅ နှစ်ကရင်သားကင်ဆာ ဖြစ်တယ်ပေါ့ ခွဲပြီးပြီပေါ့ ပြန်လည်းမဖြစ်တော့ဘူးပေါ့ ပြန်စမ်းသပ်ကြည့်တဲ့အခါမှာလည်းဘာမှမဖြစ်ဘူးဆိုရင်တော့ ကျွန်တော်တို့ လုပ်ပါတယ်။ ဒါပေမယ့် လက်ရှိဖြစ်နေရင်တော့ ကျွန်တော်တို့ မလုပ်ဖူးပေါ့။ နောက်တစ်ချက်ကဘာလဲဆိုရင် စိတ်မမှန်တဲ့လူတွေပေါ့ အဲဒီလိုလူမျိုးတွေကိုလည်းမလုပ်ဘူး။ ဒါကတော့ အဓိကဘာလဲဆိုတော့ ဆေးတွေသောက်ရမယ် စစ်ရမယ် ဒါတွေကိုသူကမလုပ်နိုင်ဘူးလုပ်မှာလည်းမဟုတ်ဘူးဆိုရင်တော့ ကျွန်တော်တို့ကလုပ်လို့ အဆင်မပြေနိုင်ဘူးပေါ့။ အဓိကကတော့ ဒီလောက်ပါပဲ။ အသက်အရွယ်ကတော့ ပုံမှန်အားဖြင့်တော့ နိုင်ငံတော်တော်များများရဲ့ စင်တာတွေကတော့ ရ၀ ကျော်သွားရင်တော့ မလုပ်ကြတော့ပါဘူး။ တချို့တွေကတော့ ၆၅ ကျော်သွားရင် မလုပ်တော့ပါဘူး။ ကျွန်တော်တို့ကတော့ ၆၅ နှစ်လောက်ထိလုပ်ဖူးတယ်။   ။

ကျောက်ကပ်ပျက်စီးစေသော အစားအစာများ (အပိုင်း ၁)ကို အောက်ပါလင့်တွင် ကြည့်ရှုနိုင်ပါသည် - http://mizzimaburmese.com/article/34707

ကျောက်ကပ်ပျက်စီးစေသော အစားအစာများ (အပိုင်း ၂ )ကို အောက်ပါလင့်တွင် ကြည့်ရှုနိုင်ပါသည် -http://mizzimaburmese.com/article/35111

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required