ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးပွဲများ ကုန်ကျငွေကို တိုင်းအစိုးရရန်ပုံငွေမှ သုံးစွဲမည်

ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးပွဲများ ကုန်ကျငွေကို တိုင်းအစိုးရရန်ပုံငွေမှ သုံးစွဲမည်
မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊အမရဋ္ဌာနအရှေ့၊အကွက်(၁၉/က/ခ)ရပ်ကွက် ဒီဇင်ဘာလ ၁၁ ရက်၊မွန်လွဲ ၃ နာရီက ရာအိမ်မှူး ရွေးချယ်နေကြစဉ်။ (ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး၊ ဒီဇင်ဘာ ၁၁ ။             ။ မန္တလေးတိုင်းဒေသကြီးအတွင်း ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးပွဲများကျင်းပလျှက်ရှိရာ ကုန်ကျငွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့အထွေထွေပိုလျှံ ရန်ပုံငွေမှ သုံးစွဲသွားမည်ဟု လုံခြံုရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းက ဒီဇင်ဘာလ ၁၁ ရက်၊နံနက် ၁၀ နာရီက ကျင်းပသည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး(ပဥ္စမနေ့)တွင် ပြောကြားခဲ့သည်။

အမရပူရမြို့နယ်၊မဲဆန္ဒနယ် အမှတ်(၂)မှ ဦးမြင့်ဆွေမေးမြန်းသည့် ၂၀၁၇ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပနေသည့် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ပွဲအတွက် ကုန်ကျစရိတ်များ မည့်သည့်ခေါင်းစဉ် ဘတ်ဂျက်မှ ကျခံသုံးစွဲသွားမည်သိရှိလို ခြင်းနှင့်ပတ်သက်၍ မေးမြန်းခဲ့ခြင်းကို နယ်လုံ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

အမရပူရမြို့နယ်၊မဲဆန္ဒနယ် အမှတ်(၂)မှ ဦးမြင့်ဆွေက "အဆင့်ဆင့်ရွေးချယ်ရတဲ့အတွက် ကုန်ကျစရိတ်တွေ ရှိပါတယ်။တစ်ချို့ရပ်ကွက်တွေ၊ကျေးရွာတွေက ဘတ်ဂျက်မရှိတော့ အလှူခံရမလိုဖြစ်နေတယ်။ အလှူရှင်တွေ အနေနဲ့က ရိုးရိုး လှူဒါန်းသူရှိပေမယ့်။အကျိုးမျှော်ပြီး လှူဒါန်းမှုတွေပါလာရင် အဂတိလိုက်စားမှုတွေ ဖြစ်လာနိုင်ပါတယ်။ဒါကြောင့် ဒီမေးခွန်းကို လွှတ်တော်မှာ မေးမြန်းရခြင်းဖြစ်ပါတယ်။"ဟုပြောသည်။

ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူ းရွေးချယ်ပွဲများကို ဒီဇင်ဘာလအတွင်းအပြီး လုပ်ဆောင်သွားရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားပြီး ဖြစ်ကြောင်း နယ်လုံ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ဆိုသည်။

"ဒီဇင်ဘာလအတွင်းမှာ အပြီးရွေးချယ်ဖို့ အတည်ပြုဆုံးဖြတ်ပြီးတော့ လုပ်ထုံး၊လုပ်နည်းနဲ့အညီ စီမံခန့်ခွဲလျှက်ရှိပါတယ်။"ဟု ဗိုလ်မှူးကြီး ကျော်ကျော်မင်းကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly