၃ ပတ်အတွင်း မိုင်း ၁၃ လုံးကို တွေ့ရှိခဲ့ပြီးနောက် ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းမ လုံခြုံရေး တင်းကျပ်

၃ ပတ်အတွင်း မိုင်း ၁၃ လုံးကို တွေ့ရှိခဲ့ပြီးနောက် ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းမ လုံခြုံရေး တင်းကျပ်
ဓာတ်ပုံ - RiA

 

စစ်တွေ၊ ဒီဇင်ဘာ ၁၁ ရက်။                  ။ ရက်သတ္တပတ် ၃ ပတ်အတွင်း လက်လုပ်မိုင်း ၁၃ လုံးကို တွေ့ရှိခဲ့သည့် ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းမ၏ လုံခြုံရေးကို ဒေသအာဏာပိုင်များမှ တင်းကျပ်လိုက်ပြီ ဖြစ်သည်ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့က ပြောသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့မှ ဒီဇင်ဘာလ ၈ ရက်နေ့ထိ အဆိုပါ အဝေးပြေးလမ်းမပေါ်တွင် မိုင်း ရ လုံး ပေါက်ကွဲ ခဲ့ပြီး မပေါက်ကွဲသေးသည့် မိုင်း ၆ လုံးကို နယ်မြေခံ လုံခြုံရေးအဖွဲ့များမှ တွေ့ရှိ ရှင်းလင်းနိုင်ခဲ့သည်။

“ မိုင်းကွဲတယ်။ မိုင်းတွေ့တယ်။ အမှုကတော့ စုံစမ်းဆဲပေါ့။ မိုင်းစပြီး ပေါက်ကွဲကတည်းက ဖားပျော် တံတား ပေါက်ကွဲ ကတည်းက လမ်းမကြီးတွေမှစပြီး လုံခြံုရေးချထားတာပေါ့နော်။ တွေ့တာတွေက များကြီးဆိုတော့။” ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ပြည်နယ်ရဲတပ်ဖွဲ့ရုံး ပထမတန်းဦးစီးအရာရှိ (ခေတ္တ)၊ ဒုရဲမှူးကြီးရွှေသန်းက ပြောသည်။

အဆိုပါ အဝေးပြေးလမ်းမ မိုင်းထောင်မှုဖြစ်စဉ်များ၏ လက်သည်တရားခံအဖြစ် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် AA တွင် တာဝန်ရှိသည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီဇင်ဘာလ ရ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

သို့ရာတွင် ထို မိုင်းတပ်ဆင်မှုများနှင့် ဆက်စပ်၍ ဖမ်းဆီးအရေးယူမှုများ မပြုလုပ်နိုင်သေးဘဲ စုံစမ်းစစ်ဆေးမှု အဆင့်တွင်သာ ရှိသည်ဟု ပြည်နယ်ရဲတပ်ဖွဲ့က ဆိုသည်။

“ တပ်ရယ်။ ရဲတပ်ဖွဲ့ရယ် ပူးပေါင်းပြီးတော့ လုံခြံုရေးဆောင်ရွက်တယ်ပေါ့။ ဒါ့အပြင် အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းတွေ ပေါ့။ လုံခြံုရေးဆောင်ရွက်ရာမှာတော့ ၂၄ နာရီလုံးလုပ်တယ်။” ဟု ဒုရဲမှူးကြီးရွှေသန်းက ပြောသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ပြည်တွင်းမီဒီယာများနှင့် ပြည်ပအသံလွှင့်ဌာနများမှ တဆင့် အဆိုပါ မိုင်းပေါက်ကွဲ မှုများ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မိမိတို့က ကျူးလွန်ခဲ့ခြင်း လုံးဝမဟုတ်ကြောင်း AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက တုံ့ပြန်ဖြေကြားခဲ့သည်။

ယခုလို ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းမတွင် မိုင်းထောင်တပ်ဆင်မှုများရှိလာခြင်းက ရခိုင်ပြည်နယ်တွင်း မြို့နယ်များ၏ လုံခြုံရေးကိုပါ စိတ်မချဖြစ်လာရသဖြင့် ဒေသခံများ၏ စိုးရိမ်မှုကို လျော့ချနိုင်ရန်နှင့် နယ်မြေလုံခြုံရေးကို ထိန်းချူပ်နိုင်ရန် ဒေသအာဏာပိုင်များက လုံခြုံရေး တင်းကျပ်လာခြင်းလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required